အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ ကော်ဇောနီခင်း ကြိုဆိုခဲ့ခြင်းဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အိမ်နီးချင်း မြန်မာနိုင်ငံတွင် “တရုတ်ရင်ခွင်ပိုက် အစိုးရ” တရပ်ကို စနစ်တကျ မွေးဖွားပေးလိုက်ပြီး၊ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကပါ စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု လက်ခံလာရန် တရုတ်နိုင်ငံ၏ ဩဇာအရှိန်အဝါသုံး အကူအညီပေးမည့် အရိပ်လက္ခဏာ စတင် ပြသလာပြီ ဖြစ်သည်။
မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် မပြီးဆုံးမီ ဇွန်လ ၁၇ ရက်တွင် တရုတ်အစိုးရသည် ခြေလှမ်းခပ်သွက်သွက်ဖြင့် တရုတ်-မြန်မာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်၏ ခေါင်းစဉ်တွင် သုံးနှုန်းဖော်ပြထားသော “A China-Myanmar Community with a Shared Future” စကားစု၏ အဓိပ္ပာယ်အတိုင်း၊ ၁၉၄၈ ခုနှစ် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ယခုအချိန်တွင် မြန်မာနိုင်ငံ၏ အနာဂတ်သည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိသော နိုင်ငံအဖြစ်မှ တိုင်းပြည်၏ကံကြမ္မာကို တရုတ်နိုင်ငံနှင့် မျှဝေထားရသော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် ဖန်တီးရယူခဲ့သော အတုအယောင်သမ္မတရာထူးကို နိုင်ငံတကာအသိုက်အဝန်း၏ တရားဝင်အသိအမှတ်ပြုမှုရရှိရေး တရုတ်သမ္မတရှီကျင့်ဖျင်၏ အသိအမှတ်ပြုမှုက အလွန်အရေးပါသော ပထမ ခြေလှမ်း ဖြစ်သည်။ ထို့အတွက် သမ္မတရှီ၏ ခေါင်းဆောင်မှုအောက် ခေါင်းလျှိုဝင်ရောက်ခဲ့ပြီး၊ တရုတ်အစိုးရ၏ ထောက်ခံမှုနှင့် ကာကွယ်စောင့်ရှောက်မှုကို ခံယူနေရပြီ ဖြစ်သည်။
ထို့အတူ အိမ်နီးချင်းမြန်မာနိုင်ငံတွင် တရုတ်ဩဇာခံ အစိုးရတရပ် ပေါ်ပေါက်ရေး၊ တရုတ်၏ ပထဝီနိုင်ငံရေး မဟာဗျူဟာများကို အတိအကျလိုက်နာ အကောင်အထည်ဖော်ပေးမည့် ခေါင်းဆောင်တစ်ဦး ရရှိမည်ဆိုလျှင် တရုတ် အစိုးရ မလိုချင်ဘဲရှိမည် မဟုတ်ပါ။ ထိုအတွက် တရုတ်- မြန်မာနယ်စပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မြန်မာစစ်တပ်ခေါင်းဆောင်များအကြား နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းခဲ့သော တရုတ်အစိုးရ ၏ လုပ်ငန်းစဉ်သည် မင်းအောင်လှိုင်၏ ရင်ခွင်ပိုက်အစိုးရ ပေါ်ပေါက်လာပြီးနောက် ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိလာပြီဟု ဆိုနိုင်ပါသည်။
မင်းအောင်လှိုင်၏ ခရီးစဉ်မပြီးဆုံးမီ တရုတ်ခေါင်းဆောင်များသည် ပူးတွဲကြေညာချက်ကို စိတ်လှုပ်ရှားစွာ အလျင်အမြန် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခြင်းနှင့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်များကို ကြည့်လျှင် မြန်မာတွင် တရုတ်ရင်ခွင်ပိုက်အစိုးရ ပေါ်ထွက်လာပြီဆိုသော အကဲဖြတ်ချက်ကို ပံ့ပိုးထားသည့် အချက်များစွာကို တွေ့နိုင်သည်။
ဤနေရာတွင် အစဉ်အလာအားဖြင့် သုံးစွဲလေ့ရှိသော သံတမန် အသုံးအနှုန်းကို ကျော်လွန်၍ ပူးတွဲကြေညာချက်ကို သေချာလေ့လာ အဓိပ္ပာယ်ဖော်ထုတ်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်မည်ဆိုလျှင် ထိုအချက်ကို ထင်ရှားစွာ တွေ့မြင်ရပါလိမ့်မည်။ ပထမဦးစွာ လေ့လာသင့်သည့်အချက်မှာ ခေတ်အဆက်ဆက် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြန်မာ စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များ သံတမန်ရေးအရ မည်ကဲ့သို့ ပါးနပ်စွာ ရပ်တည်ခဲ့သည်ကို လေ့လာရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့်ပတ်သက်သည့် ခေတ်အဆက်ဆက် ရပ်တည်ချက်များ
တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One-China Policy) သည် ခေတ်အဆက်ဆက် မြန်မာ- တရုတ် ပူးတွဲကြေညာချက်များတွင် မဖြစ်မနေ ထည့်သွင်းဖော်ပြရသော မြန်မာ-တရုတ် ဆက်ဆံရေး၏ အဓိကကျောရိုး မူဝါဒသဘောထား ရပ်တည်ချက် ဖြစ်ခဲ့သည်။ အနည်းဆုံး တရုတ်သမ္မတများ ဖြစ်ကြသော ကျန်ဇီမင်း၊ ဟူကျင်ထောင်းနှင့် ရှီကျင့်ဖျင် သမ္မတ သုံးဦးတို့ကို တွေ့ဆုံခဲ့သော စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ သိန်းစိန် နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ပတ်သက်သည့် ရပ်တည်ချက်ရှိခဲ့သည်။
၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် တရုတ်အစိုးရ ထုတ်ပြန်ခဲ့သော သန်းရွှေ-ကျန်ဇီမင်း တွေ့ဆုံဆွေးနွေးမှု ကြေညာချက် ၌ “မြန်မာအစိုးရ၏ ကာလရှည်ကြာ ကိုင်စွဲထားသော တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ထောက်ခံရပ်တည်မှုကို ကျေးဇူးတင်ရှိကြောင်း” သမ္မတကျန်ဇီမင်း က ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်တွင် သန်းရွှေသည် ၎င်း၏ စစ်ခေါင်းဆောင်အာဏာကို မစွန့်လွှတ်ခင် တရုတ်နိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့ပြီး၊ ထိုစဉ်က တရုတ်သမ္မတ ဟူကျင်ထောင်းနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ တရုတ်ဘက်က သတင်းထုတ်ပြန်ချက် တွင် မြန်မာသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကိုင်စွဲထားကြောင်း ထပ်မံအတည်ပြုသည် ဟုသာ တိုတောင်းစွာ ဖော်ပြခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်ရေးမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့ သော အထွေထွေရွေးကောက်ပွဲမှတဆင့် စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်သည် ဧပြီလ ၁ ရက်တွင် ဘောင်းဘီချွတ် အရပ်ဝတ်လဲပြီး သမ္မတ ဖြစ်လာသည်။ သမ္မတဖြစ်ပြီးမကြာမီ မေလထဲတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတဟူကျင်ထောင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုဖြစ်စဉ်သည် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ဘောင်းဘီချွတ် အရပ်ဝတ်လဲ သမ္မတရာထူးရယူပြီး တရုတ်နိုင်ငံသို့သွား ရောက်ခဲ့ခြင်းနှင့် အလားသဏ္ဌာန်တူပါသည်။
သို့သော် ထိုစဉ်က တရုတ်အစိုးရ၏ သိန်းစိန်-ဟူကျင်ထောင်း တွေ့ဆုံဆွေးနွေးမှု ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စွဲမြဲစွာရပ်တည်ထောက်ခံခြင်းအတွက် တရုတ်သမ္မတ ဟူကျင်ထောင်းက ကျေးဇူးတင်ရှိကြောင်း တိုတိုရှင်းရှင်းသာ ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်တွင် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲသို့ သွားရောက်ခဲ့သော သိန်းစိန်ကို ထိုစဉ်က ဒုတိယသမ္မတ ရှီကျင့်ဖျင် တွေ့ဆုံခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လတွင် ရှီကျင့်ဖျင် သမ္မတ ဖြစ်လာသည်၊ ထိုနှစ် ဧပြီလတွင် ကျင်းပခဲ့သော Boao Forum သို့ တက်ရောက်ရန် သွားရောက်ခဲ့သော သိန်းစိန်သည် သမ္မတရှီကို တွေ့ဆုံခဲ့ပြန်သည်။ ထို့အတူ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် သိန်းစိန်သည် တရုတ်နိုင်ငံသို့ နှစ်ကြိမ်စီ သွားရောက်ခဲ့ပြီး သမ္မတရှီနှင့် တွေ့ဆုံခဲ့သည်။
ထို့ကြောင့် သိန်းစိန်သည် သမ္မတသက်တမ်း ငါးနှစ်အတွင်း တရုတ်နိုင်ငံသို့ နှစ်တိုင်း သွားရောက်ခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်။ အဆိုပါ ခရီးစဉ်များအားလုံးတွင် တရုတ်အစိုးရသည် သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည့် သတင်းထုတ်ပြန်ချက်များတွင်၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပါ။ သိန်းစိန်သည် မြစ်ဆုံဆည် စီမံကိန်းကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့ခြင်းကြောင့် တရုတ်အစိုးရက အမျက်ဒေါသထွက်ခဲ့ပြီး၊ ထိုလုပ်ရပ်သည် အမေရိကန်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်လာရန် ကြိုးပမ်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများရှိခဲ့ရာ ၎င်းလက်ထက် မြန်မာ-တရုတ် ဆက်ဆံရေးအေးစက်သောကာလ ဖြစ်ခဲ့သည်။
၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရလာပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်၊ တရုတ်ဝန်ကြီးချုပ် လီကာရှင်း (Li Keqiang)နှင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သည်။
ယခင် စစ်ခေါင်းဆောင်များလက်ထက် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံရပ်တည်ကြောင်း ဖော်ပြမှုမျိုး ရှိခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်-လီကာရှင်း ပူးတွဲကြေညာချက်တွင် တိဗက်ဒေသနှင့် ရှင်ကျန်းဒေသ အရေးတွင် တရုတ်အစိုးရ၏ ရပ်တည်ချက်ကို နားလည်ထောက်ခံကြောင်း ထည့်သွင်းဖော်ပြခဲ့ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇- ၁၈ ရက်တွင် သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီး လာရောက်ခဲ့ပြီး၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုခရီးစဉ်အတွင်း လုပ်ငန်းစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ် ရေးထိုးခဲ့ပြီး၊ NLD အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ်က ဝန်ကြီးချုပ် လီကာရှင်းနှင့် ပူးတွဲ ကြေညာချက်တွင် ဖော်ပြခဲ့သည့်အတိုင်း တရုတ်တစ်နိုင်ငံတည်းမူဝါဒ၊ တိဗက်နှင့်ရှင်ကျန်းဒေသများ အရေးတွင် တရုတ်အစိုးရ၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ကြောင့် တိဗက်နှင့် ရှင်ကျန်းဒေသများအရေးတွင် NLD အစိုးရ၏ ရပ်တည်ချက်က ထိုဒေသများတွင် တရုတ် အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းအထန် ဝေဖန်ကန့်ကွက်လျက်ရှိသော အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ရပ်တည်ချက်နှင့် ဆန့်ကျင်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို သံတမန်ရေး မကျွမ်းကျင်မှု၊ အတွေ့အကြုံနည်းမှုအဖြစ် ဝေဖန်မှုများ ရှိခဲ့သည်။ ထို့အပြင် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်အစိုးရ၏ အခိုင်အမာထောက်ခံမှု ဒေါ်အောင်ဆန်းစုကြည် ရရှိသွားမည်ကို မလိုလားသော စစ်ဗိုလ်ချုပ်များ အသိုင်းအဝိုင်းကြား စိုးရိမ်မှုနှင့် ဝေဖန်မှုများ ရှိခဲ့ကြောင်း မှတ်သားခဲ့ဖူးသည်။
စင်စစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အစိုးရခေါင်းဆောင်များအကြား ဆက်ဆံရေး ခိုင်မာအားကောင်း လာသည်နှင့်အမျှ ပြည်တွင်းနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ ပိုမိုတည်ငြိမ်ခိုင်မာလာမည်ကို စစ်ဗိုလ်ချုပ်များ စိုးရိမ်ခြင်း ဖြစ်သည်။ အမှန်တကယ်လည်း သမ္မတရှီကျင့်ဖျင်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအကြား ဆက်ဆံရေး မည်မျှကောင်းမွန် လာသနည်းဆိုလျှင် သိန်းစိန်၏ သမ္မတသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် မစဉ်းစားခဲ့သော သမ္မတရှီသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ ဖိတ်ကြားမှုကို လက်ခံ၍ ၂၀၂၀ ပြည့်နှစ်တွင် လာရောက်ခဲ့ခြင်းက သက်သေပင် ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့ပြီးနောက် ထိုဆက်ဆံရေး တစ်ခန်းရပ်တန့်ခဲ့သည်။ နိုင်ငံတော်အာဏာကို မည်သည့်နည်းနှင့်ရသည်ဖြစ်စေ၊ အာဏာရှိသူနှင့်သာ ဆက်ဆံမည့်မူဝါဒစွဲကိုင်ထားသော တရုတ်ခေါင်းဆောင်များသည် ယခုအခါ မင်းအောင်လှိုင်ကို အသိအမှတ်ပြုဆက်ဆံလာသည်။ မင်းအောင်လှိုင်ကို ပြည်သူ မထောက်ခံလေ၊ တရုတ်ခေါင်းဆောင်များ ကြိုးကိုင်ခြယ်လှယ်ရ လွယ်ကူလေလေ မဟုတ်ပါလား။
သမ္မတရှီ အလိုကျ မင်းအောင်လှိုင်၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ
၂၀၀၃-၂၀၂၆ ခုနှစ်ကာလ မြန်မာ-တရုတ်ဆက်ဆံရေး ၂၃ နှစ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော စစ်ဘက် နှင့် အရပ်ဘက်ခေါင်းဆောင်များ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံမှု ပုံသဏ္ဌာန် အဆင့်မျိုးမျိုးထဲတွင် ယခုနောက်ဆုံး ဇွန်လ ၁၇ ရက်တွင် တရုတ်အစိုးရ ထုတ်ပြန်ခဲ့သော မင်းအောင်လှိုင်-ရှီကျင့်ဖျင် ပူးတွဲကြေညာချက်တွင် သုံးနှုန်းဖော်ပြထားပုံမှာ အရှည်လျားဆုံး ဖြစ်ပြီး၊ သမ္မတရှီကျင့်ဖျင်၏ အသိအမှတ်ပြုထောက်ခံမှုရရှိရေး မည်မျှကျိုးနွံနာခံလျက်ရှိပုံကို ပေါ်လွင်စေပါသည်။
ပူးတွဲကြေညာချက်တွင် “မြန်မာနိုင်ငံဘက်မှ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုက်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့်တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း အသိအမှတ် ပြုလျက်၊ ‘တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမူဝါဒ’ ကို ကိုင်စွဲထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်လောင်းကတိပြုပါသည်။ မြန်မာနိုင်ငံသည် မည်သည့်ပုံစံဖြင့်မဆို ပြုလုပ်သည့် ‘ထိုင်ဝမ်လွတ်လပ်ရေး’ ဆောင်ရွက်မှုများကို ဆန့်ကျင်ပြီး ထိုင်ဝမ်နှင့် မည်သည့်တရားဝင် ဆက်သွယ်မှုမျိုးကိုမျှ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ၏ အာဏာသက်ရောက်မှုသည် အငြင်းပွားဖွယ်ရာမရှိကြောင်း အလေးထားပြောကြားလျက် နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်အားလုံးကို ခိုင်မာစွာ ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဟောင်ကောင်၊ ရှင်ကျန်းနှင့် ရှီးကျန့်တို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအဖြစ် မှတ်ယူပြီး အဆိုပါ ကိစ္စရပ်များအပေါ် တရုတ်ဘက်၏ တရားမျှတသော ရပ်တည်ချက်ကို ခိုင်မာစွာ ပံ့ပိုး ကူညီသွားမည် ဖြစ်သည်” ဟု မြန်မာ့အလင်းသတင်းစာတွင် ရှည်လျားစွာ ဖော်ပြထားသည်။
အထက်စာပိုဒ်ပါ စကားရပ်များကို သေချာစေ့ငုစွာ လေ့လာမည်ဆိုလျှင် မင်းအောင်လှိုင်သည် သမ္မတရှီကျင့်ဖျင် အလိုကျ မည်မျှ “ဖော်လံဖား” ထားသည်ကို အထင်အရှားတွေ့ရမည်ဖြစ်သည်။ ဥပမာ “ကမ္ဘာပေါ်တွင် တရုတ် တစ်နိုင်ငံတည်းသာ ရှိကြောင်း” ဆိုသည့် စကားရပ်မှာ သံတမန်ဆက်ဆံရေးလောကတွင် ပြောစရာမလိုသော အပိုစကား ဖြစ်သည်။ ထို့အတူ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်ကြောင်း” ဆိုသည့် စကားရပ်မှာလည်း ပြောစရာမလိုသော အပိုစကားဖြစ် သည်။
စင်စစ် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ဟု ပြောလိုက်သည်နှင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဆိုသည့် အဓိပ္ပာယ်ကို ရည်ညွှန်းကြောင်း သံတမန်ဆက်ဆံရေးလောကတွင် နိုင်ငံတိုင်းသိကြသော အချက် ဖြစ်ပြီး၊ အထက်ပါ အပိုစကားရပ်များ ပြောစရာပင် မလိုအပ်ပါ။ ထို့ကြောင့် ၎င်း၏ ဆရာသမားများဖြစ်သော သန်းရွှေနှင့် သိန်းစိန် တို့သည် တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့၊ တရုတ်ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် ကြေညာချက်များ ထုတ်ပြန်ခဲ့ဖူးသော်လည်း ထိုစကားရပ်များ မပါဝင်ခဲ့ပါ။
ထို့အပြင် မင်းအောင်လှိုင်သည် ဆရာ့ထက် တပည့်လက်စောင်းထက်လို၍လားမသိ၊ သန်းရွှေနှင့် သိန်းစိန်တို့ မလှမ်းခဲ့ဖူးသော အန္တရာယ်များသည့် ခြေလှမ်းကို တရုတ်ခရီးစဉ်အတွင်း လှမ်းခဲ့သည်။ ယင်းမှာ အလွန်အကဲဆတ်သော ထိုင်ဝမ်အရေးတွင် မင်းအောင်လှိုင် က “ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်အားလုံးကို ခိုင်မာစွာ ပံ့ပိုးကူညီသွားမည်” ဟု ပူးတွဲကြေညာချက်တွင် ထည့်သွင်း ကတိကဝတ်ပြု ခဲ့ပြီး၊ တရုတ်အစိုးရ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင်လည်း Myanmar firmly supports all efforts made by China to achieve national reunification ဟု ဖော်ပြထားသည်။
အဓိပ္ပာယ်အားဖြင့် တရုတ်အစိုးရက ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်လျှင် မြန်မာက တရုတ်ဘက်မှ ရပ်တည်ကူညီမည် ဟု အတိအလင်း ကတိကဝတ်ပြုလိုက်ခြင်း ဖြစ်သည်။ ယင်းအချက်သည် သမ္မတရှီကျင့်ဖျင်၏ အသိအမှတ်ပြုမှုနှင့် အကာအကွယ်ပေးမှုကို သေရေးရှင်ရေးတမျှ လိုအပ်နေသော မင်းအောင်လှိုင်က တရုတ် အလိုကျ သဘောတူခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ လွတ်လပ်မှုနှင့် ပြည်သူများ၏ လုံခြုံရေး အတွက် အလွန်အန္တရာယ်များသော အချက် ဖြစ်သည်။
အကြောင်းမှာ သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၏ စစ်အင်အား (အထူးသဖြင့် ရေတပ်အင်အား) ကို အကြီးအကျယ် တိုးချဲ့နေခြင်းကြောင့် တရုတ်သည် မဝေးလှသောကာလတွင် ထိုင်ဝမ်ကို စစ်အင်အားသုံး သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဟု နိုင်ငံတကာ လုံခြုံရေး လေ့လာစောင့်ကြည့်နေသော ပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများရှိနေပြီး၊ ၂၀၂၇ ခုနှစ်တွင် တရုတ်သည် ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်သိမ်းပိုက်နိုင်ခြေရှိသည်ဟု ဟောကိန်းများလည်း ရှိနေသည်။
တရုတ်က ထိုင်ဝမ်ကို စစ်ရေးနည်းလမ်းသုံး သိမ်းပိုက်လျှင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နိုင်ပြီး၊ ထိုနည်းလမ်းကို ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ဆန့်ကျင်ကြသည်။ ထိုကဲ့သို့ ဖြစ်လာပါက တရုတ်၏ အသက် သွေးကြောဖြစ်သည့် နိုင်ငံ၏ ရေနံလိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရသည့် မလက္ကာ ရေလက်ကြားကို အမေရိကန်နိုင်ငံက ချက်ချင်း ဖြတ်တောက်ပိတ်ဆို့ပြီး၊ တရုတ်ကို အနိုင်ယူနိုင်ပါသည်။
အဆိုပါ အားနည်းချက်ကို ကောင်းစွာသိရှိထားသော တရုတ်ခေါင်းဆောင်များသည် မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ ယူနန်ပြည်နယ်အထိ ပိုက်လိုင်းဖြင့်သွယ်တန်း တင်သွင်းမည့် “ကယ်ပေါက်” ကို ဖန်တီးထားပြီးဖြစ်သည်။ သို့သော် ထိုမျှနှင့် မလုံလောက်၊ စိတ်မချရပါ။ မြန်မာသည် တရုတ်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝသဘောတူရန် တရုတ်ခေါင်းဆောင်များ လိုချင်ပုံရသည်။
ထိုအခါ တရုတ်၏ အသိအမှတ်ပြုမှုကို သေရေးရှင်ရေးတမျှ လိုအပ်နေသော မင်းအောင်လှိုင်၏ အခြေအနေကို ရိပ်စားမိသော သမ္မတရှီအတွက် မြန်မာမြေကို တရုတ်၏ မဟာဗျူဟာလုံခြုံရေးအစီအမံများ အကောင်အထည် ဖော်ရာတွင် ကောင်းစွာအသုံးချရန် ကြံစည်လာပြီ ဖြစ်သည်။ ထိုအချက်ကို ပံ့ပိုးပေးသော တရုတ်-မြန်မာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်ကို ပူးတွဲကြေညာချက်တွင် တွေ့ရပါသည်။
မြန်မာ့အချုပ်အခြာအာဏာလွတ်လပ်ရေး ဆုံးရှုံးနိုင်သော တရုတ်ကြီးစိုးလွှမ်းမိုးမှု အရှိန်မြင့်လာခြင်း
သမ္မတရှီကျင့်ဖျင်သည် မင်းအောင်လှိုင်ဦးဆောင်သော တရုတ်ရင်ခွင်ပိုက်အစိုးရကို နိုင်ငံတကာ အသိအမှတ်ပြု လာရန် ကူညီမည် ဟု ကတိကဝတ်ပြုခဲ့ပြီး၊ အပြန်အလှန်အားဖြင့် ၎င်း၏ တရုတ်လွှမ်းမိုးကြီးစိုးမည့် ကမ္ဘာ့အစီအမံအသစ်များကို မင်းအောင်လှိုင်၏ ခြွင်းချက်မရှိ ထောက်ခံမှုအား အခိုင်အမာ ရယူလိုက်ပြီ ဖြစ်သည်။
ထိုအချက်ကို သမ္မတရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative) ၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative) ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု အစီအမံ (Global Civilization Initiative)နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (Global Governance Initiative) အားလုံးကို မင်းအောင်လှိုင်တစ်ယောက် မျက်ကန်းတစ္ဆေမကြောက် ခြေစုံပစ် ထောက်ခံနေပုံကို ကြည့်ခြင်းဖြင့် သိမြင်နိုင်ပါသည်။
ထို့အပြင် “တရုတ်-မြန်မာ လုံခြုံရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု” (China-Myanmar Security Partnership) ထူထောင်ရန် လုပ်ဆောင်မည်ဟု သဘောတူညီခဲ့ပြီး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုသည့် အနက်အဓိပ္ပာယ်မှာ စစ်ရေးမဟာမိတ်ဖွဲ့ခြင်းအထိ ကျယ်ပြန့်ပါသည်။ ယနေ့အချိန်ထိ မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ နိုင်ငံအနှံ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းခံနေရသည့်အတွက် ၎င်း၏အာဏာသည် ခိုင်မြဲမှုမရှိဘဲ၊ ထိုကဲ့သို့ အခြေအနေတွင် တရုတ်အစိုးရ၏ စစ်ရေးအရ အကာအကွယ်ပေးမှုကို တိုး၍ရယူရန် ခြေလှမ်းပြင်လာခြင်းဟု သုံးသပ်နိုင်ပါသည်။
အခြားတစ်ဖက်တွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူရန် လွန်ခဲ့သောနှစ်များအတွင် မင်းအောင်လှိုင်ကို ဆက်တိုက်ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း၊ ထိုအခြေအနေမှာ တိုးတက်မှု များစွာမရှိခဲ့ပါ။ ထို့ကြောင့် ရခိုင်ကမ်းရိုးတန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများကဲ့သို့ တရုတ်အစိုးရအတွက် ပထဝီမဟာဗျူဟာအရ အလွန်အရေးပါလှသော နေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့များ တိုက်ရိုက်ဖြန့်ကြက်ခြေကုပ်စခန်းဖွင့်၍ ကာကွယ်မည့် အစီအစဉ်ကို မင်းအောင်လှိုင် သဘောတူညီခဲ့ပြီလား ဟူသော သံသယဖြစ်စရာ မေးခွန်း ရှိလာပြီဖြစ်သည်။
မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးတွင် လွတ်လပ်သောနိုင်ငံများသည် အင်အားကြီးနိုင်ငံတို့၏ အုပ်စုဖွဲ့မှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် အချုပ်အခြာအာဏာ လွတ်လပ်မှု ဆုံးရှုံးသည့် ဖြစ်ရပ်များစွာကို တွေ့မြင်နိုင်ပါသည်။ အင်အားကြီးနိုင်ငံများသည် အတိတ်ကာလ ကိုလိုနီခေတ်ကဲ့သို့ စစ်ရေးအရ နယ်မြေသိမ်းပိုက်သည့် လုပ်ရပ်မျိုး လုပ်ရန် မလိုအပ်တော့ပါ။ ၎င်းအစား သက်ဆိုင်ရာနိုင်ငံတွင် ၎င်းတို့ကြိုးဆွဲနိုင်သော ရင်ခွင်ပိုက်အစိုးရများ အာဏာရရှိရေး၊ ၎င်းတို့၏မူဝါဒများကို ထောက်ခံလိုက်နာကျင့်သုံးမည့် အစိုးရခေါင်းဆောင်များ တင်မြှောက်ရေး စသည့် နည်းလမ်းများ ကျင့်သုံးလာကြသည်။
ထိုနည်းလမ်းအတိုင်း တရုတ်အစိုးရသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားမဝင် အာဏာသိမ်းခေါင်းဆောင်ဘဝမှ နိုင်ငံတကာအသိအမှတ်ပြု ရွေးကောက်ခံခေါင်းဆောင်ဘဝအဖြစ် အသွင်ပြောင်းရန် ကုလသမဂ္ဂနှင့် အာဆီယံ လက်ခံလာစေရန် ၎င်း၏ ဩဇာအရှိန်အဝါကိုသုံး၍ ကူညီပါလိမ့်မည်။ သို့သော် မင်းအောင်လှိုင် ပြန်ပေးခဲ့ရသော တန်ရာတန်ကြေးမှာ ကြီးမား လှပါသည်။
တရုတ်နိုင်ငံသည် မြန်မာကို ၎င်းတို့၏ လုံခြုံရေးထီးရိပ်အောက် သွတ်သွင်းလိုက်ပြီး၊ နေပြည်တော်နှင့် မြို့ကြီးများမှလွဲ၍ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးကြောင့် အာဏာသက်ရောက်မှုနှင့် ခိုင်မြဲမှုမရှိသော မင်းအောင်လှိုင် အစိုးရသည် တရုတ် “ရင်ခွင်ပိုက်အစိုးရ” ဖြစ်လာသည်။ မြန်မာ့အနာဂတ်သည် တရုတ်နှင့် မျှဝေထားသော အနာဂတ် ဖြစ်လာသည်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ပြီး တရုတ်နှင့်တန်းတူ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံနိုင်သော မြန်မာနိုင်ငံကို ပိုင်ဆိုင်နိုင်ရန်မှာ မင်းဆိုးမင်းညစ်ကို ဖယ်ရှားနိုင်မှ ရလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။



