အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသဘုန်းကြီးများနှင့် တပ်ထောက်ခံသူများတောင်းဆို

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးမှ နုတ်ထွက်ရန်နှင့် ထိုရာထူးကို ဒုတပ်ချုပ်ထံ အပ်ရန် မဘသဘုန်းကြီးများက ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် တောင်းဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်ရန်နှင့် ထိုရာထူးကို ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းထံ အပ်ရန် မဘသဘုန်းတော်ကြီးများ၊ စစ်တပ်ဘက်တော်သားများက ဇန်နဝါရီ ၁၆ ရက်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့၌ ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် တောင်းဆိုလိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ အရေးပါသည့် မြို့များကို သိမ်းပိုက်ထားသည့် ကိုးကန့် (MNDAA) စစ်သားတစ်ဦးက စေတီတစ်ဆူကို တူဖြင့် ဖျက်ဆီးခဲ့သည့်လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ပြင်ဦးလွင်မြို့စုဝေးပွဲသို့ တက်လာသူများထဲတွင် ဦးသုစိတ္တ၊ ဦပဏ္ဍိတ၊ ပေါက်ကိုယ်တော် အရိယဝံသ စသည့် ထင်ရှားသည့် မဘသ၏ ဒုတိယမျိုးဆက်ခေါင်းဆောင်များ ပါဝင်သည်။ မဘသဆိုသည်မှာ သမ္မတဟောင်းသိန်းစိန်လက်ထက်က စစ်တပ်၏ ပံ့ပိုးမှုဖြင့် ပေါ်ပေါက်လာသည့် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သည်။

စစ်တက္ကသိုလ်များ တည်ရှိသည့် မေမြို့ ခေါ် ပြင်ဦးလွင်မြို့ တပ်ထောက်ခံပွဲအခမ်းအနားတွင် စင်မြင့်ထက်မှ အသက် ၃၇ နှစ်အရွယ် အရိယဝံသ ခေါ် ပေါက်ကိုယ်တော်က စစ်ခေါင်းဆောင်ကို စစ်ဘက်ရာထူးစွန့်လွှတ်ပြီး အရပ်ဘက်သို့ ပြောင်းရန် တောင်းဆိုခဲ့သည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရပ်ဘက်ဝန်ကြီးဌာန တစ်နေရာတည်း ပေးလိုက်ရင် မကောင်းဘူးလား” ဟု ပေါက်ကိုယ်တော်က စင်ထက်မှ အော်ဟစ်ဟောပြောချိန်တွင် စင်အောက်မှ တပ်ထောက်ခံသူများက “ကောင်းပါတယ်ဘုရား” ဟု အော်ဟစ်ထောက်ခံခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

 ဤတောင်းဆိုမှုကြောင့် အရေးယူ ဖမ်းဆီးမည် ဆိုပါကလည်း ခံရန်အသင့်ဟု ထိုဘုန်းကြီးက ဆိုသည်။

၂၀၂၁ ပြင်ဦးလွင်တပ်ထောက်ခံပွဲတွင် တွေ့ရသည့် ပေါက်ကိုယ်တော်။ (ဓာတ်ပုံ – ပေါက်ကိုယ်တော် FB)

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်မူ ထိုပွဲသို့ တက်ရောက်သူ ၃၂၀၀ ဝန်းကျင်ထဲတွင် သံဃာများ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ စစ်တပ်ချစ်သူများ ပါဝင်သည်ဟု ရေးထားကြသည်။

၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ မင်းအောင်လှိုင် အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် နိုင်ငံအနှံ့တွင် တော်လှန်ရေးအဖွဲ့များ အားကောင်းမောင်းသန်ဖြစ်လာသည်။ မကြာသေးမီ လပိုင်းအတွင်း မင်းအောင်လှိုင်စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောင့် များစွာသော မြို့များနှင့် စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးခဲ့ရသည့်နယ်မြေများတွင် စစ်တပ်အတွက် နှစ်စဉ် နိုင်ငံခြားငွေသန်းပေါင်းများစွာ ရရှိစေနိုင်သော အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပါဝင်နေသည်။

ထိုအချက်ကို ရည်ညွှန်း၍ ပေါက်ကိုယ်တော်နှင့် စစ်တပ်ထောက်ခံသူများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သဘောကောင်းသည့် ဘုရားဒါယကာဟု ထိုအခမ်းအနားတွင် လှောင်ပြောင်ကာ အကြိမ်ကြိမ်သုံးနှုန်းခဲ့သည်။

စင်ပေါ်မှ ပေါက်ကိုယ်တော်က “အရှင်ဘုရားကလည်း၊ ဒါဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို ဘယ်သူက ယူမှာလဲ(ဆိုရင်) …ဒုချုပ်ဗိုလ်ချုပ်စိုးဝင်းရှိတယ်လေဗျာ”

“မျက်နှာအနေအထားကို ကြည့်လိုက်။ စစ်သားမပီသဘူးလား။ မျက်နှာအနေအထား၊ ဒုချုပ်ကြီးအနေအထား၊ လုပ်ပုံကိုင်ပုံကို ကြည့်လိုက်၊ မကြိုက်ဘူးလား” စသဖြင့် ဟောပြောချိန်တွင် စင်အောက်မှ စစ်တပ်ထောက်ခံသူများကလည်း “ကြိုက်ပါတယ်” ဟု ပြန်လည် အော်ဟစ်ပြီး လက်ခုပ်တီးကြသည်။

စစ်ဗိုလ်များနှင့်အတူ တွေ့ရသည့် ပေါက်ကိုယ်တော်။ (ဓာတ်ပုံ – ပေါက်ကိုယ်တော် FB)

ပြီးခဲ့သည့် နှစ်များအတွင်း ပြင်ဦးလွင်တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲကို တက်လေ့ရှိသည့် ပေါက်ကိုယ်တော်က နိုဝင်ဘာ ၈ ရက်နေ့ကလည်း သူ၏ Facebook တွင် ဒုတပ်ချုပ် ဗိုလ်ချုပ်စိုးဝင်း၏ ဓာတ်ပုံကို တင်ပြီး “စစ်သားအစစ်။ ခေါင်းဆောင်ကောင်းအစစ်” ဟု ရေးသားခဲ့သေးသည်။

ပေါက်ကိုယ်တော် အရိယဝံသသည် မဘသဦးဆောင်ဘုန်းကြီး ဦးဝီရသူ၏ လက်ရင်းတပည့်ဖြစ်ပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်လည်း ဖြစ်သည်။

သူသည် ၂၀၁၈ အတွင်းက NLD အစိုးရ ပြုတ်ကျရေးအတွက် မန္တလေးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သောကြောင့် အခြားမဘသဘုန်းကြီးများနှင့်အတူ ဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင်း တစ်နှစ်ခန့်အကျဉ်းကျခဲ့သည်။ ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးချိန်တွင် ပျူစောထီးပြည်သူ့စစ်ဖွဲ့ရေးအတွက် စစ်တပ်ကို အကူအညီပေးနေသူလည်း ဖြစ်သည်။

စစ်ကောင်စီ၏ ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် သတင်းစာများတွင် မဘသများဦးဆောင်သည့် ပြင်ဦးလွင်ဆန္ဒပြပွဲအကြောင်း ရေးသားခဲ့သော်လည်း စစ်ခေါင်းဆောင်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုကို ချန်လှပ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button