အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဝီရသူ ဘက်တော်သားတို့၏ ပေါက်ကွဲသံစဉ်

တပ်ကိုထောက်ခံရန် အစဉ်တစိုက် လှုံ့ဆော်ပေးခဲ့သည့် ဦးဝီရသူကို အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ပစ်ပစ်ခါခါ လျစ်လျူရှုထားသည်ဟု ဝီရဝံသအဖွဲ့၏ ပဓာနနာယကဆရာတော် ဘဒန္တကေသရက Myanmar Nowကို ယမန်နေ့(ဩဂုတ် ၁၁) ညတွင် မိန့်သည်။

“ဒီ အစိတ်သား(စစ်သား)ကို ကိုးကွယ်ရမယ်။ ဒီတပ်မတော်ရှိနေလို့ ဘာညာဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်မှာ ဆရာတော်က တပ်မတော်အစိုးရဘက်မှာ ပြင်းပြင်းထန်ထန် ထောက်ခံပြခဲ့တာ။ ပြောဆိုခဲ့တာ။ ဒီလိုဆရာတော်မျိုးကို သူတို့(စစ်တပ်)က အခုကျတော့ ပစ်ပစ်ခါခါ” ဟု သက်တော် ၅၇နှစ်ရှိပြီဖြစ်သည့် အထက်ပါ ဆရာတော်က မှတ်ချက်ပြုသည်။

ဝီရဝံသအဖွဲ့သည် ဦးဝီရသူလွတ်မြောက်ရေးဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ဘဒန္တကေသရနှင့်  Myanmar Now က ယမန်နေ့ညက မေးမြန်းပြီး များမကြာမီတွင် စစ်ကောင်စီက ၎င်းတို့၏ လေးကြိမ်မြောက် အချုပ်သားလွှတ်ပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။

အာဏာသိမ်းပြီး ခြောက်လကျော်အတွင်း စစ်တပ်ကို ဆန့်ကျင်သူများ၊ ရာဇဝတ်သားများကိုပင် အမှုရုပ်သိမ်း၊ အချုပ်အနှောင်မှ လွှတ်ပေးနေသည့် စစ်ကောင်စီ၏ လေးကြိမ်မြောက် ထိုအစီအစဉ်တွင်လည်း ဦးဝီရသူပါဝင်ခြင်း မရှိကြောင်း ၎င်းနှင့် နီးစပ်သည့် ရှေ့နေ ဦးအေးပိုင်က Myanmar Nowကို အတည်ပြုသည်။

ဦးဝီရသူမှာ ၂၀၁၉၊ ရန်ကုန်မြို့တော်ခန်းမအနီး ဟောပြောပွဲတစ်ခု၌ စစ်တပ်ကို လူထုက ဘုရားလို ကိုးကွယ်သင့်ကြောင်း ဟောပြောခဲ့ပြီး ထိုစဉ်က အာဏာရ NLD အစိုးရကို ကြမ်းတမ်းသော စကားလုံးများဖြင့် ဝေဖန်ခဲ့ပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် အမှုဖွင့်ခံရသည်။

သို့သော် NLD အစိုးရက ချက်ချင်းဖမ်းမမိဘဲ တစ်နှစ်ကျော်ကြာ တိမ်းရှောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို နိုဝင်ဘာလဆန်းပိုင်းတွင်မှ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲစခန်းသို့ ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့သည်။

ထိုသို့သော ကိစ္စဖြင့် အင်းစိန်ထောင်တွင် အချုပ်အနှောင်ဘဝဖြင့် တရားရင်ဆိုင်နေရသည့် ဦးဝီရသူကို ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် နှစ်ရက်အကြာမှစ၍ ဝီရဝံသအဖွဲ့က ကြိုးစားခဲ့သော်လည်း အကြောင်းမထူးခဲ့ဟု ဘဒန္တကေသရက မိန့်သည်။

ဦးဝီရသူကို လွှတ်ပေးရန် ဖေဖော်ဝါရီ ၃ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လိပ်မူ၍ တစ်ကြိမ်၊ ဇူလိုင် ၂၀ ရက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံ တစ်ကြိမ် အမြန်ချောဖြင့် စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဝီရဝံသအဖွဲ့ ပဓာနနာယကဆရာတော်ထံမှသိရသည်။

ဒုတိယအကြိမ်ပေးပို့သည့် စာတွင် ပုဒ်မ ၁၂၄ – က ဖြင့် အမှုဖွင့်ခံထားရသည့် အခြားသူများ၊ စစ်တပ်ကို ဆန့်ကျင်သူများကို လွှတ်ပေးနေချိန်တွင် ချန်လှပ်ခံရသဖြင့် ဦးဝီရသူကိုယ်တိုင် စိတ်မကောင်းခြင်းကြီးစွာ ခံစားနေရသလို အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးကြသူများ အံ့ဩဝမ်းနည်း စိတ်ပျက်နေကြရကြောင်း ဖော်ပြထားသည်။

ရွှေတိဂုံစေတီတော်တွင် မေလအတွင်းက ဦးဝီရသူလွတ်မြောက်ရေးဆုတောင်းနေကြသူများ။ (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီက တောင်းဆိုစာများကို အကြောင်းမပြန်သည့်အပြင် မေလအတွင်း ရွှေတိဂုံစေတီတော်ရင်ပြင်၌ ပြုလုပ်သည့် ဦးဝီရသူလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲကိုပင် တားမြစ်ခဲ့ကြောင်း၊ ဘယ်ဘက်လက်မောင်းရင်း အဆစ်ပြုတ်၍ သင်္ကန်းပင် ကောင်းစွာမရုံနိုင်သည့် ဦးဝီရသူကို ဆေးကုသခွင့်ရရန် အကြိတ်အနယ်ကြိုးစားခဲ့ရကြောင်း ဘဒန္တကေသရထံမှ သိရသည်။ 

“ဒီဆရာတော်(ဦးဝီရသူ)ကို ပစ်စလက်ခတ်ထားတာ။ ဆေးရုံလေးတက်ဖို့ရာတောင် မနည်းကြိုးစားရပါတယ်။ နောက် ဆရာတော်နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေကအစ ကိုဗစ်ကာကွယ်ဆေးကအစ ထိုးမပေးဘူးလေ”။

ဆုတောင်းပွဲတားမြစ်ခံရခြင်း၊ ဆေးကုသခွင့်ခက်ခဲခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ်ကိုမူ မသိရသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြည်တွင်းသတင်းဌာနအချို့၏အဆိုအရ စစ်ကောင်စီက ဦးဝီရသူကို မေလမှစ၍ ရန်ကုန်ရှိ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ထိုကာလမှစ၍ ယခု ဩဂုတ်လဆန်းပိုင်းအထိ အမျိုးသားရေးဟု ကြွေးကြော်ကြသူတို့၏ Facebook စာမျက်နှာအချို့ကို သုံး၍ ဝတ်စုံအဖြူဝတ်ထားသည့် ဦးဝီရသူက ရုပ်သံဖြင့် ဟောပြောမှု အနည်းဆုံးနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။

ဇူလိုင်လအတွင်း ပထမတစ်ကြိမ် ထွက်ပေါ်လာပြီး Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ရုပ်သံဖိုင်တွင် ရှေးယခင်ကကဲ့သို့ပင် စစ်တပ်ကောင်းကြောင်း၊ NLD မကောင်းကြောင်း ပါဝင်သည်။ 

ဩဂုတ် ၁ရက်က ဒုတိယအကြိမ်ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်ဖြုတ်ချသွားသည့် ရုပ်သံဖိုင်ကိုမူ Myanmar Now က ကြည့်ရှုခွင့်မရခဲ့ပါ။

ဝီရဝံသအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလပြည့်ဇင်၏ အဆိုအရ ဦးဝီရသူမှာ အင်းစိန်အကျဉ်းထောင်တွင် ရှိစဉ်ကထက် မင်္ဂလာဒုံစစ်ဆေးရုံတွင် ပိုမိုလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ညွှန်ကြားတယ်။ ကျွန်တော်တို့က အကောင်အထည်ဖော်ပေးတယ်”ဟု ၎င်းက Myanmar Now ကို ပြောသော်လည်း အသေးစိတ်ကိစ္စများကိုမူ ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

အချုပ်သားအဖြစ်သာရှိနေသူတစ်ဦး စစ်ဆေးရုံမှတဆင့် Facebook သုံး၍ ရုပ်သံဖိုင်များတင်သည့် ကိစ္စ၊ ဝီရဝံသအဖွဲ့မှ ပြောဆိုသည့် ကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။

ဝီရဝံသအဖွဲ့ ပဓာနနာယကဆရာတော် ဘဒန္တကေသရကမူ ဦးဝီရသူအတွက် စစ်ကောင်စီက လက်ရှိပေးထားသည့် အခွင့်အရေးများမှာ ထိုက်တန်မှုမရှိသော်လည်း အောင့်အည်းကြိတ်မှိတ်နေရသည်ဟု မိန့်သည်။

“ထောင်ချချင်ချ။ အာမခံပေးမယ်ဆိုပေး။ မပေးလို့ (အမှု)ပိတ်မယ်ဆိုလည်းပိတ်။ ဘယ်လိုမှကို မတုံ့ပြန်တာ။ ဘယ်လိုကြီးမှန်းလည်း မသိပါဘူး (စစ်ကောင်စီနဲ့) ဆက်ဆံရတာ။ ….. ကိုယ်ယုံကြည်ထားတဲ့ အစိုးရကို အခက်အခဲလည်းမဖြစ်စေချင်လို့ သည်းခံနေတာပေါ့”။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button