အတွေးအမြင်

အတွေးအမြင် | မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ်နိုင်ဖို့ဆိုရင်

မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာ စတင်ညှိုးနွမ်းခဲ့ရတာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း ပြည်သူ့အာဏာကို သိမ်းယူခဲ့ခြင်းက စခဲ့ပါတယ်။ ထို့နောက် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်အထိ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ အောက်ဆုံးထိ ကျဆင်းလာခဲ့ရပါတယ်။ တပ်မတော်က နိုင်ငံရေးသမားတွေ မညီညွတ်လို့၊ ပြည်တွင်းလက်နက်ကိုင်အဖွဲ့များစွာကို တိုက်ခိုက်နေရလို့ ပြည်သူ့အာဏာကို ခဏတာသိမ်းယူခြင်းသက်သက်ဆိုရင် ဒီလောက်ထိ ပြည်သူ့မေတ္တာကို ဆုံးရှုံးနိုင်စရာမရှိသေးပါ။ သို့သော် တိုင်းရင်းသားပြည်သူတို့ကို ရာစုနှစ်ဝက်ကြာ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ထိပ်ပိုင်းမှ အောက်ခြေထိ အကျင့်ပျက်ခြစားမှုများ၊ တပ်မတော်သားချင်း ရဲဘော်ရဲဘက်စိတ်ပျက်ပြား သစ္စာမဲ့မှုများကြောင့်သာ တပ်မတော်ရဲ့ ပုံရိပ်ဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ရစရာမရှိအောင် ကျဆင်းသွားရတာဖြစ်ပါတယ်။ 

အမျိုးသားရင်ကြားစေ့ရေး ရွှေခေတ် 

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာခြင်းနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နဲ့ စတင်ဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်းအင်အားစုများ၊ အထူးသဖြင့် ပြည်ပအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော ပြုပြင်ပြောင်းလဲရေးကို သံသယဖြင့်သာ ရှုမြင်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းဝင်ရောက်လာတာနဲ့  မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို  ပြည်တွင်းပြည်ပက အင်တိုက်အားတိုက် ထောက်ခံလာခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်တဲ့ အစိုးရဖြစ်သော်လည်း နိုင်ငံတကာတွင် ပြန်လည်ဝင်ဆံ့လာရုံမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်လာပြီး လူမှုရေးအထောက်အပံ့အကူအညီလည်း များစွာရရှိလာခဲ့တာ မြန်မာနိုင်ငံသားအားလုံး မျက်ဝါးထင်ထင်တွေ့ရှိခဲ့ကြရပါတယ်။ 

အာဏာရှင်တွေကြောင့် နှစ်ပေါင်းများစွာ မုန်းတီးရွံရှာခံခဲ့ရတဲ့ တပ်မတော်ဟာ အချိန်တိုအတွင်း ပြည်သူရဲ့ လက်ခံအားပေးမှု အထိုက်အလျောက်ရရှိခဲ့တာဟာ ၂၀၁၅ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အနိုင်ရလာပြီး ပြည်သူနဲ့ စစ်တပ်အကြား အမုန်းတရားကို သင်ပုန်းချေ ရင်ကြားစေ့ရေးမူဝါဒကြောင့်ပါပဲ။

မြန်မာ့တပ်မတော်ကို တစ်ချိန်က အရေးယူပိတ်ဆို့ခဲ့ကြတဲ့ အနောက်ဥရောပနိုင်ငံတွေကပါ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းများ ဖွင့်ပေးခဲ့တဲ့အတွက် တပ်မတော်ဟာ ကမ္ဘာ့အလယ် ပြန်လည်ဂုဏ်တက်လာဖို့ ခရီးလမ်းကို စတင်ခဲ့ပါတယ်။ တပ်မတော်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်အရာရှိတွေရဲ့ မိသားစုပိုင်စီးပွားရေးလုပ်ငန်းများအပေါ်ပါ ပြည်သူက ငြိုငြင်ခြင်းမရှိ စျေးကွက်မှာ နေရာပေးခဲ့ကြပါတယ်။ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်သမ္မတကိုယ်တိုင် ဆုတံဆိပ်များချီးမြှင့်တဲ့အထိ ဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အရင်က ခရိုနီဆိုပြီး ပြည်သူများ မုန်းတီးခဲ့ကြတဲ့ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းရှင်ကြီးများကိုပါ ပြည်သူက နားလည်လက်ခံလာအောင် အရပ်သားအစိုးရလက်ထက်မှာ ကြိုးပမ်းခဲ့ပါတယ်။ စစ်တပ်မိသားစုများမှာလည်း အရင် စစ်အစိုးရခေတ်နဲ့မတူ လူထုအကြား ပုံစံမျိုးစုံနဲ့ ပြန်လည်ကြိုဆိုတာ ခံစားကြရပါတယ်။ ဆိုလိုတာက အရပ်သားအစိုးရလက်ထက် တပ်မတော်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာ ပြည်တွင်းပြည်ပ လူထုအကြား ဝင်ဆံ့လာတာကို တွေ့မြင်ခဲ့ကြပါတယ်။ ဒီလို ရင်ကြားစေ့အလျှော့ပေးမှုတွေကြောင့် ဒီမိုကရေစီတိုက်ပွဲမှာ အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များ၊ တိုင်းရင်းသားပြည်သူများပါ  NLD အရပ်သားအစိုးရအပေါ် မျက်မုန်းကျိုး အထင်လွဲစရာဖြစ်ခံရတဲ့အထိပါပဲ။ 

တပ်ထဲမှာပြောတဲ့ အာဏာထိန်းမှု 

တပ်မတော်သားတွေနားလည်ထားတဲ့ တပ်မတော်ရဲ့ သမိုင်းကြောင်းကတော့ မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေးကို တိုက်ယူပေးခဲ့တယ်။ လွတ်လပ်ရေးရပြီး နိုင်ငံရေးသမားတွေ အချင်းချင်းမညီညွတ်မှုနဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် မလွှဲမရှောင်သာ အာဏာသိမ်းခဲ့ရတယ်။ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရပါတီရဲ့ မဲမသမာမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကြောင့် ဒီမိုကရေစီလမ်းကြောင်းကို သွားနေရာက သွေဖည်မှာစိုးတဲ့အတွက် အာဏာထိန်းထားရခြင်းဖြစ်တယ် ဆိုတာပါပဲ။ 

ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားတဲ့ တပ်မတော်သားတွေအနေနဲ့ တိုင်းပြည်ကို အန္တရာယ်မျိုးစုံကနေ ကာကွယ်ရမယ်ဆိုတာ လက်ခံလို့ရပါတယ်။ ဒီနေရာမှာ အနိုင်ရNLDပါတီက တိုင်းပြည်ရဲ့အန္တရာယ် အမှန်တကယ်ဖြစ်နေသလား မဖြစ်နေသလားဆိုတာ ခဏဘေးဖယ်ထားပြီး တပ်မတော်ကိုယ်၌ကရော အမှန်တကယ် တိုင်းပြည်ကို ကာကွယ်နိုင်တဲ့ ကိုယ်ကျင့်သိက္ခာ၊ သီလ ရှိမရှိကို သေချာဆန်းစစ်စေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ဟာ မိမိကိုယ်တိုင်ပြောနေတဲ့ စံနှုန်းတွေ၊ ကိုယ်ကျင့်တရားတွေ တကယ်ရှိနေ၊ မရှိနေဆိုတာ တပ်မတော်သားတွေ အသိဆုံးပဲဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က အဖွဲ့အစည်းသိက္ခာ၊ ကိုယ်ကျင့်တရားတွေ ပြည့်စုံမနေသေးဘဲ တခြားအဖွဲ့အစည်းကို အာဏာရှင်အလိုကျ စွပ်စွဲတိုက်ခိုက်တာဟာ မှန်မမှန် စဉ်းစားကြည့်နိုင်ပါတယ်။ 

ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နဲ့  ၂၀၂၀ မှာထိ တောင်ပြိုကမ်းပြိုနိုင်လေ့ရှိပြီး ပြည်သူတစ်ရပ်လုံးထောက်ခံတဲ့ NLD ပါတီက မဲမသမာမှုရှိတယ်ဆိုတာ အကြောင်းကြောင်းကြောင့် ယုံကြည်တယ်ဆိုရင် တပ်မတော်ရဲ့ မဟာမိတ်ဖြစ်တဲ့ USDP ပါတီဟာ မဲမသမာမှု လုံးဝမရှိခဲ့ဘူးလို့ ယုံကြည်ပါသလား။ NLD အစိုးရခေါင်းဆောင်တွေဟာ အကျင့်ပျက်ခြစားခဲ့တယ်လို့ ယုံကြည်ရင် ကိုယ့်ရဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ လုံးဝဖြူစင်သန့်ရှင်းတယ်ဆိုတာ အာမခံနိုင်ပါသလား။ ဒါမှမဟုတ် ကိုယ့်တပ်မတော်ကြီးရဲ့ အကြီးအကဲအချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် မိမိနိုင်ငံထက် များစွာချမ်းသာသော နိုင်ငံများမှာတောင် ဖြစ်ဖို့မလွယ်တဲ့ စီးပွားရေးလုပ်ငန်းရှင် မီလျံနာသူဌေးကြီးတွေအလား လုပ်ငန်းများ၊ ကုမ္ပဏီပေါင်းများစွာ ပိုင်ဆိုင်နေမှု၊ ချမ်းသာကြွယ်ဝမှုက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို တက်စေသလား၊ ကျစေသလားဆိုတာတွေက စဉ်းစားသင့်တဲ့ အရာတွေပါ။ 

အရပ်သားအစိုးရလက်ထက်တပ်မတော်

အထက်မှာပြောခဲ့သလို အရပ်သားအစိုးရလက်ထက်မှာ တပ်မတော်ဟာ အဖွဲ့အစည်းအနေနဲ့ ပြည်တွင်းပြည်ပ အများကြီးဝင်ဆံ့လာတယ်ဆိုပေမယ့် တပ်မတော်သားတွေရဲ့ဘဝ ထူးခြားပြောင်းလဲမလာတာကတော့ အရှိတရားပါ။ တိုင်းပြည်ရဲ့ ချမ်းသာကြွယ်ဝမှု၊ အသားတင်ကုန်ထုတ်လုပ်မှု (GDP) က ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ထိ ၁၀ နှစ်အတွင်းမှာ ၃ ဆမက တိုးတက်ခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ကတော့ အများသိတဲ့အတိုင်း အရပ်သားဦးဆောင်တဲ့ ဝန်ကြီးဌာနတွေနဲ့ တပ်မတော်က ကွပ်ကဲတဲ့ ဝန်ကြီးဌာနတွေဆိုပြီးရှိပါတယ်။ ပြည်သူတွေရော၊ အရပ်သားအစိုးရအောက်က ဌာနတွေရော ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်တွေကို စားသုံးနေရစဉ်မှာ စစ်တပ်ဌာနတွေကတော့ အရင်စစ်အာဏာရှင်လက်ထက်က ပုံစံအတိုင်း ဆက်လက်ရှိနေခဲ့ပါတယ်။ တပ်တွင်းသက်သာချောင်ချိရေးကစလို့၊ ရာထူးဌာနအတိုးအပြောင်းအလယ်၊ တပ်မတော်အရည်အသွေးမြှင့်တင်မှုအဆုံး တရားမျှတမှုမရှိဘဲ ခေါင်းပုံဖြတ်ခံရမှု၊ လက်သင့်ရာစားတော်ခေါ်တဲ့ အာဏာရှင်အလေ့အထ၊ တပ်မတော်တိုက်ရည်ခိုက်ရည်ကို မမြှင့်တင်ဘဲ အကျင့်ပျက်ခြစားမှုများကြောင့် အရည်သွေးကျဆင်းလာရမှုတွေကို တပ်မတော်သားတွေ ရင်စည်းခါးစည်းခံခဲ့ကြ၊ ခံနေကြရဆဲဖြစ်ပါတယ်။ 

တကယ်တော့ ၂၀၁၀ ပြောင်းလဲမှု စတင်တုန်းကတစ်ကြိမ်၊ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်တက်လာတော့တစ်ကြိမ် တပ်တွင်းပြုပြင်ပြောင်းလဲရေးတွေ၊ တရားမျှတမှုတွေပိုရလာမယ်လို့ တပ်မတော်သားတွေ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အရပ်သားခေါင်းဆောင်တွေအနေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တပ်ဘက်ဝန်ထမ်းတွေ၊ စစ်သည်တွေ၊ တပ်တွင်းမိသားစုတွေ ဘဝပြောင်းလဲလာအောင် လုပ်နိုင်စွမ်းမရှိခဲ့တာ အဓိကအားနည်းချက်လို ဖြစ်ခဲ့ပါတယ်။ တပ်မတော်ဟာ အစိုးရထဲက သီးခြားအစိုးရ၊ နိုင်ငံထဲက သီးခြားနိုင်ငံငယ်တစ်ခုလိုပဲ ဖြစ်နေခဲ့ပါတယ်။ တစ်နည်းအားဖြင့် တပ်ပြင်ပ မြန်မာနိုင်ငံကြီးဟာ ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးတိုးတက်မှု၊ လူမှုရေး၊ ပညာရေး မြင့်တက်လာချိန်မှာ တပ်မတော်သားတွေကတော့ ၁၉၆၂ ခုနှစ်ကတည်းက ရှိခဲ့တဲ့ တစ်သွေး တစ်သံ တစ်မိန့် အာဏာရှင်လက်အောက်မှာပဲ မိသားစုတွေပါ အာဏာရှင်တွေကို အလုပ်အကျွေးပြုကြရရင်း ဆက်လက်ရှင်သန်နေကြရပါတယ်။ 

ပြည်သူနဲ့ တပ်မတော် သွေးကွဲလာမှု

ကိုလိုနီနယ်ချဲ့တွေဟာ တောင်တန်းနဲ့ ပြည်မသားတွေကို အခွင့်အရေးမတူညီအောင် ပေးခဲ့ပါတယ်။ ပြည်မသားတွေကို ပိုမိုဖိနှိပ်ချုပ်ချယ်၊ တောင်တန်းဒေသတွေကို အထိုက်အလျောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးပြီး သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီသွေးကွဲမှုကို ပြည်မနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မနည်းစုစည်းခဲ့ကြရပါတယ်။ အလားတူ အာဏာရှင်တွေဟာလည်း  တပ်မတော်သားတွေနဲ့ ပြည်သူတွေ သွေးကွဲလာအောင် ခွဲခြားအုပ်ချုပ်နေပါတယ်။ တပ်ပြင်ပပြည်သူတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြည့်အဝအသုံးချပြီး ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုပါ ဝေဖန်ထောက်ပြခွင့်ရနေချိန်မှာ တပ်မတော်သားတွေကတော့ အထက်အမိန့်မှန်သမျှ မတရားရင်တောင် စောဒကတက်ခွင့်မရှိ နာခံကြရပါတယ်။ အလားတူ ပြင်ပလူထုဟာ အလုပ်အကိုင်အခွင့်အလမ်းများစွာကြောင့် ချောင်လည်လာချိန်မှာ တပ်တွင်းပြည်သူတွေကတော့ အထက်အရာရှိတွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှုကို အမြဲတစေခံစားနေကြရဆဲပါ။ ဒါ့အပြင် အာဏာရှင်မိသားစုတွေဟာ ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းအသီးသီးမှာ ပြန်လည်ဝင်ဆံ့လာကြပေမယ့် တပ်မတော်သားအများစုရဲ့ မိသားစုတွေကတော့ တပ်တွင်းမှာသာ ပိတ်လှောင်ခံနေရပါတယ်။ ဒီလိုအခြေအနေတွေက တပ်မတော်သားတွေကို စိတ်ကျဉ်းကျပ် နာကြည်းစေပြီး အဲ့ဒီကနေ တပ်ပြင်ပလူထုအပေါ်ရော မိမိတို့အပေါ် လှည့်မကြည့်တဲ့ အရပ်သားအစိုးရအပေါ်ရော ပိုမို အထင်လွဲလာတော့ပါတယ်။ 

တပ်မတော်နဲ့ ပြည်သူဟာ ပြည်သူတွေချင်းတူပေမယ့် အခွင့်အရေးတန်းတူမရကြပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တပ်ပြင်ပပြည်သူတွေ စံစားရပေမယ့် တပ်တွင်းစစ်သည်မိသားစုပြည်သူတွေကတော့ အာဏာရှင်ဗိုလ်ချုပ်တွေအောက်မှာပဲ နေရတုန်းပါ။ ဒါပေမယ့် ရာစုနှစ်ဝက်ကြာ အာဏာရှင်တွေကြောင့် သွေးကွဲနေတဲ့ တပ်တွင်းတပ်ပြင် ပြည်သူနှစ်ရပ်ကတော့ အချင်းချင်းနားလည်သိမြင်ဖို့ ခက်ပါတယ်။ ဒါကြောင့်လည်း တပ်ပြင်ပပြည်သူတွေဟာ အမိန့်မလွန်ဆန်နိုင်တဲ့၊ အာဏာရှင်တွေရဲ့ သွေးခွဲမှုအမျိုးမျိုးကြောင့် ပြည်သူကို ရန်သူပမာ အထင်လွဲနေတဲ့ စစ်သည်တွေအပေါ် ရွံရှာမုန်းတီးကြပါတယ်။ ဒီလိုမုန်းတီးမှုတွေကို အာဏာရှင်တွေက ကောင်းကောင်းအသုံးချနေတာပါ။ ပြည်သူက အာဏာရှင်မုန်းတာကို တပ်မတော်ကို မုန်းတီးနေသယောင် ပုံဖော်နေတာပါ။ တပ်မတော်သားတွေအနေနဲ့ အသက်ပေးပြီး တိုင်းပြည်ကို ကာကွယ်နေကြရပေမယ့် ပြည်သူရဲ့မေတ္တာကို မရရှိတဲ့အခါ လူသားပီပီ ထိခိုက်ခံစားကြရပါတယ်။ ဒါကြောင့် တပ်မတော်ကို ကာကွယ်ဖို့ စစ်သည်တွေက တာဝန်ရှိတယ်လို့ ခံယူလာကြပါတယ်။ 

တကယ်တော့ တပ်ပြင်ပပြည်သူတွေမုန်းနေတာ စစ်အာဏာရှင်တွေကိုပါ။ တပ်မတော်ကို မုန်းသူမရှိသလောက်ပါပဲ။ တစ်နည်းအားဖြင့် တပ်မတော်သားတွေကို ပြည်သူက မုန်းလေ တပ်မတော်သားတွေက ပြည်သူကို နှိပ်ကွပ်မိလေ ဖြစ်နေပါတယ်။ တပ်မတော်သားတွေစိတ်ထဲတော့ ပြည်သူကို နှိပ်ကွပ်မိနေတယ် မထင်ဘဲ  မိမိတို့ချစ်တဲ့တပ်မတော်ကြီးကို ကာကွယ်နေရတယ်ပဲ ထင်ယောင်ထင်မှားဖြစ်အောင် အာဏာရှင်တွေက အသုံးချပါတယ်။ ဒီလိုနဲ့ ပြည်သူက တပ်မတော်ကို ပိုမုန်းလာကာ အဆိုးသံသရာလည်ပြီး ရင်ကြားစေ့မရ ဖြစ်လာနေပါတယ်။ ဒီအမုန်းသံသရာဟာ စစ်အာဏာရှင်တွေကြောင့်ဖြစ်ရတယ်ပြောတိုင်း အာဏာရှင်တွေဟာ တပ်မတော်ကို ဖြိုခွဲမယ့် အကြံအစည်တွေအဖြစ် အလွန်သတိထား ချေဖျက်ကြပါတယ်။ ပြည်သူတွေ တပ်မတော်သားတွေကို မုန်းမလာအောင် လုပ်တာဟာ တပ်မတော်ကို ဖြိုခွဲခြင်းလား အာဏာရှင်ကို ဖြိုခွဲခြင်းလားဆိုတာ တပ်မတော်သားတွေ သေချာအလေးထားစဉ်းစားသင့်ပါတယ်။ 

အမုန်းသံသရာက လွတ်မြောက်ဖို့

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ချိန်ကစပြီး တပ်မတော်ဟာ ၁၀ စုနှစ်တစ်ခုအကြာ ခက်ခက်ခဲခဲ ရရှိခဲ့တဲ့ ဂုဏ်သိက္ခာကို လုံးဝ လက်လွှတ်လိုက်ရပါတယ်။ ပြည်သူရဲ့တပ်မတော်အပေါ် အမုန်းကလည်း အရင်ရှိခဲ့တဲ့ ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးရဲ့ အနာဟောင်းကို ပြန်ဆွခံရသလို ပြန်လည်ပြင်းထန်လာပါတယ်။ အခုအချိန်မှာ တပ်မတော်သားတွေဘက်ကလည်း မိမိတို့ကို ရန်ပြုနေတဲ့ ပြည်သူကို နှိမ်နင်းဖို့ပဲ စိတ်ထဲမှာ သိမြင်လာပါတယ်။ အခုလိုအခြေအနေဟာ တပ်တွင်းတပ်ပြင် ပြည်သူတွေရဲ့ အမုန်းတရားသံသရာ အရှိန်ကောင်းလာပြီး အာဏာရှင်တွေအတွက်တော့ လက်ပိုက်ကြည့်နေလို့ရတဲ့ အနေအထားဖြစ်သွားပါပြီ။ ထူးပြီး ပြည်သူကို သတ်ခိုင်းစရာ သွေးခွဲစရာတောင် မလိုတော့ပါ။ 

ဒီလို အမုန်းတရားသံသရာကနေ ရုန်းထွက်ဖို့ နည်းလမ်းအနည်းငယ်ပဲ ရှိပါတော့တယ်။ ပြည်သူက တပ်မတော်သားတွေကို စစ်အာဏာရှင်လက်အောက်ကနေ အတူရုန်းထွက်ဖို့ ဖိတ်ခေါ်နေကြပါပြီ။ အရပ်သားအစိုးရက တပ်မတော်ကို တပ်ပြင်ပပြည်သူတွေရတဲ့အခွင့်အရေးတွေ ပေးနိုင်ဖို့ တစ်ခုတည်းသော အတားအဆီးက အာဏာရှင်တွေပါပဲ။ အာဏာရှင်တွေဟာ အရပ်သားအစိုးရအောက်ရောက်တဲ့အခါ လက်ရှိမီလျံနာလိုနေရတဲ့ ဘဝတွေ ဆုံးရှုံးရမှာဖြစ်ပြီး တပ်မတော်သားတွေနဲ့ ပြည်သူကတော့ ပိုမိုတရားမျှတတဲ့အခွင့်အလမ်းတွေ ရရှိလာမှာ အသေအချာပါပဲ။ တပ်မတော်သားတွေရဲ့ နိုင်ငံရေးခံယူချက်က တပ်ပြင်ပပြည်သူတွေနဲ့ မတူနိုင်တာ လက်ခံလို့ရပါတယ်။ တပ်ပြင်ပပြည်သူတွေအချင်းချင်းတောင် နိုင်ငံရေးခံယူချက် များစွာကွဲပြားကြပါတယ်။ ဒီလိုမတူတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်သားပြည်သူတွေအနေနဲ့ အကျင့်ပျက်ခြစားမှု ကင်းစင်တဲ့၊ တပ်မတော်အပေါ် လေးစားတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို လွတ်လပ်စွာ မဲပေးခွင့် ထောက်ခံခွင့် ရှိရမှာဖြစ်ပါတယ်။ မိမိတို့နဲ့အမြင်မတူသူ ပါတီအဖွဲ့အစည်းတွေ၊ ထောက်ခံတဲ့ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်တာဟာ အာဏာရှင်တွေ မှိုင်းတိုက်မှုသာဖြစ်ပြီး သိက္ခာရှိတဲ့တပ်မတော်တစ်ရပ် လုပ်သင့်တဲ့အရာမဟုတ်ပါဘူး။

အဓိကအားဖြင့် NLD အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို မနှစ်သက်လို့ မထောက်ခံရင်တောင် အာဏာရှင်တွေအလိုကျ ပြည်သူကို မုန်းတီးပြီး ဆက်လက်သတ်ဖြတ်နေရင်တော့ မိမိတစ်ဦးချင်းအနေနဲ့ရော တပ်မတော်အနေနဲ့ရော ဘယ်တော့မှ ပြည်သူ့မေတ္တာနဲ့ လေးစားမှုကို ရရှိဖို့ မဖြစ်နိုင်တော့ပါ။ ပြည်သူတွေအနေနဲ့ကလည်း စစ်အာဏာရှင်တွေ မှိုင်းတိုက်ထားသလို NLD ပါတီအတွက်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် တိုက်ပွဲဝင်နေကြတာ မဟုတ်ပါဘူး။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ NLD အစိုးရကို မထောက်ခံချင်လို့၊ လက်ရှိ NLD မဟုတ်တော့တဲ့ ပြည်ထောင်စုညွန့်ပေါင်းအစိုးရ NUG ကို မယုံကြည်ရင်တောင် အာဏာရှင်ကို ပြည်သူနဲ့အတူ လက်တွဲတိုက်လို့ရတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ယူသင့်ပါတယ်။ တပ်တွင်းရော တပ်ပြင်ရော မတရားမှုမှန်သမျှ အတူလက်တွဲ အပြီးသတ်ရှင်းလင်းဖို့ ဒီထက်ကောင်းတဲ့အခွင့်အရေး မရှိတော့ပါ။ ဒီလိုအချိန်မှာ တပ်မတော်သားတွေအနေနဲ့ အာဏာရှင်ကို ဆန့်ကျင်ပြီး တရားမျှတမှုကို တောင်းဆိုလျှင် ပြည်သူက ဘက်မတူသည်ဖြစ်စေ ထောက်ခံအားပေးကြမှာ အသေအချာပါပဲ။ ဒီလိုမှမဟုတ်ဘဲ ၁၉၆၂ ကတည်းက ရာစုနှစ်ဝက်ကြာရှိနေတဲ့ တပ်တွင်းမတရားမှုတွေ၊ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေက ဖြေရှင်းပေးလိမ့်မယ် မျှော်လင့်နေသေးရင်တော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့ အလှမ်းဝေးနေဦးမှာပဲဖြစ်ပါတယ်။ 

Show More

Related Articles

Back to top button