သတင်း

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တပ်မတော်ပိုင်ပုဂ္ဂလိကလုပ်ငန်းဖြစ်လာ

စစ်အစိုးရလက်ထက် ၁၉၉၇ တွင်စတင်ထူထောင်ပြီး ကဏ္ဍမျိုးစုံတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)မှာ နိုင်ငံတော်နှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်နေပြီဖြစ်သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်တွင် ဇွန် ၂၂ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Myanmar Now က မေးမြန်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ (MEC) တပ်မတော်ပိုင်းဆိုင်ရာနဲ့ သီးသန့်ပဲ သက်ဆိုင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက Myanmar Now ကိုပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း MEC ၏ လုပ်ထုံးလုပ်နည်းအရ ပုဂ္ဂလိကပိုင် အများပိုင်အနေနဲ့ တစ်ဦးချင်းရှယ်ယာခေါ်ယူခြင်း မရှိသေးကြောင်း ပြောသည်။ 

“အစိုးရနဲ့ အဆက်အစပ်ရှိတယ်ဆိုတာ၊ အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ကုမ္ပဏီပဲ ဖြစ်တယ်။ ကျန်တဲ့ ပုဂ္ဂလိကတွေမှာလည်း အစိုးရစက်ရုံတွေကိုယူပြီးတော့ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာတွေရှိတယ်။ ယခင်က ဆိုရှယ်လစ်စီမံကိန်းစီးပွားရေးစနစ်နဲ့ သွားနေတဲ့ဟာတွေကို ပုဂ္ဂလိကလွှဲတဲ့အခါမှာ MEC သည် ပုဂ္ဂလိကအဖြစ်လုပ်တာ ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

MEC သည် မည်သည့်အချိန်အထိ အစိုးရတစ်ပိုင်း စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့ကြောင်းကိုမူ ထည့်သွင်းဖြေကြားခြင်း မရှိပါ။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် MEC သည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်အမည်ဖြင့် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် မှတ်ပုံတင်ထားပြီး “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ” (Private Company Limitted by Shares) ဟု DICA မှတ်တမ်းတွင် ရေးသားဖော်ပြထားသည်။

ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲချိန်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း အစိုးရထံမှ လွှဲပြောင်းယူခဲ့ကြောင်း၊ မတည်ရင်းနှီးငွေနှင့် ပုံသေပိုင်ပစ္စည်းများကို မည်သို့လွှဲပြောင်းရယူခဲ့ကာ ကုမ္ပဏီတန်ဖိုးမည်မျှရှိသည်ကိုမူ မဖြေကြားနိုင်ကြောင်း သတင်းစာရှင်းတွင် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားခဲ့သည်။ 

MEC ၏ ရငွေများ နိုင်ငံ့ဘဏ္ဍာသို့ ပေးသွင်းခြင်းရှိမရှိ မေးမြန်းသည့်အခါ “နိုင်ငံတော်ကို အခွန်ဆောင်တာပဲ ရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ပုဂ္ဂလိကပိုင် လုပ်ငန်းသဘောမျိုး ဖြစ်တဲ့အတွက်၊ တပ်မတော်ပိုင်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် သူ့အနေနဲ့ အခွန်ဆောင်တာတို့ ကုမ္ပဏီစည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ၏အဆိုအရ MEC သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅၅ ဒသမ ၃၇ ဘီလျံ၊ ၂၀၁၈-၁၉ တွင် ၅၃ ဒသမ ၈ ဘီလျံခန့် နိုင်ငံတော်ကို အခွန်ဘဏ္ဍာပေးဆောင်ထားသည်။

MEC ၏ နှစ်စဉ်အမြတ်ငွေပမာဏနှင့် MEC တွင် တပ်မတော်၏ ဦးဆောင်မှုအပိုင်းကို မေးမြန်းရာတွင်မူ လူပုဂ္ဂိုလ်တစ်ဦးချင်းစီက မပိုင်ဆိုင်ဟုသာ ဖြေကြားပြီး အသေးစိတ်မသိရှိကြောင်း ၎င်းက ပြောသည်။

“ပိုင်ဆိုင်မှုရှိတာ မဟုတ်ဘူး။ သူတို့အနေနဲ့ တာဝန်ပေးလို့ လုပ်နေရခြင်းပဲ ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ပြည်တွင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များအရ MEC သည် နိုင်ငံတော်နှင့်နီးကပ်စွာ ပတ်သက်နေသည့် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ 

စစ်အစိုးရလက်ထက် ၂၀၀၄-၀၅ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံ China Development Bank (CDB) ဘဏ်မှ ယူရိုသန်းတစ်ထောင်ကျော် ချေးငွေဖြင့် MEC က အကောင်အထည်ဖော်ခဲ့သည့် အမှတ် (၁) မြင်းခြံ သံမဏိစက်ရုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ 

၂၀၂၀ ဖေဖော်ဝါရီ ၁၀ ရက်တွင်ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က အထက်ပါ သံမဏိစက်ရုံအတွက် နေ့စဉ် ကျပ်သိန်းငါးထောင်ခန့် ပြည်သူ့ဘဏ္ဍာထဲမှ အတိုးအရင်းပေါင်းဆပ်နေရကြောင်း ပြောကြားထားသည်။

MEC က ယခင်အစိုးရထံသို့ ပြန်လွှဲပေးခဲ့သော အဆိုပါစက်ရုံအတွက် ၂၀၃၂-၂၀၃၃ ဘဏ္ဍာနှစ်အထိ တရုတ်ဘဏ်သို့ အကြွေးဆပ်ရမည်ဖြစ်သော်လည်း အရှုံးပေါ်နေသည့်အတွက် လက်ရှိအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၁၇ ဇွန်တွင် အဆိုပါ သံမဏိစက်ရုံစီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

အထက်ပါစက်ရုံစီမံကိန်းကို စွန့်လွှတ်ခဲ့သော MEC သည် MyTel ကဲ့သို့သော ဆက်သွယ်ရေးလုပ်ငန်းများ၊ ကန်သာယာ နှလုံးနှင့်ကျောက်ကပ်အထူးကုဆေးရုံကြီးကဲ့သို့သော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ သံမဏိနှင့်ဘိလပ်မြေစက်ရုံများ၊ စားသောက်ကုန်လုပ်ငန်းများ၊ တာယာထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ဆိပ်ကမ်းလုပ်ငန်းများ၊ အဖျော်ယမကာလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကို လက်ရှိအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည်။

တပ်မတော်၏ ဘတ်ဂျက်နှင့် စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများ၏ တာဝန်ခံဖြစ်သော စစ်ထောက်ချုပ် ဒုတိ​ယဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် တပ်မတော်၏ စီးပွားရေးလက်ခွဲ နောက်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် (MEHL) ၏ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး MEC ၏ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း Justice For Myanmar အဖွဲ့၏ ဇွန် ၁၆ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်သော်လွင်သည် MEC ၏ ဒါရိုက်တာတစ်ဦးဖြစ်သကဲ့သို့ MEC ၏ အကျိုးတူဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ MyTel တွင်လည်း ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်နေကြောင်း ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီအရင်ခံစာတစ်စောင်က ဆိုထားသည်။ 

DICA မှတ်ပုံတင်စာရင်းရှိ MEC ဒါရိုက်တာအဖွဲ့ဝင်အချက်အလက်များကို မေလ ၂၈ ရက်တွင် အပြောင်းအလဲပြုလုပ်ခဲ့ပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ချုပ်သော်လွင်တို့ မပါဝင်တော့သည်ကို တွေ့ရသည်။ 

ထိုသို့ သမိုင်းကြောင်းနှင့်ချီကာ အမြစ်တွယ်နေသည့် တပ်မတော်အရာရှိများ၏ အကျိုးစီးပွားပဋိပက္ခ ပတ်သက်ဆက်နွှယ်မှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် Justice For Myanmar အဖွဲ့က မကြာသေးမီကပင် တောင်းဆိုထားသည်။

Show More

Related Articles

Back to top button