ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်၊ သူ့မွေးနေ့ကို စစ်တပ်ရဲ့ အကျဉ်းချခံရင်းနဲ့ပဲ ကျော်ဖြတ်ရပါတယ်။ ဧပြီလနှောင်းပိုင်းက သူ့ကို “သတ်မှတ်ထားတဲ့ နေအိမ်” တစ်ခုဆီ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ဆိုပေမယ့် မိသားစုနဲ့ အဆက်အသွယ် မရသလို ကျန်းမာရေး အခြေအနေ၊ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာတွေကို သီးခြား အတည်ပြုနိုင်တာမျိုး အခုထိ မရှိသေးပါဘူး။
အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာလာချိန်အထိ မြန်မာနိုင်ငံက နေ့စဥ် ဖြစ်ပေါ်နေတဲ့ ရုန်းကန် တော်လှန်မှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ခြင်း မရှိပါဘူး။ သူ အဖမ်းခံရပြီးနောက် ပေါ်ပေါက်လာတဲ့ ခုခံတော်လှန်ရေးဟာလည်း လူငယ်တွေ ဦးဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေး ဖြစ်လာပြီး သူ့ရဲ့ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်ကို အများကြီး ကျော်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်လို ပြင်ပ အင်အားကြီးနိုင်ငံကမှ မြန်မာ့အနာဂတ်ထဲကနေ လုံးဝ ဖယ်ထုတ်ပစ်လို့မရတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ရှိနေဆဲပါ။
တစ်ဖက်မှာလည်း နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အခုအချိန်မှာ ပြောဆိုနေကြတာတွေဟာ သူ့ရဲ့ လက်ရှိ အခြေအနေထက် သူတို့ နိုင်ငံတွေရဲ့ ကိုယ်ပိုင် အကျိုးစီးပွား ဦးစားပေးမှုတွေကို ပိုပြီး ဖော်ပြနေပါတယ်။ ပြင်ပနိုင်ငံကြီးတွေက သူ့ကို နိုင်ငံရေး၊ သံတမန်ရေး အရ ဘယ်လို အသုံးချလို့ရမလဲ တွက်ချက်နေချိန်မှာ သူ့ကို ဖမ်းဆီးထားသူတွေကတော့ ခေတ်ဟောင်းက အတွေးအခေါ်တွေနဲ့ပဲ ဆက်ပြီး ရှင်သန်နေကြပါတယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ နည်းဗျူဟာနဲ့ အမြစ်တွယ်နေတဲ့ အမုန်း
စစ်တပ်က ပြင်ပဖိအားတွေကို လျှော့ချဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို တစ်ခါတလေ ထုတ်သုံးတတ်သလို သီးသန့်တွေ့ဆုံမှုတွေမှာ “သူ့အကြောင်း ပြောပါတယ်” ဆိုတာမျိုးတွေ အရိပ်အမြွက် ထုတ်ဖော် ပြောဆိုတတ်ပါတယ်။ ဒါပေမဲ့ သူ့အပေါ် ထားရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ပကတိ အမြင်ကတော့ ကြောက်ရွံ့မှု၊ မုန်းတီးမှုနဲ့ သေးသိမ်မှုတွေပေါ်မှာပဲ အခြေခံထားတာ သမိုင်းနဲ့ချီပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ရရှိနေတဲ့ ပြည်သူ့ထောက်ခံမှုလိုမျိုး သူတို့ဘယ်တော့မှ ဖန်တီး တည်ဆောက်ယူလို့ မရတာကြောင့်လည်း သူ့ကို မနာလိုဖြစ်ကြတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချင်ရုံသက်သက်မဟုတ်ဘဲ နိုင်ငံရေးအရပါ ချေမှုန်းပစ်ချင်ခဲ့ကြတာပါ။
အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေရဲ့ အတ္ထုပ္ပတ္တိကို ရေးသားသူ Benedict Rogers ရဲ့ စာအုပ်ထဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Razali Ismail က ဒေါ်အောင်ဆန်းစုကြည်ဟာ “စစ်တပ်ကို အသေအလဲ ကြောက်လန့်စေခဲ့တယ်” လို့ ပြောခဲ့ဖူးကြောင်း ဖော်ပြထားတယ်။ နိုင်ငံခြား သံအမတ်တစ်ဦးက သူ့ရဲ့ နာမည်ကို ထည့်ပြောလိုက်တဲ့အတွက် ဗိုလ်သန်းရွှေက အစည်းအဝေးခန်းထဲကနေ ချက်ချင်း ထွက်သွားခဲ့ဖူးလောက်အောင် ပုဂ္ဂိုလ်ရေး မုန်းတီးမှုက ပြင်းထန်လွန်းတယ်လို့လည်း ၂၀၀၇ ခုနှစ်မှာ ရိုက်တာသတင်းက ဖော်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမုန်းတရားက နိုင်ငံရေးအရ အပေးအယူလုပ်ဖို့ အများကြီး အဟန့်အတား ဖြစ်စေခဲ့သလို အလားတူ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ မနှစ်မြို့မှုနဲ့ မယုံကြည်မှုတွေကလည်း ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် သူ့ရဲ့ စဥ်းစား ဆုံးဖြတ်ချက်တွေမှာ အဓိကဖြစ်ခဲ့ပုံရတယ်လို့ မြန်မာ့အရေးကို ကာလရှည် လေ့လာသုံးသပ်နေသူ Andrew Selth က ရေးသားခဲ့ပါတယ်။
ဗိုလ်မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးဟာ ရေခဲလို အေးစက်မနေရင်တောင် အတော်လေး ခပ်တန်းတန်း အနေအထားနဲ့ မာကျောခက်ထန်ခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ရှုမြင်ခဲ့တာ ကြာပါပြီ။ စစ်တပ်က ချထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောင်ချောက်တွေကို ကျော်ဖြတ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် သမ္မတနေရာကို ကျော်ပြီး ပုံစံတစ်မျိုးနဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့တာ၊ သမ္မတဖြစ်ဖို့ ကာလရှည် မျှော်လင့်ထားခဲ့တဲ့ သူ့အိပ်မက်ကို ပိတ်ဆို့ခဲ့တာတွေကြောင့် ဗိုလ်မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အကြီးအကျယ် နာကြည်းခဲ့ပါတယ်။ အဲဒီ ပြင်းထန်တဲ့ ပုဂ္ဂိုလ်ရေး နာကြည်းချက်ဟာ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းတယ်၊ မဲလိမ်တယ်ဆိုတဲ့ သူ့ရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို လက်ခံဆွေးနွေးဖို့ ငြင်းဆန်လိုက်တဲ့ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ အခြေအနေတွေက အဆုံးစွန်ဖြစ်သွားခဲ့ပါတော့တယ်။
တကယ်တော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခဲ့တာ အစောပိုင်းကာလတွေကတည်းက ရှိခဲ့တာပါ။ ၁၉၈၉ ခုနှစ်၊ ဧပြီလ မြစ်ဝကျွန်းပေါ် စည်းရုံးရေး ခရီးစဥ်၊ ဓနုဖြူမြို့မှာ စစ်သားတွေက သူ့ကို သေနတ်နဲ့ ချိန်ရွယ်ပြီး ပစ်ခတ်ဖို့အထိ ဖြစ်ခဲ့တယ်။ အဲဒီဖြစ်စဥ်မှာ ပါဝင်တဲ့ ဗိုလ်ကြီးတစ်ဦးရဲ့ နောက်ပိုင်း ဖွင့်ဟဝန်ခံချက်ထဲမှာ သူ့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ဖို့ အမိန့်ရထားတယ်လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကို ချိန်ထားတဲ့ သေနတ်တွေဆီ တည့်တည့်ပဲ လျှောက်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီဖြစ်စဥ်မှာ အထက်အရာရှိတစ်ဦးက ဝင်ရောက်တားဆီးခဲ့လို့သာ သူ အသက်ရှင်ခဲ့တာပါ။
၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာလည်း စစ်တပ်ထောက်ခံသူ လူတစ်စုက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကို သံကြိုးတွေ၊ တုတ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကားမှန်တွေကို ရိုက်ခွဲခဲ့ကြတယ်။ အဲဒီဖြစ်စဥ်မှာလည်း အသင့်စောင့်ဆိုင်းနေကြတဲ့ စစ်တပ်လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေခဲ့ကြတယ်။
နောက်ထပ် ခုနစ် နှစ်အကြာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ စစ်တပ်က လက်သပ်မွေးထားတဲ့၊ သံတုတ်တွေ၊ ဝါးချွန်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စုက စစ်ကိုင်းတိုင်း ဒီပဲယင်းအနီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကို တိုက်ခိုက်ခဲ့ပြန်ပါတယ်။ သူကိုယ်တိုင် အသက်ဘေးကနေ သီသီလေး လွတ်မြောက်သွားပေမယ့် သတ်ဖြတ်ခံခဲ့ရသူတွေ ရှိခဲ့တယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ စစ်တပ် ဆိုတဲ့ အဖွဲ့အစည်းဟာ သူ့ကို နိုင်ငံရေး အရ ပျောက်ကွယ်သွားစေချင်ရုံသာမက တခါတလေမှာ ကိုယ်ထိလက်ရောက် အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးစားခဲ့တဲ့ သမိုင်းရှိသူတွေ ဖြစ်တယ်။
အနောက်အုပ်စုရဲ့ ရှုမြင်ချက် အပြောင်းအလဲ
အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပေါ်ပေါ်ထင်ထင် တောင်းဆိုနေကြဆဲပါ။ သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ ဆေးဝါးကုသခွင့်ရဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားတယ်။ ဗြိတိန်ကတော့ မိသားစုနဲ့ အဆက်အသွယ်ရဖို့ ဖိအားပေးနေတယ်။ ဥရောပသမဂ္ဂ (EU) က စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ ပယ်ချထားသလို မြန်မာနိုင်ငံက မတရား ဖမ်းဆီးခံထားရသူတွေ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပါဝင်နေဆဲဖြစ်တယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ မူဝါဒတွေကို ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်ပြီး ရှုမြင်သုံးသပ်တဲ့ ခေတ်ကတော့ ကုန်ဆုံးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာဟာ ရိုဟင်ဂျာ အရေးကိစ္စကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ရတာကြောင့်ပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ အနောက်နိုင်ငံအစိုးရတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်တာ၊ လူသားချင်းစာနာမှု အကူအညီပေးတာ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ပိုကျယ်ပြန့်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ထိတွေ့ဆက်ဆံတာ စတဲ့ဘက်တွေကို ဦးစားပေးလာခဲ့ကြတယ်။ အနောက်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လုံးဝ ပစ်ပယ်ထားတာမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ လွတ်မြောက်ရေးကို မြန်မာ့ ဒီမိုကရေစီ အနာဂတ်ရဲ့ တစ်ခုတည်းသော တိုင်းတာမှုပေတံအဖြစ် သတ်မှတ်မထားတော့ပါ။
အာဆီယံရဲ့ ထိတွေ့ဆက်ဆံရေး စမ်းသပ်ချက်များ
အာဆီယံအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သံတမန်ရေး စမ်းသပ်ချက်တစ်ခု ဖြစ်နေပါတယ်။ အာဆီယံတစ်ဖွဲ့လုံးအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ကို တိုက်ရိုက် ထုတ်ပြောဖို့ ဝန်လေးတတ်ပါတယ်။ အဖွဲ့ရဲ့ ဘုံသဘောတူညီချက် စာသားတွေမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ ကိုယ်စားလှယ်တွေ တွေ့ဆုံခွင့်ရရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး စတဲ့ ပိုမိုကျယ်ပြန့်တဲ့ တောင်းဆိုမှုတွေထဲမှာပဲ သူ့ကို ထည့်သွင်းပြောဆိုလေ့ ရှိတယ်။
အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ အဖွဲ့ရဲ့ ပုံမှန် သတိထားပြောဆိုတတ်တဲ့ မူဘောင်ထက် ပိုတိုးပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားတွေ ပိုပြီးလွှတ်ပေးဖို့ တောင်းဆိုခဲ့သလို အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ပါ တောင်းဆိုခဲ့တယ်။ အဲဒီအပြင် စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေအဖြစ် သူ့ကို မိသားစုနဲ့ ဆက်သွယ်ခွင့် ပေးသင့်တယ်လို့လည်း ပြောခဲ့တယ်။
အာဆီယံထဲမှာ နေပြည်တော်နဲ့ ဆက်ဆံရေး အားအကောင်းချင်ဆုံးလို့ ဆိုနိုင်တဲ့ ထိုင်းနိုင်ငံကတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိစ္စကို ပြီးခဲ့တဲ့ ဧပြီလမှာ ဗိုလ်မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အာဆီယံ နိုင်ငံတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စိုးရိမ်နေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အရေးဟာ အခုအခါမှာ ပိုမိုကျယ်ပြန့်လာနေတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာစစ်တပ်ကို ထိတွေ့ဆက်ဆံရေး လမ်းကြောင်းတွေနဲ့ ပိုသက်ဆိုင်လာနေတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မေလမှာ နေပြည်တော်ကို သွားရောက်ခဲ့သလို အင်ဒိုနီးရှားကလည်း ဇွန်လ ၈ ရက်မှာ သွားရောက်ခဲ့တယ်။ လာအို နိုင်ငံခြားရေးဝန်ကြီးလည်း ဇွန်လ ၁၁- ၁၃ ရက်တွေမှာ သွားရောက်ခဲ့တယ်။ အာဆီယံ အစိုးရတွေအနေနဲ့ ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ပိုပြီး စမ်းသပ်လာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးဆိုတာဟာ နေပြည်တော်ဘက်က ပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေး စကားတွေက တကယ်ပဲ အနှစ်သာရ ရှိ၊ မရှိဆိုတာကို တိုင်းတာမယ့် အတိုင်းအတာတစ်ခု ဖြစ်လာနေပါတယ်။
အိန္ဒိယရဲ့ အကျိုးစီးပွား ပထမ မူဝါဒ
အိန္ဒိယရဲ့ ရပ်တည်ချက်က ပိုပြီး အေးစက်မာကျောသလို သူတို့ရဲ့ ကိုယ်ကျိုးကိုပဲ အဓိကထား ပုံဖော်တာတွေ့ရတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ငယ်ဘဝကို အိန္ဒိယမှာ ကုန်လွန်ခဲ့တာပါ။ နယူးဒေလီမြို့တော်က Lady Shri Ram ကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့အပြင် အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး ဂျဝါဟာလာ နေရူး မိသားစုနဲ့ မျိုးဆက်လိုက် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။ ဒါပေမဲ့ သမိုင်းဝင်တဲ့ သံယောဇဉ်တွေဟာ မဟာဗျူဟာမြောက် တွက်ချက်မှုတွေအောက်မှာ ကျရှုံးခဲ့ပါတယ်။
ဇွန်လဆန်းပိုင်းက ဗိုလ်မင်းအောင်လှိုင် နယူးဒေလီကို လာရောက်စဉ်မှာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဒေါ်အောင်ဆန်းစုကြည် အရေးကို ထည့်သွင်းပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တိုက်တွန်းခဲ့တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမဲ့ သူ့ကို လွှတ်ပေးဖို့ အိန္ဒိယအစိုးရက လူသိရှင်ကြား တောင်းဆိုတာမျိုး မရှိခဲ့ပါဘူး။ အဲဒီအစား သူ့ကို ဖမ်းဆီးထားသူကို နိုင်ငံတော် အကြီးအကဲ တစ်ဦးသဖွယ် အဆောင်အယောင်တွေနဲ့ လက်ခံတွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက်ဆွေးနွေးပွဲတွေကလည်း မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးထက် နယ်စပ်လုံခြုံရေး၊ အိန္ဒိယ ပြည်မအစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်တွေရဲ့ လှုပ်ရှားမှု၊ အရေးပါတဲ့ သတ္တုတွင်းထွက်တွေနဲ့ ရပ်တန့်နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအပေါ်မှာပဲ အဓိက အာရုံစိုက်ခဲ့ကြပါတယ်။
အိန္ဒိယအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသူနဲ့ ထိတွေ့ဆက်ဆံရေးက ဒီမိုကရေစီ စံနှုန်းတွေထက် ပိုအရေးကြီးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ နိုင်ငံရေးအရ အပေးအယူလုပ်၊ အင်အားချိန်ခွင်လျှာ ချိန်ညှိတဲ့ နိုင်ငံရေး သက်သက်ပါပဲ။
တရုတ်အတွက် အသုံးဝင်ဆဲ “မိတ်ဆွေဟောင်း”
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ စကားလုံးတွေကိုကြည့်ရင်တော့ အသေအချာကို ချိန်ဆတွက်ချက်ထားတာကို မြင်နိုင်တယ်။ ဧပြီလ နှောင်းပိုင်းမှာ ပေကျင်းက ဒေါ်အောင်ဆန်းစုကြည်ကို “မိတ်ဆွေဟောင်း” လို့ ခေါ်ဆိုခဲ့ပြီး သူ့ရဲ့ အခြေအနေကို “အမြဲတမ်း စိတ်ထဲမှာ ရှိနေခဲ့တယ်” လို့ ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မတောင်းဆိုခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲကတဆင့် ရရှိထားတဲ့ အာဏာကိုလည်း အသိအမှတ် မပြုခဲ့ပါဘူး။
အဲဒီလို “မိတ်ဆွေဟောင်း” လို့ လူသိရှင်ကြား ထုတ်မပြောခင် ရက်ပိုင်းကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဗိုလ်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်အနေနဲ့ စစ်ခေါင်းဆောင်ကို သူ့ရဲ့ “သမ္မတ” ဆိုတဲ့ အသွင်ပြောင်းမှုနဲ့ တရားဝင်ဆက်ဆံဖို့ အထင်အရှားကို ကြိုတင် ပြင်ဆင်ထားပြီးသားပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှုန်းခဲ့တဲ့ “မိတ်ဆွေဟောင်း” ဆိုတဲ့ စကားလုံးကတော့ တရုတ် သံတမန်ရေးရာမှာ သံယောဇဉ်ရှိလို့ ပြောတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအရ အဆင်ပြေအောင် သုံးတဲ့ ဝေါဟာရ တစ်ခုသာ ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက တရုတ်ဟာ သူတို့ ဖြစ်စေချင်တဲ့ လမ်းကြောင်းဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရင်ကြားစေ့ရေးနဲ့ ရွေးကောက်ပွဲဆိုတဲ့ အချက်ကို ပြသဖို့ ဗိုလ်သိန်းစိန်နဲ့ ဗိုလ်သန်းရွှေလို စစ်အာဏာရှင်ဟောင်းကြီးတွေကို အလားတူ မိတ်ဆွေဟောင်း သံတမန်ရေးမျိုး အသုံးပြုခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရှိနေတုန်းကလည်း တရုတ်ဟာ အကျိုးစီးပွားအခြေခံတဲ့ အလုပ်သဘော ဆက်ဆံရေးမျိုး ရှိခဲ့တာပါပဲ။အဓိကကျတဲ့ မဟာဗျူဟာ စီမံကိန်းတွေအတွက် နိုင်ငံရေးအရ အကာအကွယ်တွေ ရယူခဲ့ပါတယ်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အင်အားသုံး ဖယ်ရှားလိုက်တဲ့ အချိန်မှာလည်း တရုတ်က သိပ်ပြီး တွန့်ဆုတ်မနေဘဲ ချက်ချင်းဆိုသလို သူ့ရဲ့ ရပ်တည်ချက် အနေအထား ပြောင်းလဲသွားခဲ့ပါတယ်။
အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ထုတ်သုံးတာကလည်း ရည်ရွယ်ချက်က ရှင်းပါတယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့ ဆက်ဆံရေး မပြတ်စေဘဲ တစ်ဖက်မှာလည်း အတိုင်းအတာတစ်ခုအထိ စိုးရိမ်ကြောင်း ထုတ်ပြသတာ၊ တရုတ်အပေါ် ထားရှိတဲ့ ပြည်သူလူထုရဲ့ ဒေါသကို လျှော့ချတာနဲ့ အခြေအနေအမျိုးမျိုးမှာ တရုတ်အစိုးရအတွက် လမ်းကြောင်းတွေ ဆက်ပွင့်နေအောင် လုပ်တာမျိုးပဲ ဖြစ်ပါတယ်။
အသက် ၈၁ နှစ် အရွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး သူ့ကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရ ရှောင်လွှဲလို့မရတဲ့သူအဖြစ် ဆက်ရှိနေဆဲပါ။ အနောက်နိုင်ငံတွေက သူ့ကို မူဝါဒရေးရာအရ ထုတ်သုံးကြတယ်။ အာဆီယံက သူနဲ့ တွေ့ဆုံခွင့်ကို သံတမန်ရေး စမ်းသပ်ချက်တစ်ခုအဖြစ် သတ်မှတ်ကြတယ်။ အိန္ဒိယက သူ့ကို ဖမ်းထားတဲ့သူကို အသိအမှတ်ပြု ဆက်ဆံနေရင်း သူ့အရေးကို ထည့်ပြောတယ်။ တရုတ်က သူ့ကို ဖမ်းဆီးထားတဲ့ အစိုးရကို ကျောထောက်နောက်ခံပေးထားရင်း မိတ်ဆွေဟောင်းလို့ ခေါ်ပါတယ်။
သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို အသုံးချနေကြဆဲပါ။ ဒါပေမဲ့ သူလွတ်မြောက်လာနိုင်အောင် ဘယ်သူကမှ ဆောင်ရွက်မပေးနိုင်ခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
##
(Asia Times တွင် ဖော်ပြခဲ့သည့် The unavoidable prisoner: Aung San Suu Kyi at 81 ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာဆရာနှင့် စာရေးဆရာတစ်ဦး ဖြစ်ပြီး မြန်မာ၊ အမေရိကန်၊ တရုတ်နှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူ ဖြစ်သည်။ ယခင်က BBC နှင့် VOA တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။)



