ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားရေးသမားတွေ ဦးဆောင်တဲ့ ကန့်ကွက်ရှုတ်ချပွဲ ကို ဇန်နဝါရီလ ၂၇ ရက်နေ့ က ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားရေးအမည်ခံ မဘသတွေဦးဆောင်တဲ့ ဒီပွဲမှာ ၅၀၀ လောက် စုဝေးကြပြီး၊ တက်ရောက်လာသူတွေထဲ ကြံ့ခိုင်ရေးပါတီဝင်တွေအပြင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ကျားဖြူပါတီ ယူနီဖောင်းဝတ်ထားသူ တစ်ချို့ကိုလည်း တွေ့ရပါတယ်။
တရားလိုဂမ်ဘီယာနိုင်ငံက စစ်ခေါင်းဆောင်နဲ့ သူကိုးကွယ်ရာ သီတဂူဆရာတော်၊ ဦးဝီရသူတို့ဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းတရားဝင်စေတဲ့ တရားဟောကြားချက်တွေကို သက်သေအဖြစ် တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။
ဒီသက်သေတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုက စေလွှတ်ထားသူတွေ ခုခံချေပနေချိန်မှာ မဘသ သံဃာတော်တွေဟာ စုဝေးဟောပြောပွဲကို လုပ်ဆောင်နေတာပါ။
ICJ မှာ တင်သွင်းတဲ့ သီတဂူဆရာတော်နဲ့ ဦးဝီရသူတို့ရဲ့ ဟောပြောချက်တွေဟာ အရှိကိုအရှိတိုင်း ဟောထားတာလို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) အတွင်းရေးမှူး ဦးသုစိတ္တက ထောက်ခံ ပြောဆိုပါတယ်။
ဒါ့အပြင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်ကလည်း ဂမ်ဘီယာနိုင်ငံကို ဂမ်ဖလားလို့ပဲ နားထဲကြားနေတယ်လို့ ထောက်ခံပွဲမှာ ပြောဆိုခဲ့ပါတယ်။
သတင်း- သဇင်လှိုင် ၊ တည်းဖြတ်-ကိုလှိုင်း
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



