သတင်း

ဦးဝီရသူနှင့် အကျဉ်းသားများကို ရုံးထုတ်စစ်ဆေးပေးရန် ဆန္ဒပြ

ဦးဝီရသူအပါအဝင် ရာဇဝတ်မှုဖြင့် အချုပ်ကျနေသူများအား ရုံးထုတ်စစ်ဆေးပေးရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဦးဆောင်သည့် သံဃာနှင့် လူပုဂ္ဂိုလ် ၃၀ ခန့်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ယနေ့ နံနက်ပိုင်းက ဆန္ဒပြကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအတွက်ဟု ဆိုကာ အချုပ်ကျနေသူများအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အွန်လိုင်းမှတစ်ဆင့် စစ်ဆေးနေသောကြောင့် လူ့အခွင့်အရေးဆုံးရှုံးသည်ဟု ဆန္ဒပြသူများက ပြောသည်။ 

ဆရာတော်ဦးဝီရသူသည် ၂၀၁၉ ၊ မေ ၅ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံကြောင်း မဟာဗန္ဓုလပန်းခြံရှေ့ဟောပြောချက်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို ညစ်ညမ်းသော စကားလုံးများသုံး၍ စော်ကားဆဲဆိုသည်ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄-က ဖြင့် အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်။ 

ကပ်ဘေးကာလ ကူးစက်ရောဂါပိုး ကာကွယ်ရေးအစီအစဉ်အရ ရန်ကုန်တိုင်းအတွင်း ဦးဝီရသူအပါအဝင် အချုပ်ကျနေသူများအားလုံးကို ၂၀၂၀ နှစ်ကုန်ပိုင်းမှစ၍  ရုံးထုတ်စစ်ဆေးခြင်း မရှိပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ က ဦးဝီရသူ၏ရုံးချိန်းတွင်လည်း အွန်လိုင်းမှ ရမန်ပေးခဲ့သောကြောင့် ၎င်းကို ရုံးထုတ်စစ်ဆေးပေးရန် ထောက်ခံဝန်းရံသူ သံဃာများနှင့် အရပ်ဝတ်များအပါအဝင် စုစုပေါင်း လူဦးရေ ၄၀ခန့်က ယင်းနေ့ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ဆန္ဒပြခဲ့ကြသေးသည်။

ဦးဝီရသူ၏ ယနေ့ ရုံးချိန်းတွင်လည်း ခရိုင်တရားရုံး တရားသူကြီးက နောင်လာမည့် နှစ်ပတ်တွင် ပြန်လည်စစ်ဆေးရန် ချိန်းဆိုလိုက်သည်။ 

ထိုသို့ ရုံးထုတ်စစ်ဆေးပေးရန် ဆန္ဒပြသည့်အဖွဲ့သည် ဇန်နဝါရီအတွင်းက အင်းစိန်ထောင်ရှေ့၌ ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့၍ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ ဖမ်းဆီးအရေးယူခံထားရသည်။ ထို့ပြင် ဦးဝီရသူ၏ ယခင်အမှုများ၏ ရုံးချိန်းများတွင် ခရိုင်တရားရုံးရှေ့၌ ခွင့်ပြုချက်မဲ့ ဆန္ဒပြ၍လည်း ဒဏ်ငွေဆောင်ခဲ့ရသည်။  

ယနေ့ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်ယူကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး  ဦးဝီရသူနှင့် အကျဉ်းသားများကို ရုံးထုတ်စစ်ဆေးသည်အထိ ဥပဒေနှင့်အညီ ခွင့်ပြုချက်ရယူကာ နောက်ရုံးချိန်းများတွင်လည်း ဆန္ဒပြသွားမည်ဟု မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆရာတော် ဦးတေဇဝံသက မိန့်သည်။

ဦးဝီရသူ ထွက်ပြေးတိမ်းရှောင်နေစဉ်ကလည်း ၎င်းတို့သည် ရန်ကုန်မြို့အတွင်း ထင်ရှားသည့်ဘုရားများတွင် “ဆရာတော် ကျန်းမာစေရန်” ဟုဆိုကာ ဆုတောင်းပွဲများပြုလုပ်ခဲ့ကြပြီး ဦးဝီရသူ လာရောက်အဖမ်းခံပြီးနောက် ရုံးထုတ်စစ်ဆေးပေးရန် ဆက်လက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button