စစ်ကောင်စီသည် ရာနှင့်ချီသော လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးပြီးနောက် ၎င်းတို့ အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်ထဲသွင်းနေကြောင်း စစ်ကောင်စီ ကိုးကွယ်သည့် ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ဘုန်းကြီး ဝန်ခံလိုက်သည်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ထောက်ရှာကုန်းရွာမှ ညီအစ်ကိုနှစ်ဦးသည် သြဂုတ်လ ၁၆ ရက်နေ့က ပန်းရန်အဖြစ် သွားရောက်လုပ်ကိုင်ရန် မန္တလေးမြို့သို့ ထွက်ခွာစဉ် လမ်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း ပေါက်ဘုန်းကြီးက ဆိုသည်။
ထိုနေ့က အဆိုပါ ညီအစ်ကိုနှစ်ဦးအပါအဝင် အရပ်သား ၁၀၀ ကို စစ်တပ်က ပေါ်တာဆွဲခဲ့ကြောင်း၊ ထိုအထဲမှ ၄၅ ဦးကို စစ်သင်တန်းသို့ အတင်းအကျပ်ပို့ခဲ့ကြောင်း ၎င်းက ပြောသည်။
စစ်တပ်က ဖမ်းသွားသည့် ထောက်ရှာကုန်းရွာမှ ညီအကိုနှစ်ဦးသည် စစ်မှုမထမ်းရရန် တစ်လလျှင် ကျပ်ငွေ လေးသောင်းခွဲ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ပေးထားသဖြင့် ပြန်လွှတ်ပေးရန် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သြဂုတ်လ ၁၉ ရက်နေ့က နယ်မြေခံစစ်ဗိုလ်များနှင့် သွားရောက်ညှိနှိုင်းသော်လည်း ပြန်လွှတ်ပေးရန် ငြင်းဆန်ကြောင်း ၎င်းက ဆက်ပြောသည်။
‘ဒီကနေ့ (စစ်တပ်ထဲ) ပို့လိုက်ပြီ’ ဟု ဗိုလ်မှူးတစ်ယောက်က သူ့ကို ပြောသည်ဟု ပေါက်ဘုန်းကြီးက ဆိုသည်။
အသက် ၃၉ နှစ်အရွယ် ပေါက်ကိုယ်တော်က ထိုအကြောင်းအရာများကို ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် Myanmar National Post သတင်းဌာနကို ပြောခဲ့ခြင်း ဖြစ်သည်။ Myanmar National Post သည် အဆိုပါ ပြောကြားချက်ကို ၎င်းတို့၏ တယ်လီဂရမ်စာမျက်နှာမှ ပြန်လည်ဖြုတ်ချခဲ့သည်။
ပေါက်ကိုယ်တော်၏ ပြောကြားချက်သည် အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေသည်ဟု စွပ်စွဲချက်များအပေါ် စစ်ကောင်စီ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ ရှားရှားပါးပါးဝန်ခံမှု ဖြစ်လာသည်။
စစ်တပ်၏ လမ်းမပေါ်မှ ပေါ်တာဆွဲသည့်သတင်းများကို သတင်းဌာနများက ထုတ်ဖော်ရေးသားခဲ့သော်လည်း ထိုသတင်းများသည် လုပ်ကြံဖန်တီးမှုများဖြစ်ကြောင်း စစ်တပ်က မကြာခဏ တုံ့ပြန်လေ့ရှိသည်။
ပေါက်ကိုယ်တော် သို့မဟုတ် မဘသဒုတိယမျိုးဆက် သင်္ကန်းဝတ်ပြည်သူ့စစ်ခေါင်းဆောင်
ပြီးခဲ့သည့်ရက်ပိုင်းကမှ အသက် ၃၉ နှစ်ပြည့်ခဲ့သည့် ပေါက်ကိုယ်တော် (ခ) အရိယဝံသသည် မဘသ၏ ဒုတိယမျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
မဘသဆိုသည်က သမ္မတဟောင်းသိန်းစိန်လက်ထက်တွင် စစ်တပ်၏ ပံ့ပိုးမှုဖြင့် ပေါ်ပေါက်လာသည့် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်ကို ထောက်ခံရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ဆန့်ကျင်ရေး ဦးတည်လှုပ်ရှားခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးဝီရသူကဲ့သို့သော မဘသခေါင်းဆောင်များ ထောင်ထဲရောက်နေချိန်တွင် ပေါက်ကိုယ်တော်သည် အာဏာသိမ်းစစ်တပ်ကို ထောက်ခံရေးလှုပ်ရှားမှုများတွင် ရှေ့တန်းရောက်လာသည်။
သူသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့၌ ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်ရန်နှင့် ထိုရာထူးကို ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ အပ်ရန် တောင်းဆိုခဲ့သူလည်း ဖြစ်သည်။
ထိုတောင်းဆိုမှုကြောင့် စစ်တပ်က သူ့ကို နာရီပိုင်းကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
· မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသခေါင်းဆောင် ပေါက်ကိုယ်တော်နှင့် တပ်ထောက်ခံသူများတောင်းဆို
ယင်းနောက်ပိုင်းကာလများတွင် စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် နိုင်ငံအလယ်ပိုင်းမှ ပျူစောထီး ပြည်သူ့စစ်များကို ကြီးကြပ်ရန် စစ်တပ်က တာဝန်ပေးထားသည့် သင်္ကန်းဝတ်နှင့် ပျူစောထီးခေါင်းဆောင်ဖြစ်လာသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းအတွင်းက ပျူစောထီးပြည်သူ့စစ် ကွန်မန်ဒိုစစ်သင်တန်းဆင်းပွဲတစ်ခုတွင် စစ်တပ်ကို ဆန့်ကျင်သူများကို ရက်စက်စွာနှိမ်နင်းရန် ပေါက်ကိုယ်တော်က မိန့်ခွန်းပြောခဲ့သေးသည်။
ထို့ပြင် မန္တလေးတိုင်းအတွင်းမှ စစ်ဗိုလ်ချုပ်များသည် ပေါက်ကိုယ်တော်ကို ကိုးကွယ်ကြသည်။
မြောက်ပိုင်းမဟာမိတ်တို့၏ ထိုးစစ်ကြောင့် ဒဏ်ရာရပြီး စစ်ဆေးရုံတက်နေသူများကို အားပေးရန်နှင့် စစ်တပ်အတွင်း တရားပွဲများဟောပြောပေးရန်လည်း စစ်ဗိုလ်ချုပ်များက ပေါက်ကိုယ်တော်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖိတ်ကြားခဲ့သည်။
လမ်းမများပေါ်တွင် ပျောက်ဆုံးသွားသောလူငယ်များ
စစ်ဗိုလ်ချုပ်များရှိရာ နေပြည်တော်အဝင် တိုးဂိတ်အနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဩဂုတ်လဆန်းက လူငယ် ငါးဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ယင်းအနီးအနားတွင် နေထိုင်သည့် ဒေသခံနှစ်ဦးက အတည်ပြုသည်။
ဖမ်းဆီးခံရသည့် လူငယ်များသည် အသက် ၁၈ နှစ်နှင့် ၃၀ ကြားဝန်းကျင် လူငယ်များဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ လာရောက်အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်။
“အညာဘက်က စစ်မှုထမ်းစာရင်းပါတဲ့သူတွေက ပြေးပြီး နေပြည်တော် လာအလုပ်လုပ်ကြတာ၊ အဲဒါ ဧည့်စာရင်းတိုင်တော့ မှတ်ပုံတင်နဲ့ တိုက်ပြီး နာမည်စာရင်းနဲ့ တိုက်ပြီး ဝင်ခေါ်သွားတာ” ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဦးက ဆိုသည်။
နေပြည်တော်ရှိ စားသောက်ဆိုင်တချို့ကိုလည်း စစ်မှုထမ်းအတွက် လူအင်အားတောင်းခံထားမှုများ ရှိနေပြီး ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများလည်း သတိထားနေကြသည်။
“လာဆွဲရင် မင်းတို့ ပြေးဖို့ အိမ်ရှာထားတဲ့” ဟု ဆိုင်ပိုင်ရှင်က သတိပေးထားကြောင်း ကြုံတွေ့နေရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရွာသစ်ကျေးရွာတွင်လည်း အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကို ဇူလိုင်နောက်ဆုံးပတ်က အသက်အရွယ်မေး၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“ဆိုင်ကယ်လာနေရင်းနဲ့ စစ်ကားရပ်ထားပြီး၊ တားတယ်၊ ပြီးတော့ အသက်မေး၊ ကားပေါ်တင် စောင့်ပြီး ခေါ်သွားတာ” ဟု ယင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပြသည်။
မိသားစုဝင်များမှာ အကြောက်လွန်ပြီး ရဲစခန်းတွင် အမှုမဖွင့်ရဲဘဲ အုပ်ချုပ်ရေးမှူးကိုသာ အသိပေးထားကြောင်း ဆိုသည်။
နေပြည်တော်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း လူငယ်များ ဖမ်းဆီးခံနေရခြင်းမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းစာရင်းများအတိုင်း မရရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။
“ထွက်ပြေးတဲ့သူတွေရှိတော့ အုပ်ကြီးတွေက လူမပေးနိုင်တော့ဘူး။ ညဘက်တွေ့ရင်ဆွဲ ဆိုပြီး တရားဝင်ခွင့်ပြုတဲ့ ရပ်ကွက်တွေရှိတယ်၊ အဲဒါမျိုးတွေ ပါတာနေမယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်းအရှေ့ပိုင်း အုတ်ကျင်းမြို့နယ်တွင်လည်း လူငယ်များကို အသက်အရွယ်မီပါက ဖမ်းဆီး ခေါ်ဆောင်ကြောင်း ဒေသခံ အမျိုးသားနှစ်ဦးက ဆိုသည်။
“အမျိုးသားတစ်ယောက်ကို အသက်မေးတော့ ၃၈ တဲ့၊ မှတ်ပုံတင်ပြဆိုလို့ ပြတော့ ဟုတ်နေတော့ လွှတ်လိုက်တယ်။ ပြီးတော့ အဲဒီနားမှာရှိတဲ့ လူငယ်တစ်ဦးကို အသက်မီတယ်ဆိုပြီး ခေါ်သွားတာ” ဟု ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် အခြေအနေကို ဒေသခံတစ်ဦးက ပြောပြသည်။ ဖမ်းဆီးခံရသူများနှင့် ပတ်သက်သည့် နောက်ဆက်တွဲအခြေအနေကို မသိရှိရပေ။
“မန္တလေး စစ်မှုထမ်း ဖမ်းဆီးခံရမှု”
စစ်မှုထမ်းစနစ်ကို စတင်အကောင်အထည်ဖော်စဉ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များက ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်း၊ အုပ်ချုပ်ရေးရုံးတွင် ပွင့်လင်းမြင်သာစွာ မဲနှိုက်ယူခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့သည်။
စစ်မှုထမ်းအပတ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပြီး ထွက်ပြေးသူလူငယ်များ များပြားလာပြီးနောက် စစ်မှုထမ်းခေါ်ဆိုခြင်းကို ညအချိန်မတော်တွင် ဧည့်စာရင်းစစ်ဆေးကာ ဖမ်းဆီးခြင်း၊ ရပ်ကွက်များ ပိတ်ဆို့၍ ပေါ်တာဆွဲခြင်း၊ ညအချိန်မတော် တိတ်တဆိတ် သေနတ်ထောက်ခေါ်ဆိုခြင်း၊ လမ်းသွားလမ်းလာများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က မဟာအောင်မြေမြို့နယ် ပန်းဆက်ဗလီလမ်းကြားအတွင်း နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ထိုမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်တစ်ဦး ဦးဆောင်သည့် လက်နက်ကိုင်တစ်စုက လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။
မန္တလေးတွင် ယခုလအတွင်း အကြမ်းဖက်နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် တပ်ထဲသွတ်သွင်းခံရသူ ၂၀၀ နီးပါးရှိနေကြောင်း ၎င်းတို့ကို မန္တလေးတောင်ခြေတပ်စခန်းတစ်ခုတွင် ရက်တိုသင်တန်းပေးပြီးနောက် စစ်မက်ဖြစ်ပွားရာဒေသများသို့ ပို့ဆောင်နေကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများက Myanmar Now ကို ပြောသည်။
ယမန်နေ့ (ဩဂုတ်၂၁) နေ့လယ်ပိုင်းကလည်း မန္တလေး အောင်မြေသာစံမြို့နယ် အီကင်းမလဲသာရပ်ကွက်နှင့် ချမ်းအေးသာစံမြို့နယ် မျက်ဝင်းရပ်ကွက်တို့ကို ရပ်ကွက်အဝင်အထွက်လမ်းများ ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်းဧည့်စာရင်းစစ်ဆေးရင်း လူငယ်တချို့ကို စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မန္တလေးတော်လှန်ရေးအင်အားစုများက အတည်ပြုပြောသည်။
စစ်မှုထမ်းခေါ်ဆောင်ခံရသည့်အရေအတွက်ကို ၎င်းတို့အနေဖြင့် စုံစမ်းနေဆဲဖြစ်ပြီး၊ မျက်ဝင်းရပ်ကွက် ဝင်ရောက်မှုတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ကိုနှစ်ပေ ဆိုသူက လူငယ်များစစ်မှုထမ်းရန် တိမ်းရှောင်ပါက ရပ်ကွက်ကို မီးရှို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်သွားသည်ဟု MDY-Revolution အဖွဲ့က Myanmar Now ကို ပြောသည်။
ယင်းအပြင် (ဩဂုတ် ၂၀) ညပိုင်းကလည်း မန္တလေး မဟာအောင်မြေရပ်ကွက်မှ အသက် ၃၀ ခန့်အရွယ် ကိုနိုင်ဆိုသူသည် စစ်ကိုင်းမြို့ရှိ ဘုန်းကြီးကျောင်းဝေယျာဝစ္စများလုပ်ကိုင်ရန် ကျောင်းထိုင်ဘုန်းကြီး၏ စေခိုင်းမှုကြောင့် ကျောင်းကားဖြင့် ခရီးသွားလာနေစဉ် စစ်ကိုင်းမြို့တစ်နေရာ၌ စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်ခံရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူ ကိုနိုင်ဆိုသူသည် စစ်ကိုင်းမြို့ ခြေမြန်တပ်မ (၃၃) တွင် ရောက်ရှိနေသည်ဟုသာ သတင်းကြားသိရပြီး မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းရှိ ရွှေပြည်သာမြို့နယ်တွင်လည်း စားသောက်ဆိုင်များကို ည ၁၀ နာရီအထိသာ ဖွင့်လှစ်ရန် ညွှန်ကြားထားပြီး စစ်မှုထမ်းလူမပေးနိုင်သည့် ရပ်ကွက်များကို ညဘက်ရောက်လျှင် ဝင်ရောက်ဆွဲမည်ဟု အုပ်ချုပ်ရေးမှူးများက အသိပေးထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အုပ်ကြီးက ညဘက်ထွက်လို့ ပါရင် မဖြေရှင်းပေးဘူး။ ညဘက် အပြင်မထွက်ဖို့ မှာထားတယ်” ဟု ၎င်းက ဆက်ပြောသည်။