
စစ်ဗိုလ်ချုပ်များလွှတ်လိုက်သည့် လုံခြုံရေးတပ်ဖွဲ့များက ပြည်သူ့ရှေ့ဆောင်ပါတီ PPP ခေါင်းဆောင် ဒေါ်သက်သက်ခိုင်ကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကြက်လေး၊ ငှက်လေးဖမ်းသလို ရန်ကုန်မြို့ရှိ သူ၏နေအိမ်တွင် လာရောက်ခေါ်ဆောင် သွားခဲ့သည်။
အရပ်သားတစ်ဦးကို အချိန်မရွေးအိမ်တံခါးခေါက်ပြီးဖမ်းဆီးသည်က ၁၉၆၂ အာဏာသိမ်းချိန်ကတည်းက စစ်တပ်အစဉ်အဆက် ကျင့်သုံးနေသည့် အလေ့အကျင့်ဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ် မှစခဲ့သည့် ဦးသိန်းစိန်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ လက်ထက်တို့တွင် စစ်တပ်ကထင်တိုင်းမကြဲရဲခဲ့။
၂၀၂၁ အာဏာသိမ်းပြီးချိန်တွင်တော့ စစ်တပ်ကထောင်သောင်းချီသော အရပ်သားများကို အိမ်တံခါးခေါက်ပြီး အချိန်မရွေး ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် ဒေါ်သက်သက်ခိုင်ကဲ့သို့ ကံမကောင်းလှဘဲ အိမ်ပြန်မရောက် လာကြသူထောင်နှင့်ချီရှိသည်။
အခြားတစ်ဖက်တွင် ဒေါ်သက်သက်ခိုင်ကိုယ်တိုင်သည်ပင် စစ်တပ်အာဏာသိမ်းဖို့ တောင်းဆိုသူ၊ အရပ်သားများကို ဖိနှိပ်သတ်ဖြတ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ဝန်ကြီး ဖြစ်နေခဲ့ပြန်သည်။ နောက်ဆုံးတွင်မူ ဒေါ်သက်သက်ခိုင် ကြိုးစားပျိုးထောင်ပေးခဲ့သည့် စစ်အာဏာရှင်စနစ်၏ ခြိမ်းခြောက်မှုက ဒေါ်သက်သက်ခိုင်အိမ်၏ တံခါးဝရှေ့သို့ ရောက်လာလေပြီ။
ဒေါ်သက်သက်ခိုင်၏ ဘဝကို လည်ပြန်ကြည့်မည်ဆိုပါက သူသည်နိုင်ငံရေးလောကထဲမဝင်မီ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်၊ သန်းကြွယ်သူဌေး နှင့် ဆရာဝန်တစ်ယောက်ဖြစ်သည်။ ၎င်းပိုင်ဆိုင်သည့် ရွှေနန်းတော် ရွှေနှင့်စိန်ဆိုင်သည် မြန်မာနိုင်ငံတွင် ထိပ်တန်းလက်ဝတ်ရတနာ လုပ်ငန်းစာရင်းဝင်သည်။ ဒေါ်သက်သက်ခိုင်၏မိသားစုပိုင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းမပေါ်မှ ဆောက်လက်စကွန်ဒို၏ တန်ကြေးသည်ပင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းတန်သည်ဟု ၎င်းကဆိုသည်။
ယခုဆောင်းပါးတွင် စစ်ဗိုလ်ချုပ်များ အာဏာတည်ဆောက်နိုင်ရေးအတွက် ဒေါ်သက်သက်ခိုင် ပူးပေါင်းဆောင်ရွက်မှုများထဲမှ အဓိကအဖြစ်အပျက်များကို စုစည်းဖော်ပြလိုက်ပါသည်။
အာဏာသိမ်းပေးဖို့ စစ်တပ်ထံတောင်းဆိုခဲ့ခြင်း
PPP ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်သည် စစ်ဗိုလ်ချုပ်ဟောင်များ၏ ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် နိုင်ငံရေးပါတီ ၃၀ ကျော်နှင့်အတူ ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီ သုံးလအလို၊ ၂၀၂၀ သြဂုတ် ၁၃ ရက်နေ့က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
စစ်တပ်ထံ ဒေါ်သက်သက်ခိုင်နှင့်မဟာမိတ်များ၏ တောင်းဆိုချက်က ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့အရေးမလှဘဲ NLD အနိုင်ရပါက အာဏာသိမ်းရန်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟုကတိပေးခဲ့ပြီးနောက် NLD အနိုင်ရသွားသည့်အခါ အမှန်တကယ်ပင် အာဏာသိမ်းခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်တစ်နေရာမျှ မနိုင်ဘဲရှုံးခဲ့သည့် ပါတီများထဲတွင် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ PPP လည်းပါဝင်ခဲ့သည်။ သို့သော်စစ်တပ်က ရွေးကောက်ပွဲကိုဆန့်ကျင်ပြီး ၂၀၂၁ အာဏာသိမ်းချိန်တွင် ဒေါ်သက်သက်ခိုင်ကို ဝန်ကြီးနေရာပေး ပြန်လည်ချီးမြှောက်ခဲ့သည်။
ဒေါ်သက်သက်ခိုင်၏ ကိုယ်ကျိုးစီးပွားအတွက် စတေးခံခဲ့ရသည့် အရပ်သားများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက်အရုဏ်တက်ချိန် စစ်တပ်အာဏာသိမ်းပြီး သုံးရက်အကြာတွင် ဒေါ်သက်သက်ခိုင်သည် အာဏာသိမ်းစစ်အစိုးရ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာသည်။
ရာထူးလက်ခံအပြီး လေးလအကြာ ၂၀၂၁ ဇွန် ၈ ရက်တွင် ရန်ကုန်မြို့လယ် လမ်းမတော်မြို့နယ်ရှိ ဒေါ်သက်သက်ခိုင် ပိုင်ဆိုသည့် ရွှေနန်းတော်ရွှေဆိုင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။ ထိုအဖြစ်အပျက်နှင့်ဆက်စပ်ပြီး စစ်တပ်က သံသယရှိသူ အရပ်သား အနည်းဆုံး ၃၅ ဦးကိုဖမ်းဆီးနှိပ်စက်ထောင်ချခဲ့သည်။
ဒေါ်သက်သက်ခိုင်၏ အကျိုးစီးပွားအတွက် စစ်တပ်ကဖမ်းခဲ့သူများထဲတွင် အသက် ၁၆ နှစ်အရွယ် ကလေးငယ်ပင် ပါဝင်သည်။ ၎င်းတို့သည် ရက်စက်သောစစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လနှင့်ချီ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရမည်ဆိုသည်က ငြင်းဆန်ရန်မဖြစ်နိုင်လောက်အောင် သေချာသည့်အခြေအနေဖြစ်သည်။ သံသယမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ထိုအရပ်သား ၃၅ ဦး သေသည်ရှင်သည်ကိုပင် တိတိကျကျမည်သူမျှမသိရ။

စစ်အုပ်စု၏ အငြိုးအတေးနှင့် ပြန်လည်ရင်ဆိုင်ရခြင်း
ခွင့်ပြုချက်မရဘဲ သံတမန်အချို့နှင့်တွေ့ဆုံခဲ့သည်ဆိုကာ ဒေါ်သက်သက်ခိုင်ကို အရေးယူမည်ဖြစ်ပြီး ၎င်းဦးဆောင်နေသည့် ပါတီကိုလည်း ဖျက်သိမ်းနိုင်သော ပုဒ်မဖြင့်အရေးယူမည်ဟု စစ်ကော်မရှင်က ဇန်နဝါရီလ ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဒေါ်သက်သက်ခိုင်နှင့် ပီသုံးလုံးပါတီ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံးတစ်ခုမှ လူပုဂ္ဂိုလ်အချို့နှင့် နှာခေါင်းစည်းတပ်၍ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မည်သည့်သံရုံး၏ သံတမန်များဖြစ်သည်ကို ထုတ်ပြန်ချက်တွင်ဖော်ပြခြင်းမရှိပေ။
ပီသုံးလုံးပါတီသည် ပြည်ပသံရုံး၊ အဖွဲ့အစည်းများနှင့် လျှို့ဝှက်တွေ့ဆုံနေပြီး ထိုကဲ့သို့တွေ့ဆုံပါက ခွင့်ပြုချက်ယူရန်၊ခွင့်ပြုချက်မရှိဘဲတွေ့ဆုံလျှင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နှင့် အရေးယူမည်ဟု ဒီဇင်ဘာလ ၂၂ ရက်တွင် စစ်တပ်ရွေးကောက်ပွဲကော်မရှင်က သတိပေးအကြောင်းကြား ထားသည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ထိုဥပဒေသည် ဒေါ်သက်သက်ခိုင် ဝန်ကြီးအဖြစ်ရှိနေစဉ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ထိုးပြဌာန်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများသည် ပြည်ပမှ ငွေကြေး၊ ပစ္စည်းနှင့် အထောက်အပံ့ရယူခြင်း၊ ဩဇာခံခြင်းမရှိရဟု တားမြစ်ထားပြီး မလိုက်နာလျှင် ပါတီမှတ်ပုံတင်ခြင်းကို ပယ်ဖျက်သွားမည်ဟုလည်း ဖော်ပြသည်။
ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ထိန်းသိမ်းစစ်ဆေးနေကြောင်းသတင်းထွက်ပေါ်လာပြီး နောက်တစ်ရက်တွင် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
စစ်တပ်၏ ယခုကဲ့သို့ ထိန်းသိမ်းစစ်ဆေးခံရခြင်းသည် ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မဟာမိတ်ဟောင်း စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီကိုဝေဖန်မှုကြောင့် ဖြစ်ကြောင်း ပြောဆိုချက်များလည်းရှိသည်။


ပါတီဥက္ကဋ္ဌ ထိန်းသိမ်းစစ်ဆေးခံရခြင်းနှင့်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပီသုံးလုံးပါတီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် လူ/ကယ်/ပြန်ဝန်ကြီးနှင့်ဟိုတယ်ခရီးဝန်ကြီးအဖြစ် နေရာပေးခဲ့ပြီး စစ်တပ်ရွေးကောက်ပွဲတွင်မူဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်၍ ဖယ်ထုတ်ခဲ့သလို သံတမန်အချို့နှင့်တွေ့ဆုံသည်ဆိုကာ ထပ်မံအရေးယူရန်စီစဉ်လာခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးပါတီများကို ၎င်းတို့ပေးထားသည့် ဘောင်ထဲတွင် သွတ်သွင်းပြီး ထိုဘောင်နှင့် အံမဝင်သော ပါတီများကို ဖယ်ရှားမည်ဖြစ်ကြောင်း ပီသုံးလုံးပါတီနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဘောင်ထဲကို သွင်းချင်တာပေါ့ဗျာ။ ဘောင်ထဲမှာပဲနေ။ အပြင်တော့မထွက်နဲ့။ ဘောင်ထဲမှာတော့ ကြိုက်သလိုလုပ်။ ဘောင်ထဲကနေအပြင်ထွက်ဖို့မကြိုးစားနဲ့ဆိုပြီးတော့ လုပ်ချင်တဲ့သဘောပေါ့။ အဲ့ဒီဘောင်ကတော့မှန်လား၊ မှားလားကတော့ ပြောစရာတွေရှိတာပေါ့” ဟု သူက ပြောသည်။
ထုတ်ပြန်ချက်အရ ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဖြစ်ပြီး ပိုမိုပြင်းထန်စွာ အရေးယူမည်ဆိုပါက ပါတီဖျက်သိမ်းနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။



