သတင်း

မဘသထိပ်သီးများကို အာဏာသိမ်းခေါင်းဆောင် ဆက်တိုက်တွေ့ဆုံ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွန်ပြည်နယ်ခရီးစဉ်အတွင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အထွေထွေအတွင်းရေးမှူး၊ မော်လမြိုင်မြို့ မြစေတီကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိကို သွားရောက်တွေ့ဆုံခဲ့သည်။

ဆိုးရွားစွာ အကြမ်းဖက်ဖြိုခွင်းခံရသူတို့ လက်နက်ကိုင်ခုခံနေကြချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏ မြန်မာပြည်တောင်ပိုင်းခရီးစဉ်အတွင်း အမျိုးသားရေးဆရာတော်များကို ဆက်တိုက်ဆိုသလိုပင် သွားရောက်တွေ့ဆုံလျက်ရှိသည်။

မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဘားအံမြို့ ဇွဲကပင်ကျောင်းတိုက်ရှိ ဘဒ္ဒန္တကဝိဓဇကို သွားရောက်တွေ့ဆုံခဲ့ပြီးနောက် မော်လမြိုင်မြို့ မြစေတီကျောင်းဆရာတော်ထံ သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

မော်လမြိုင်မြို့ မောင်ငံရပ်ရှိ မြစေတီပရိယတ္တိစာသင်တိုက်သည် ၉၆၉ လှုပ်ရှားမှုဟု အမည်ကျော်သည့် သာသနပါလဂန္တဝါစကအဖွဲ့အစပြုသည့် ကျောင်းတိုက်ဖြစ်သည်။ ထိုလှုပ်ရှားမှုမှာ မဘသစတင်ရာ ကနဦးခြေလှမ်းဖြစ်သည်။

မဘသဗဟို၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဝိမလဗုဒ္ဓိသည် အမျိုးသားရေးပြဿနာများနှင့် ပတ်သက်ပါက သဘောထားတင်းမာသူဟု ကျော်ကြားပြီး မဘသအဖွဲ့တွင် ဩဇာကြီးမားသည့် ဆရာတော်တစ်ပါးဖြစ်သည်။

တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်ဆောင်နေသည်ဟု ယူဆရသူတို့ကို သတ်ဖြတ်လိုသူများစွာ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရသည့် ကာလက ဦးဝိမလဗုဒ္ဓိက Myanmar Now ကို ဖြေကြားခဲ့သည်။

“ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့လုပ်ငန်းက တိုင်းပြည်ချောက်ကျအောင် လုပ်နေတယ်လို့မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက အဲဒီလိုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်” ဟု Myanmar Now ကို ဖြေကြားဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း Myanmar Now က မြစေတီကျောင်းတိုက်၌ သွားရောက်တွေ့ဆုံခဲ့ရာ ထိုရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ပါက တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အုပ်ချုပ်ရေးပိုင်းများ ကမောက်ကမဖြစ်သွားနိုင်သည်ဟု ဦးဝိမလဗုဒ္ဓိက ဖြေကြားခဲ့သည်။

“ဘာမှမလုပ်ဖူးတဲ့လူက နိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူဖြစ်သွားမလဲ၊ ကြံ့ခိုင်ရေးဖြစ်သွားမယ်။ အဲ့ဒီနောက်မှာ ဘယ်သူရှိလဲ၊ စစ်တပ်ရှိတယ်။ ငါတို့က အဲဒါမြင်တာ။ တိုင်းပြည်အတွက်မြင်တာ။ သူ့ကို မုန်းလို့မဟုတ်ဘူး။ သူအရွယ်မရောက်ဘဲနဲ့ လင်ရသွားတဲ့ အမျိုးသမီးလိုဖြစ်သွားမယ်”ဟု မြစေတီကျောင်းဆရာတော်က မိန့်ခဲ့သည်။

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သည့် လက်ရှိသဘောထားကိုမူ ဦးဝိမလဗုဒ္ဓိထံ Myanmar Now က ယနေ့ ဆက်သွယ်မေးမြန်းခြင်း မပြုနိုင်သေးပေ။

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်ဘဒ္ဒန္တက္ကသရိယက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခြေလှမ်းများမှာ ၎င်းတို့၏ စီးပွားနှင့် အာဏာ တည်မြဲစေရန် လူမိုက်မွေးပြီး တိုင်းပြည်ကို ဖျက်ဆီးရန် ကြံစည်နေကြခြင်းဖြစ်သည်ဟု မိန့်သည်။

“စစ်ကောင်စီက လူမိုက်တွေမွေးပြီးတော့ လူတွေထဲကဆိုရင် စွမ်းအားရှင်ပေါ့။ ဘုန်းကြီးတွေထဲကဆိုရင် မဘသလိုမျိုးပေါ့။ တဇောက်ကန်းစိတ်ရှိတဲ့ ကိုယ်တော်တွေကို မွေးတာပေါ့။ မင်းအောင်လှိုင်တို့ကတော့ တိုင်းပြည်ဖျက်ဖို့ ကြံနေတာပဲ။ သူတို့စီးပွားတော့ သူတို့အာဏာတွေ တည်မြဲဖို့ လုပ်ကြတာပေါ့” ဟု ၎င်းက မိန့်သည်။

သံဃာတော်များအတွက် ပစ္စည်းလေးပါးဒါယကာများ မရှိမဖြစ်လိုအပ်သော်လည်း စင်ကြယ်သန့်ရှင်းသည့် လှူဖွယ်ပစ္စည်းများကိုသာ လက်ခံသင့်ပြီး ပြည်သူလူထုကို သတ်ဖြတ်၊ လုယူထားပြီး တိုင်းပြည်ဘဏ္ဍာငွေ ခိုးဝှက်ရာမှ ရရှိသောမစင်ကြယ်သည့် အလှူငွေများကို လက်မခံသင့်ကြောင်း ၎င်းက ဝေဖန်သည်။

“ဒီလို မအပ်မရာပေါ့။ အဓမ္မ ဗြောင်ကြီးကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ မသမာတဲ့ပစ္စည်းတွေကို အလှူခံတာကတော့ မီးလျှံစွဲနေတဲ့ သံတုံး၊ သံခဲတွေကို မြိုနေရတာနဲ့ တူတူပဲ။ ဒီလိုပုဂ္ဂိုလ်တွေဟာလည်း ငရဲကို သွားမှာပဲ” ၎င်းက သုံးသပ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၈၄၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၄၄၆၈ ဦးထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂ က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူအရေအတွက်ကို စစ်ကောင်စီက ချေပခြင်းမပြုသော်လည်း သေဆုံးသူအရေအတွက်မှာ ၃၀၀ ဝန်းကျင်ခန့်သာ ရှိသည်ဟု တုံ့ပြန်လေ့ရှိသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ မဘသနှင့် မိတ်ဖက်အင်အားစုများ၏ လှုပ်ရှားမှုများ ပေါ်ပေါ်ထင်ထင်မတွေ့ရှိရသေးပေ။ NLD အစိုးရလက်ထက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူကိုလည်း စစ်ကောင်စီက လွှတ်မပေးသေးပေ။

မဘသအဖွဲ့နှင့် ဦးဆောင်ဆရာတော်များသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည့် NLD ပါတီနှင့် ဒီမိုကရေစီလိုလားသူများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ အစဉ်တစိုက်ပြုလုပ်လေ့ရှိသည်။ 

ထိုလှုပ်ရှားမှုများတွင် စစ်တပ်က တိုက်ရိုက်ပါဝင်ပတ်သက်သည့် အထောက်အထားများမတွေ့ရသော်လည်း ငွေကြေးထောက်ပံ့မှုများရှိသည်ဟု အများက ယူဆနေကြပြီး မဘသဦးဆောင်ဆရာတော်များနှင့် စစ်ခေါင်းဆောင်များအကြား နီးကပ်သည့် ဆက်ဆံရေးရှိသည်။ 

မဘသအဖွဲ့ကို NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မေလတွင် ၁၉၈၀ ပြည့်နှစ်၊ မြန်မာနိုင်ငံဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ သုဓမ္မာ၊ ရွှေကျင်ကဲ့သို့သော ဂိုဏ်းကြီး ၉ ဂိုဏ်းမှလွဲ၍ အခြားဂိုဏ်းခွဲများ၊ ဂိုဏ်းသစ်များ မဖွဲ့စည်းရ၊ မတည်ထောင်ရဆိုသည့် သံဃအခြေခံစည်းမျဉ်းများနှင့် သွေဖည်နေသဖြင့် ဖျက်သိမ်းထားခဲ့သည်။ 

သို့သော် ဖျက်သိမ်းခံရပြီး လေးရက်အကြာတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ် မဘသကို အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ၄၅ ရက်အတွင်း နိုင်ငံအနှံ့ရှိ မဘသဆိုင်းဘုတ်များကို ဖြုတ်သိမ်း၍ ဖျက်သိမ်းရန်၊ မလိုက်နာပါက အရေးယူမည်ဟုပင် NLD အစိုးရက ၂၀၁၉ ဇူလိုင်တွင် ကြေညာချက်ထုတ်ရသည်အထိ ဖြစ်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button