နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် အမှုဖွင့်အရေးယူခံထားရသည့် ဦးဝီရသူကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ (စက်တင်ဘာ ၆) ညနေ ၄ နာရီတွင် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးဝီရသူလွတ်မြောက်ရေးကြိုးပမ်းနေသူများထံမှ သိရသည်။
ပြန်လည်လွတ်မြောက်ကြောင်း အခြားသူများကို အသိမပေးရ၊ မီဒီယာများကို အင်တာဗျူးမဖြေရ၊ ၎င်း၏ လုံခြုံရေးကို တာဝန်ယူရန်ညှိနှိုင်းချက် စသည့် အချက်သုံးချက်ကို နှုတ်ကတိပေးခဲ့ရကြောင်း ဦးဝီရသူပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေသည့် အမျိုးသားရေးရဟန်းအချို့နှင့် လူပုဂ္ဂိုလ်အချို့ပါဝင်သောအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“၁၂၄-က လည်း ရုပ်သိမ်းတယ်။ နောက် ဆရာတော်ရဲ့ ငွေကြေးတွေကို ဝရမ်းကပ်ထားတာကိုး။ အဲ့ဒါတွေကိုလည်း အမှုပြန်ပြီးတော့ ရုပ်သိမ်းတယ်” ဟု ၎င်းက ပြောသည်။
သို့သော် အထက်ပါ သဘောတူညီချက်သုံးချက်နှင့် ပတ်သက်၍ အသေးစိတ်ကို ဦးဝီရသူပြန်လည်လွတ်မြောက်ရေးကြိုးပမ်းနေသူများက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ဦးဝီရသူ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဆက်လက်တာဝန်ယူထားခြင်း ရှိမရှိ မေးမြန်းရာတွင်လည်း နှုတ်ကတိညှိနှိုင်းထားချက်အရ ဖွင့်ပြော၍မရဟု ဆိုသည်။
ဦးဝီရသူသည် ၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့တော်ခန်းမအနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ကြမ်းတမ်းသောစကားလုံးများဖြင့် တိုက်ခိုက်ဟောပြောခဲ့သောကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် ၂၀၁၉ တွင် အမှုဖွင့်ခံခဲ့ရသည်။
အဆိုပါဟောပြောပွဲတွင် တပ်မတော်သားများကို လူထုက ဘုရားလို ကိုးကွယ်သင့်ကြောင်းလည်း ဦးဝီရသူ က ဟောပြောခဲ့သည်။
ထိုသို့အမှုဖွင့်ခံရပြီးနောက် ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို နိုဝင်ဘာလဆန်းပိုင်းတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ ဦးဝီရသူက ထိုသို့လူလုံးပြ ထွက်အဖမ်းခံချိန်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိကြီးအချို့ အရပ်ဝတ်ဖြင့် လိုက်ပါခြံရံခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရှိရသည်။
အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဦးဝီရသူကို အာဏာသိမ်းပြီး ၇ လကျော်အကြာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးဝီရသူအား ပြန်လွှတ်မပေးခြင်းအပေါ် ၎င်းကို ထောက်ခံသူများက ပြစ်တင်ဝေဖန်ခဲ့သည့်နည်းတူ စစ်ခေါင်းဆောင်များကို ဝေဖန်သည့် ဦးဝီရသူ၏ ရုပ်သံဖိုင်တစ်ခုလည်း ပြီးခဲ့သည့်လအတွင်း လူမှုကွန်ရက်တွင် ပေါ်ထွက်ခဲ့သည်။
စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် ပြည့်တန်ဆာအမှုကအစ တရားစွဲခံထားရသူများကို ပြန်လွှတ်ပေးမှုအချို့ရှိခဲ့သော်လည်း ၎င်းကို ပြန်မလွှတ်ပေးသဖြင့် သုံးကြိမ်ထက်မနည်း စာတင်တောင်းဆိုခဲ့သည့်အပြင် “ကိုဗစ်ကုသိုလ်ရှင် – ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကောင်းမှု” ခေါင်းစဉ်ဖြင့် ဦးဝီရသူက စက်တင်ဘာ ၂ ရက်တွင် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော VK ၌ ရုပ်သံဖိုင်ထုတ်လွှင့်ခဲ့သည်။
“(ကိုဗစ်)ဖြစ်တာမှ အသည်းအသန်ကိုဖြစ်တာ။ စင်တာတွေပါ ရောက်သွားတာ။ အသက်ရှူတွေကျပ် အောက်ဆီဂျင်ကျပြီးတော့။ ကိုဗစ်ကတော့ သက်သာသွားပြီ။ ဘယ်ဘက်လက်မောင်းပြုတ်ကျတာက မသက်သာသေးဘူး။ ဘယ်ဘက်လက်ပါမကဘူး ညာဘက်လက်ပါ မကောင်းဘူး။ အရွတ်ပြုတ်ကျတာ။ ကျန်းမာရေးမကောင်းဘူး” ဟု ဦးဝီရသူလွတ်မြောက်ရေးကြိုးပမ်းသူများတွင် ပါဝင်သည့် ရဟန်းတစ်ပါး က ဆိုသည်။
ဦးဝီရသူပြန်လွှတ်ပေးခြင်းနှင့် ပတ်သက်ပြီး တရားလိုဖြစ်သူ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမှုပိတ်သိမ်းသဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက People Media ကို ဖြေထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe