လေ့လာသုံးသပ်ချက်

စစ်တပ်ပြိုလဲနိုင်ခြေ ညွှန်ပြနေသော ရှေ့ပြေးလက္ခဏာများ

လူသတ်၊ ရွာမီးရှို့နေသော စစ်တပ်က တော်လှန်ရေးအဖွဲ့များကို တန်ပြန်ထိုးစစ်ဆင်နိုင်စွမ်း မရှိတော့ခြင်းကို “၁၀၂၇ စစ်ဆင်ရေး” ကာလတွင် ထင်ထင်ရှားရှား တွေ့မြင်လာရသည်။

အရှေ့တောင်အာရှတွင် အင်အားအတောင့်တင်းဆုံး စစ်တပ်တစ်ခုအဖြစ် နိုင်ငံတကာစစ်ရေးအကဲခတ်များ သတ်မှတ်ထားခဲ့ကြသော မြန်မာစစ်တပ်၏ ပြိုလဲနိုင်ခြေရှိမှုကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ပေါ်ပေါက်လာသော “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ပထမဆုံး မြင်တွေ့လာရပြီ ဖြစ်သည်။

စစ်တပ်၏ ဖုံးကွယ်နေသော ပကတိအခြေအနေမှန်ကို “၁၀၂၇ စစ်ဆင်ရေး” က လှစ်ဟဖော်ပြလိုက်ခြင်းကြောင့်၊ စစ်တပ်ပြိုလဲနိုင်ခြေ ရှေ့ပြေးလက္ခဏာများကို မှန်းဆသုံးသပ်ခြင်းမျိုးမဟုတ်ဘဲ၊ မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသော အချက်အလက်များကို အခြေခံစုစည်း၍ သုံးသပ်သွားမည် ဖြစ်ပါသည်။

သို့ဆိုလျှင် ထိုရှေ့ပြေးလက္ခဏာများက အဘယ်နည်း။ “၁၀၂၇ စစ်ဆင်ရေး” ရက် ၇၀ ကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် ရာနှင့်ချီသော ရှေ့တန်းစခန်းကုန်းများအပြင် အခြေစိုက်တပ်ရင်းများ၊ ဒေသအခြေချ စစ်ဗျူဟာများနှင့် မြို့များပါ စစ်တပ် လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းမှာ အငြင်းပွားဖွယ်မရှိ ထင်ရှားသော စစ်တပ်ပြိုလဲနိုင်ခြေ ရှေ့ပြေးလက္ခဏာများပင် ဖြစ်သည်။

စစ်တပ်သမိုင်းတွင် ရှေ့တန်းစခန်းကုန်း တစ်ခုနှစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရမှုများ ရှိခဲ့ဖူးသော်လည်း၊ ရက်ပိုင်းအတွင်း ချက်ချင်း တန်ပြန်ထိုးစစ်ဆင်ပြီး၊ ဆုံးရှုံးခဲ့ရသော စခန်းကုန်းများကို ပြန်လည်သိမ်းပိုက်နိုင်စွမ်း ရှိခဲ့သည်။ အခြေစိုက်တပ်ရင်းများနှင့် ဒေသအခြေချစစ်ဗျူဟာများ ဆိုသည်မှာ မြို့များနှင့် အနီးဆုံးနေရာ သို့မဟုတ် မြို့စောင့်တပ်သဖွယ် မြို့ပြင်များတွင် တပ်စွဲလေ့ရှိကြပြီး၊ တပ်ရင်းတစ်ခုမက မလှမ်းမကမ်းတွင် တပ်စွဲထားကြသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ရန် မဆိုထားနှင့် အလွယ်တကူ ချဉ်းကပ်၍ပင် ယခင်ကာလများက မလွယ်ကူလှပါ။

စစ်တက္ကသိုလ်ရှိသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မြောက်ဘက် ၁၅ မိုင်ဝန်းကျင်သာ ဝေးသည့် သံဘိုကျေးရွာ စစ်စခန်းကို ဇန်နဝါရီ ၃ရက်တွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးခံလိုက်ရသည့် ဒုဗိုလ်မှူးကြီး သက်အောင်။ ဓာတ်ပုံ – NUG

သို့သော် “၁၀၂၇ စစ်ဆင်ရေး” ကာလတွင် စစ်တပ်သည် တန်ပြန်ထိုးစစ်ဆင်နိုင်စွမ်း လုံးဝမရှိတော့သည့် အခြေအနေကို ထင်ထင်ရှားရှား တွေ့မြင်လာရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ကို စတင် ဆင်နွှဲချိန်ကတည်းက ၎င်းတို့သိမ်းပိုက်ရရှိသော စစ်စခန်းအရေအတွက်ကို နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကိုးကန့်တပ်ဟု ထင်ရှားသည့်  မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က စစ်စခန်းပေါင်း ၂၅၀ ကျော် သိမ်းထားသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏  ဇန်နဝါရီလ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ တပ်စခန်းပေါင်း ၇၄ ခု၊ ရက္ခိုင်တပ်တော် (AA) ၏ ဇန်နဝါရီလ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်စခန်းနှင့် ရဲတပ်ရင်း/စခန်းပေါင်း ၁၄၇ ခု သိမ်းထားနိုင်သည်။ စုစုပေါင်း စခန်း ၄၇၁ ခုကျော် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲများဆင်နွှဲရာတွင် MNDAA က ကိုးကန့်ဒေသတွင် ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကြူကုတ် (ပန်ဆိုင်း)၊ မုန်းကိုး၊ ကုန်းကြမ်းနှင့် ယခုနောက်ဆုံး လောက်ကိုင်မြို့ ၆ မြို့၊ TNLA က ရှမ်းမြောက်တွင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့ ၆ မြို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့ ၄ မြို့၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ရိခေါဒါရ်၊ လိုင်လင်းပီနှင့် ရေဇွာ မြို့ ၃ မြို့၊ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မယ်စဲ့မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီးနှင့် မြို့တော် လွိုင်ကော်နှင့် ဒီမော့ဆိုကို သိမ်းယူနိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသလို ပဲခူးတိုင်းအတွင်း အလုံးစုံ သိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မုန်းနှင့် နတ်သံကွင်းမြို့ ၂ မြို့ ရှိသည်။ စုစုပေါင်း မြို့ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရ၊ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေ ရှိနေပါသည်။

စစ်တပ်သမိုင်းတစ်လျှောက် စစ်မြေပြင်တွင် အဆင့်မြင့်အရာရှိကြီးများ မကြုံစဖူး သေဆုံးမှု

ထို့ပြင် စစ်တပ်သမိုင်းတွင် မကြုံဖူးသော ဖြစ်ရပ်များကိုလည်း စစ်ကောင်စီ ရင်ဆိုင်ကြုံတွေ့နေရသည်။ ယင်းမှာ စစ်တပ်၏ အမိန့်ပေးစနစ်တွင် အလွန်အရေးကြီးသော အရာရှိများဖြစ်သည့် ဗိုလ်မှူးချုပ်အဆင့် တပ်မမှူးများ၊ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးများ၊ ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကျဆုံးမှုများလာခြင်းသည်လည်း စစ်တပ်ပြိုလဲမည့် လက္ခဏာတစ်ခု ဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး ၁၀ ရက်မြောက်နေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် MNDAA ၏ Drop bomb ကြောင့် တပ်မ ၉၉ ၏ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် ပန်လုံဗျူဟာစခန်းကုန်တွင် သေဆုံးခဲ့ရမှုသည် စစ်တပ်၏ ပထမဆုံး အဆင့်မြင့်အရာရှိကြီးတစ်ဦး စစ်မြေပြင်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

ထို့အတူ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) ၏ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ကုန်းကြမ်းဗျူဟာကုန်းမှ စစ်အင်အား ၁၀၀ ကျော် ခေါ်ဆောင်ပြီး စခန်းမှ ဆုတ်ခွာသွားရာ၊ MNDAA ၏ လိုက်လံချေမှုန်းခြင်းခံလိုက်ရပြီး သေဆုံးခဲ့သည်။ MNDAA က ရာထူးတံဆိပ်များနှင့်အတူ ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး၊ စစ်ကောင်စီကို အလောင်းပြန်ပေးရန် ကမ်းလှမ်းသော်လည်း မသိချင်ယောင်ဆောင်နေသည်။

“ရှင်လျှင် ရွှေထီး၊ သေလျှင် မြေကြီး” ဆိုသည့် ဆိုရိုးစကားအတိုင်း၊ အသက်ရှင်စဉ်ကာလ ၎င်းတို့အုပ်ချုပ်ရသော စစ်နယ်ဝန်းအတွင်း ရာထူးဂုဏ်ရှိန်ဖြင့် ပြည်သူလူထုအပေါ် ထောင်လွှားမောက်မာခဲ့ကြသော စစ်ဗိုလ်ချုပ်များ သေသည့်အခါ လူ့ဂုဏ်သိက္ခာတစ်ပြားသားမှမရှိ၊ သတင်းစာထဲတွင်ပင် နာရေးကြော်ငြာမထည့်ရဲသည့်အဖြစ်ကို ပြည်သူများ တွေ့မြင်ကြရသည်။

TNLA ၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း၌ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်း ပျောက်ဆုံးသွားသည်။ ၎င်း၏ ယူနီဖောင်းတွင် ရာထူးအပွင့်အခက်များကို ဖြုတ်ထားသဖြင့် အခြားရုပ်အလောင်းများအကြား သူ၏ရုပ်အလောင်း ရောနှောသွားသည်လား၊ ထွက်ပြေးပုန်းအောင်းနေ၍လား သို့မဟုတ် ဖမ်းဆီးခံထားရသည်လား မသေချာသေးပါ။

“ငါသေမှ ငါ့တပ်စခန်းရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်သူက လေးစားအားကျရလောက်သော ရဲစွမ်းသတ္တိမျိုးဖြင့် အဖမ်းမခံဘဲ နောက်ဆုံးအချိန်ထိ ကတုတ်ကျင်းအတွင်း ခုခံရင်းသေဆုံးသွားသည့် တပ်မမှူး၊ ဗျူဟာမှူး တစ်ဦးမျှ ထွက်ပေါ်မလာပါ။

အောက်ပါဇယားသည် “၁၀၂၇ စစ်ဆင်ရေး” ၂ လအတွင်း စစ်မြေပြင်အသီးသီးတွင် သေ-ပျောက်-ဖမ်းမိသော တပ်ရင်းမှူးအဆင့်နှင့်အထက် အဆင့်မြင့်အရာရှိတချို့ကိုသာ လက်လှမ်းမှီသမျှ စာရင်းပြုစု ဖော်ပြထားခြင်းဖြစ်ပြီး၊ အဆိုပါစာရင်းအရ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၃ ဦး၊ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၅ ဦးနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၇ ဦးတို့ကို ၎င်းတို့၏ တပ်အမည်၊ တိုက်ပွဲဖြစ်ပွားရာဒေသ၊ ရက်စွဲများနှင့်တကွ ဖော်ပြထားပါသည်။ သို့သော် တိုက်ပွဲတွင် သေဆုံး/ဖမ်းမိခဲ့သော ဒု-တပ်ရင်းမှူး ဗိုလ်မှူးနှင့် တပ်ခွဲမှူး ဗိုလ်ကြီးအများအပြား၏ စာရင်း မပါဝင်သေးပါ။

စစ်တပ်သမိုင်းတစ်လျှောက် မကြုံဖူးသော စစ်မြေပြင်တွင် တပ်ရင်းတပ်ဖွဲ့အလိုက် လက်နက်ချခြင်း

စစ်တပ်သမိုင်းတစ်လျှောက် မကြုံဖူးသော၊ စစ်မြေပြင်တွင် တပ်ရင်းတပ်ဖွဲ့တစ်ခုလုံး ဦးဆောင်သူ တပ်ရင်းမှူးက စပြီး လက်နက်ချအညံ့ခံသော ဖြစ်စဉ်များ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း မြင်တွေ့လာရပြီး၊ လက်လှမ်းမီသမျှ ပြုစုထားသော စာရင်းတချို့အရ အရာရှိတပ်သား အရေအတွက် ၄၃၉ ဦး ရှိသည်။ ထိုကိန်းဂဏန်းသည် စစ်တပ်တစ်ခုတည်းမှ ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ လက်နက်ချအရေအတွက် မပါဝင်သေးပေ။

အဆိုပါ ဖြစ်စဉ်များကို လေ့လာသုံးသပ်ကြည့်ရာတွင် လောက်ကိုင်စစ်မြေပြင်မှ ခမရ ၁၂၉၊ ကုန်းကြမ်းစစ်မြေပြင်မှ ခမရ ၁၂၅ နှင့် မုန်းစစ်မြေပြင်မှ ခမရ ၅၉၀ တပ်ရင်းများသည် အခြေစိုက်တပ်ရင်းများဖြစ်ပြီး၊ မိသားစုဝင်များပါ ရှိနေသော တပ်ရင်းများဖြစ်သည်။

အဆိုပါ တပ်ရင်း ၃ ခု လက်နက်ချလိုက်ခြင်းကြောင့် ကလေးလူကြီး တပ်မိသားစုဝင် စုစုပေါင်း ၂၇၈ ဦး၏ အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ခြေကို ရှောင်ရှားနိုင်ခဲ့သည်။ စစ်ကို လိုလား၍ တိုက်သော စစ်ပွဲများမဟုတ်ဘဲ၊ အာဏာအတွက် စစ်ခေါင်းဆောင်တစ်စုက ကိုယ့်ပြည်သူပြည်သားများကို မတရားရက်စက်ညှဉ်းပန်း သတ်ဖြတ်နေသဖြင့် ဆင်နွှဲနေရသော အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့အသီးသီးက လက်နက်ချတပ်ဖွဲ့များ တစ်ဦးချင်းစီကို ကျေးဇူးတင်စွာဖြင့် လူ့ဂုဏ်သိက္ခာရှိရှိ လက်ခံကြိုဆိုခဲ့ရုံမျှမက၊ ၎င်းတို့မိသားစုများနှင့်အတူ လိုရာခရီးဆက်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက ထောက်ပံ့ငွေများပင် ပေးကမ်းခဲ့သော ဖြစ်စဉ်မျိုး နိုင်ငံတကာရှိ စစ်ရေးပဋိပက္ခပြင်းထန်သော အခြားနိုင်ငံများတွင် မမြင်တွေ့ရဘဲ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးဖြစ်စဉ်တွင်သာ ကြုံတွေ့ရခြင်း ဖြစ်သည်။

ထိုနည်းအတူ လွိုင်ကော်တက္ကသိုလ်အတွင်း ပိတ်မိနေပြီး  ဗိုလ်ကြီးတစ်ဦးသာ ဦးဆောင်သူအဖြစ် ကျန်ရစ်ခဲ့သည့် တပ်မ ၆၆ လက်အောက်ခံ ဒဏ်ရာရတပ်သား ၃၂ ဦးကို၊ ကျည်ကွယ်မျက်ကွယ်မှ မဟုတ်ဘဲ ပစ်ကွင်းရှင်းလင်းနေသော နေရာသို့ သွားရောက်ပြီး လက်နက်ချအညံ့ခံရန် KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီ အော်ဟစ်ပြောဆိုနေပုံ ဗီဒီယိုမြင်ကွင်းက ကြည့်ရသူအဖို့ “လက်နက်မချဘဲ ပစ်လိုက်မှဖြင့် ဒုက္ခပဲ” ဟု အသည်းတယားယား ဖြစ်မိသည်အထိ မာဝီ၏ ရဲစွမ်းသတ္တိကို မြန်မာပြည်သူအားလုံး မြင်တွေ့ကြရသည်။

ထို့နောက် ၎င်းတို့ပုန်းအောင်းနေရာ အဆောက်အအုံထဲမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို KNDF တော်လှန်ရေးတပ်သားများက သွားရောက်တွဲခေါ်၊ ထိုနေရာတွင် ချက်ချင်းဆေးကုသပေးပုံက စစ်ပွဲတွင် ရန်သူကို “နေလိုမီးလိုကျင့်” ပြီး၊ လက်နက်ချသူကို ဂျနီဗာသဘောတူစာချုပ်အရ တိတိကျကျ ကျင့်သုံး စောင့်ရှောက်မှု လေးစားအတုယူဖွယ် နမူနာကို ကမ္ဘာက မြင်တွေ့ခွင့် ရရှိခဲ့ကြသည်။

ထိုအခြင်းအရာများနှင့် ဆန့်ကျင်ဘက်ခြားနားလျက် စစ်ကောင်စီတပ်သားများသည် အိမ်အများအပြားကို လိုက်လံမီးရှို့ကာ ဖမ်းမိသမျှပြည်သူကို PDF အဖြစ် စွပ်စွဲပြီး ကြမ်းကြုတ် ရက်စက်စွာ ခေါင်းဖြတ်သတ်နေသည်။ ထိုသို့ ရက်စက်မှုအဖုံဖုံ ကျူးလွန်နေကြသဖြင့် စစ်တပ်သည် ပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာတို့ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် ရည်ရွယ်ချက်ပျောက်ဆုံးသွားပြီး၊ အာဏာရမက်ကျူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်၏ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်သောစစ်တပ် ဖြစ်လာသည်။

စစ်တပ်သမိုင်းတစ်လျှောက် မကြုံဖူးသော စစ်တပ်၏ စခန်းစွန့်ခွာ ထွက်ပြေးမှုများ

တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ ထိုးစစ်က အရှိန်အဟုန် ပြင်းထန်လှသည်။ ထို့ကြောင့် ရက်ပေါင်း ၇၀ အတွင်း တပ်စခန်းပေါင်း ၄၇၀ ကျော် တဖြုတ်ဖြုတ် အသိမ်းခံခဲ့ရခြင်းကြောင့် စစ်တပ်အတွင်း စစ်ဗိုလ်စစ်သားများ စိတ်ဓာတ်မကျရိုး ခံနိုင်မည်လော။

တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုံ ပတ်ပတ်လည်ဝိုင်းတိုက်နေခြင်းကို ပြန်ခုခံလိုစိတ် အလျှဉ်းမရှိတော့ဘဲ၊ ရာနှင့်ချီသော စစ်ကောင်စီ၏ အရာရှိ/တပ်သားများ အိမ်နီးချင်းနိုင်ငံဘက် ထွက်ပြေးခဲ့သည့် ဖြစ်ရပ်များကို “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တွေ့မြင်လာရသည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့သော ဖြစ်စဉ် အနည်းဆုံး ၄ ကြိမ် ရှိခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၅၃ ဦး ထွက်ပြေးခဲ့ကြသည်။ အထက်ပါဇယားတွင် တိုက်ပွဲဖြစ်သည့်နေရာ၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ခန့်မှန်းဦးရေကို ရက်စွဲနှင့်တကွ ဖော်ပြထားပါသည်။

နောက်ဆုံးဖြစ်ပွားခဲ့သော ပလက်ဝမြို့နယ် ပွိုင့် ၃၇၇ နယ်ခြားစောင့်စစ်စခန်းမှ အရာရှိတပ်သား အင်အား ၁၅၁ ဦး အိန္ဒိယဘက် ထွက်ပြေးခဲ့ခြင်းက စစ်တပ်၏ အဆိုးရွားဆုံးဖြစ်စဉ်ဖြစ်သည်။ စင်စစ် အင်အား ၁၅၀ ရှိသော စစ်စခန်းတစ်ခု၏ စခန်းစွန့်ခွာမှုကြောင့် စစ်ဥပဒေအရ ကြီးလေးသော ပြစ်ဒဏ်ကျခံရဖွယ် ရှိပါသည်။

သို့သော် စစ်သားလိုအပ်ချက် ကြီးများနေသော စစ်ကောင်စီသည် အဆိုပါ စစ်သားများကို ဒဏ်ရာရသူများမှလွဲလျှင် ရှေ့တန်းပြန်ပို့မည်မှာ သေချာပါသည်။ အဓိပ္ပာယ်မှာ စစ်ဥပဒေအရ အရေးယူခံရခြင်းထက်ပင် ပိုမိုဆိုးရွားသော “မသေမချင်း စစ်တိုက်ခိုင်းခြင်း” ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံဘက် ထွက်ပြေးသည့် ဖြစ်စဉ်တွင် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီကာလ ကရင်နီဒေသ ထိုင်းနယ်စပ်အနီး မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားခဲ့သော ဖြစ်စဉ်နှင့် ကရင်ပြည်နယ် မြဝတီမြို့ တိုက်ပွဲများအတွင်း မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသော ဖြစ်စဉ်တို့ကို ထိုဇယားတွင် ထည့်သွင်းမထားပါ။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူအခြေစိုက် အမှတ် ၃၂၄ ခြေမြန်တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သိမ်းမိသည့် ဟောင်ဝစ်ဇာအမြောက်နှင့်အတူ တအာင်းတပ်/PSLF/TNLA များကို ၂၀၂၃ ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

စစ်တပ်ပြိုလဲနိုင်ခြေ လက္ခဏာများထဲ ထိပ်ပိုင်းစစ်ခေါင်းဆောင်များ၏ အကျင့်ပျက်ခြစားမှု

တပ်မတော်တစ်ခုတွင် “စိတ်ဓာတ်” နှင့် “စစ်စည်းကမ်း” က သံမဏိကဲ့သို့ မာကြောပြီး ကျကျနန လိုက်နာမှသာလျှင် စွမ်းရည်ထက်မြက်သော တပ်ဖွဲ့တစ်ခု ဖြစ်လာနိုင်ပေသည်။ လက်နက်အင်အားကောင်းတိုင်း စွမ်းရည်ထက်မြက်သော စစ်တပ် ဖြစ်မလာနိုင်သည်ကို လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က သက်သေပြနေပြီး၊ ယခုအခါ စိတ်ဓာတ်နှင့် စစ်စည်းကမ်း အကြီးအကျယ်ပျက်ယွင်းနေသော လက်နက်ကိုင်အဖွဲ့သာသာ ဖြစ်နေပြီ ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ စစ်တပ်ကို ဦးဆောင်သူ မင်းအောင်လှိုင်ကိုယ်တိုင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ ဥပဒေအထက်တွင် အာဏာရှင်ဆန်ဆန် နေထိုင်ကျင့်ကြံခြင်း၊ မိသားစု ချမ်းသာကြွယ်ဝရေးကို ဦးစားပေးခြင်းတို့တွင် အရင်းခံသည်ဟု ဆိုရပေလိမ့်မည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်က မင်းအောင်လှိုင် ယုံကြည်အားထားရဆုံး လူယုံများဖြစ်ကြသည့် ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စိုးထွဋ် တို့ကို ဖမ်းဆီးပြီးနောက် ရာထူးနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် လာဘ်စားမှုများ ကျူးလွန်မှု စွဲချက်ဖြင့် မိုးမြင့်ထွန်းကို နှစ် ၂၀ နှင့် ညီမျှသော ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ စိုးထွဋ်ကို ထောင်ဒဏ် ၅ နှစ် အသီးသီး အပြစ်ပေးခဲ့သည်။ မိုးမြင့်ထွန်းလက်ထောက် ဗိုလ်မှူးချုပ် ရန်နောင်စိုးကိုလည်း အလားတူ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

ထိုဖြစ်စဉ်ကို ရုတ်တရက်ကြည့်လျှင် လူပုဂ္ဂိုလ် စစ်အရာရှိတစ်ဦး စည်းကမ်းဥပဒေကို ဖောက်ဖျက်၍ အရေးယူခံရခြင်းအဖြစ် အပေါ်ယံနားလည်ကြပါလိမ့်မည်။ စင်စစ် မိုးမြင့်ထွန်း၊ စိုးထွဋ်နှင့် ရန်နောင်စိုးတို့သည် ဆယ်စုနှစ်နှင့်ချီ အကျင့်ပျက်ခြစားနေသော စစ်တပ်အင်စတီကျူးရှင်းအတွင်း ရေပေါ်ထွက်လာသော ရေခဲတုံးကြီး၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

စစ်တပ်၏ခေါင်းချုပ် မင်းအောင်လှိုင်ကိုယ်တိုင် အလွန်အမင်း ချမ်းသာကြွယ်ဝနေသည် ဆိုသည့်အချက်မှာ စစ်တပ်အတွင်း လူတိုင်းသိသော အကြောင်းအရာဖြစ်ပြီး၊ ၎င်း၏မိသားစု ချမ်းသာကြွယ်ဝမှုပမာဏ မည်မျှရှိသည်ကိုမူ အများ မသိနိုင်ပေ။

သို့သော် ၂၀၂၂ ခုနှစ်နှောင်းပိုင်း ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးငွေများကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံလိုက်ရသော၊ မင်းအောင်လှိုင်မိသားစုနှင့် အတွင်းကျကျ ရင်းနှီးသော ခရိုနီသူဌေး ထွန်းမင်းလတ်၏ အိမ်ကို ထိုင်းရဲများက ရှာဖွေခဲ့ရာ မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင်ဆိုင်သော ဘတ်ငွေသန်းဆယ်ဂဏန်းချီ တန်ဖိုးရှိသည့် ကွန်ဒိုမီနီယံတိုက်ခန်းစာချုပ်နှင့် သမီး ခင်သီရိသက်မွန် အမည်ပေါက် ထိုင်းဘဏ်စာအုပ်များကို တွေ့ရှိခဲ့သည်။

ယင်းသည် ထွန်းမင်းလတ်ကို ဖမ်းဆီးရာမှ မထင်မှတ်ဘဲ ပေါ်ထွက်လာသော မင်းအောင်လှိုင် သားသမီးများ၏ ထိုင်းနိုင်ငံတွင် မြှုပ်နှံထားသော ပိုင်ဆိုင်မှု တစ်စိတ်တစ်ဒေသဖြစ်ပြီး၊ အလားတူပိုင်ဆိုင်မှုများ နိုင်ငံမည်မျှတွင် မြှုပ်နှံသိုဝှက်ထားမှန်း မည်သူမျှမသိရှိနိုင်သလို၊ မည်သည့်ဥပဒေအဖွဲ့အစည်းကမှ စုံစမ်းထောက်လှမ်း စစ်ဆေးခွင့် မရှိကြပါ။ ယင်းသည် အာဏာရှင်စနစ်ပေတည်း။

မင်းအောင်လှိုင်နှင့် ၎င်း၏မိသားစုပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးခွင့်ရှိပါက မိုးမြင့်ထွန်းနှင့် စိုးထွဋ်တို့ကဲ့သို့ ရာထူးနှင့် အခွင့်အာဏာကို အလွဲသုံးစားပြုပြီး ချမ်းသာကြွယ်ဝလာခြင်းကို အလွယ်တကူဖော်ထုတ်နိုင်မည်သာ ဖြစ်သည်။

အကျင့်ပျက်ခြစားမှုများ လွန်လွန်ကျူးကျူးဖြစ်ပေါ်နေသော စစ်တပ်အင်စတီကျူးရှင်းအတွင်း ခေါင်းဆောင်မှအစ ကိုယ်ကျင့်သိက္ခာပျက်ယွင်းလျက်ရှိရာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ သံမဏိစည်းကမ်းသဖွယ်ရှိရမည့် စစ်စည်းကမ်းများ ဖရိုဖရဲဖြစ်လာသည်။

ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီး စသည့် စစ်တပ်တစ်ခု၏ အမိန့်ပေး ကွပ်ကဲမှုစနစ်တွင် အရေးကြီးသော ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်အရာရှိကြီးများကို ၂၀၂၃ ခုနှစ်အတွင်း ဖြုတ်-ထုတ်-ရှင်း ခဲ့ရသည့် အထက်ပါ အချက်အလက် အထောက်အထားများအရ စစ်တပ်ပြိုလဲနိုင်ခြေ ရှေ့ပြေးလက္ခဏာ နောက်တစ်ခုအဖြစ် ထင်ထင်ရှားရှား တွေ့ရှိနေရပြီ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်ပြိုလဲနိုင်ခြေက ပြည်သူအပေါ် သစ္စာပျက်ယွင်းပြီး အင်စတီကျူးရှင်းတစ်ခုလုံး စစ်စည်းကမ်း ပျက်ယွင်း အကျင့်ပျက်ခြစားနေခြင်းတွင် အခြေတည်ပြီး၊ မင်းအောင်လှိုင်အဆိုအရ “သာလွန်အင်အား” သုံးသည့် ရန်သူနှင့် ရင်ဆိုင်ရ၍ စစ်ရှုံးနိမ့်ရခြင်း ဆိုသည်မှာ လိမ်ညာမှုသက်သက်သာ ဖြစ်သည်။

စစ်တပ်တစ်ခုလုံး မည်သည့်အချိန် ပြိုလဲမည်ကိုသာ စောင့်ကြည့်ရပါတော့မည်။

Show More

Related Articles

Back to top button