အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံခြားကုန်သွယ်ရေး ဒီဂျစ်တယ်ပလက်ဖောင်း ရေးဆွဲရန် ရုရှားနည်းပညာကုမ္ပဏီကို စစ်အစိုးရက အလုပ်အပ်

မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်များကို စီမံခန့်ခွဲမည့် စနစ်တစ်ခု တည်ဆောက်ရေးအတွက် စစ်အုပ်စုက ရုရှားကာကွယ်ရေးဌာနများနှင့် အကျိုးစီးပွားမကင်းသော နည်းပညာကုမ္ပဏီတစ်ခုကို ပါဝင်ဆောင်ရွက်ခွင့်ပြုသည့် စာချုပ်ကို ချုပ်ဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ရည်ရွယ်သည့် ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခု တည်ဆောက်ရန်အတွက် အမေရိကန်၏ ဒဏ်ခတ်ခံထားရသော ရုရှားနည်းပညာလုပ်ငန်းစုကြီး၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုနှင့် မြန်မာစစ်အစိုးရတို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့ဖြစ်သည့် Justice For Myanmar (JFM) က ထုတ်ပြန်သည်။

National Single Window ဝက်ဘ် ပေါ်တယ် စီမံကိန်းဆိုင်ရာ စာချုပ်ကို စစ်တပ်ထိန်းချုပ် အကောက်ခွန်ဦးစီးဌာနနှင့် ရုရှားနိုင်ငံ Astra Group ၏ လက်အောက်ခံ Astra Consulting LLC (မြန်မာရုံးခွဲ) တို့အကြား ဩဂုတ်လ ၁၂ ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

Astra Group ၏ အမှုဆောင် Nikolay Pryanishnikov ဖေ့စ်ဘွတ်တွင် တင်ထားသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားဓာတ်ပုံအရ မြန်မာနိုင်ငံအခြေစိုက် Fortitech နှင့် Garuda Solution တို့သည်လည်း အဆိုပါစီမံကိန်း၏ မိတ်ဖက်များအဖြစ် ပါဝင်နေသည်။

အဆိုပါသဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်က ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန် မကြေညာသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

JFM က ကိုးကားဖော်ပြထားသည့် မြန်မာနှင့် ရုရှား နှစ်ဖက် အဖွဲ့အစည်းဆိုင်ရာ မှတ်တမ်းများအရ Astra Consulting သည် စာချုပ်မချုပ်ဆိုမီ နှစ်လအလို ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံ၌ ရုံးခွဲတစ်ခု မှတ်ပုံတင်ခဲ့သည်။

ယင်းသဘောတူညီချက်ကိစ္စသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၁၇ ရက်က ရုရှားနိုင်ငံသို့ ထွက်ခွာသွားစဉ်အတွင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား သမိုင်းဝင် ပူးပေါင်းဆောင်ရွက်ရန်၊ အထူးသဖြင့် လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပိုမိုနက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း စစ်အုပ်စုက ကြေညာထားသည်။

အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရအဆင့်ကော်မရှင်မှတဆင့် ရုရှားနှင့် မြန်မာတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထွက်ပေါ်လာသည့် “နိုင်ငံအဆင့် စာချုပ်” (state contract) ဖြစ်သည်ဟု Pryanishnikov က ဩဂုတ်လ ၁၃ ရက်တွင် ဖေ့စ်ဘွတ်၌ ရေးသားထားသည်။

စီမံကိန်း၏ ပထမအဆင့်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုတွင် ပါဝင်နေသည့် အစိုးရအေဂျင်စီများ၏ သတင်းအချက်အလက်စနစ်များကို ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း Pryanishnikov က ပြောသည်။ ထို့အပြင် အဆိုပါပလက်ဖောင်းကို အာဆီယံ၏ Single Window နှင့် ချိတ်ဆက်ရန်ပါ မျှော်မှန်းထားပြီး နောင်တွင် မြန်မာနိုင်ငံ၏ အခြားသော ပြည်သူ့ဒီဂျစ်တယ်ဝန်ဆောင်မှုများအတွက်ပါ အခြေခံအဖြစ် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။

၎င်းက အဆိုပါစီမံကိန်းအား Astra Group ၏ နိုင်ငံတကာတိုးချဲ့မှုတွင် အရေးပါသော ခြေလှမ်းတစ်ခုဟု ဆိုထားပြီး ကုမ္ပဏီအနေဖြင့် စီးပွားရေးအလားအလာ လေ့လာသည့်အဆင့်မှသည် အမျိုးသားအဆင့် စီမံကိန်းတစ်ခု စတင်နိုင်သည့်အဆင့်သို့ ဖြစ်ထွန်းလာခဲ့သည်ဟု ဆိုသည်။

National Single Window သည် မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများနှင့်ဆိုင်သော အစိုးရအေဂျင်စီများကို ချိတ်ဆက်ပေးမည့် တစ်ခုတည်းသော အီလက်ထရွန်းနစ်ပလက်ဖောင်းတစ်ခု ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။ စစ်အုပ်စုက အဆိုပါစနစ်ကို ၂၀၂၈ ခုနှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတစ်ခု၌ စစ်တပ်လက်အောက်ခံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးကံဇော်က အဆိုပါစနစ်သည် “အဆင့်မြင့်နည်းပညာ” များကို အသုံးပြု၍ ပို့ကုန်၊ သွင်းကုန် စိစစ်ခွင့်ပြုခြင်းကို မြန်ဆန်စေရန်နှင့် အာဆီယံအပါအဝင်နိုင်ငံတကာနှင့် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု ဆိုကြောင်း စစ်တပ်ဝါဒဖြန့် The Global New Light of Myanmar သတင်းစာက ရေးသားခဲ့သည်။

စစ်အုပ်စုသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် National Single Window အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါစီမံကိန်းအတွက် ကုန်သွယ်ရေးနှင့် ဆိုင်သော အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍအကြား ငွေကြေး၊ ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်များအပြင် ဥပဒေနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင်ပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဟု ပြောထားသည်။

Astra ပါဝင်ပတ်သက်နေမှုသည် အဆိုပါ လုပ်ငန်းစုနှင့် ရုရှား စစ်ဘက် အဖွဲ့အစည်းများအကြား ပတ်သက်ဆက်နွှယ်မှုများ ရှိနေခြင်းကြောင့်လည်းကောင်း၊ စနစ်အတွင်းဖြတ်သန်းသွားမည့် အချက်အလက်များ၏ ထိခိုက်လွယ်နိုင်ခြေများကြောင့်လည်းကောင်း ပို၍စိုးရိမ်စရာဖြစ်လာသည်။

Astra Group သည် ရုရှားအစိုးရ အဖွဲ့အစည်းများ အသုံးပြုသည့် Astra Linux စနစ်ကြောင့် လူသိများသည်။ အဆိုပါကုမ္ပဏီ၏ အဓိကအဝယ်တော်များထဲတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်လုံခြုံရေးလုပ်ငန်း (FSB) တို့အပြင် နိုင်ငံပိုင်နှင့် ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ပါဝင်ကြောင်း JFM က ဖော်ထုတ်ထားသည်။

ရုရှား၏ စစ်ဘက်ဆိုင်ရာစက်မှု အခြေခံကို ပံ့ပိုးပေးနေသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေမှုကြောင့် အမေရိကန်ပြည်ထောင်စုက Astra Group ကို ၂၀၂၄ ခုနှစ် မေလတွင် ပိတ်ဆို့အရေးယူခဲ့သည်။ ကနေဒါနိုင်ငံကလည်း အဆိုပါအုပ်စုအပေါ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

Astra Consulting ကိုယ်တိုင်မှာမူ တိုက်ရိုက်ပိတ်ဆို့အရေးယူခြင်း မခံရသေးပေ။ မိခင်ကုမ္ပဏီအား ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများသည် လက်အောက်ခံကုမ္ပဏီကို သက်ရောက်မှု ရှိမရှိ ဆုံးဖြတ်ရန်အတွက် အများပြည်သူသို့ ချပြထားသည့် ရုရှားအဖွဲ့အစည်းဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် အချက်အလက်မပြည့်စုံကြောင်း JFM က ဆိုသည်။

JFM အဖွဲ့က ကိုးကားဖော်ပြထားသည့် ရုရှားအဖွဲ့အစည်းဆိုင်ရာ မှတ်တမ်းများအရ Astra Consulting သည် ရုရှားလုံခြုံရေးအေဂျင်စီများ ထုတ်ပေးထားသည့် လိုင်စင်များကို ပိုင်ဆိုင်ထားသည်။

ရုရှားနိုင်ငံ၏ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ  နည်းပညာနှင့် ပို့ကုန်ထိန်းချုပ်ရေး ဖက်ဒရယ်အေဂျင်စီသည် လျှို့ဝှက်သတင်းအချက်အလက်များကို ကာကွယ်ရန် အသုံးပြုသည့် နည်းပညာများ တီထွင်ဖန်တီးထုတ်လုပ်ခွင့် လိုင်စင်များကို ထိုကုမ္ပဏီအား ထုတ်ပေးထားသည်။ FSB ကမူ ဝှက်စာစနစ်နှင့် ကာကွယ်ထားသော ဆက်သွယ်ရေးစနစ်များတွင် လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးထားသည်။

National Single Window ၏ သဘောသဘာဝအရ အဆိုပါပလက်ဖောင်းသည် အကဲဆတ်သော သတင်းအချက်အလက်များကို စီမံခန့်ခွဲရမည်ဖြစ်သည်။ မြန်မာကုန်သည်များသည် လိုင်စင်လျှောက်ရာတွင် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်မိတ္တူများနှင့် ဘဏ်စာရင်းရှင်းတမ်းများ အပါအဝင် စာရွက်စာတမ်းများကို တင်ပြကြရသည်။

Astra Group သို့မဟုတ် စစ်အုပ်စုအနေဖြင့် အဆိုပါစာချုပ်၏ တန်ဖိုးကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

Astra Group ၏ ပါဝင်ပတ်သက်မှု၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပလက်ဖောင်းကို အာဆီယံ Single Window နှင့် ချိတ်ဆက်ပြီးပါက ဒေသတွင်း အကောက်ခွန်နှင့် ကုန်သွယ်ရေး သတင်းအချက်အလက်များကို အဆိုပါကုမ္ပဏီက ရရှိနိုင်မှုအပေါ် စိုးရိမ်စရာတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသဖြင့် သတိထား စိစစ်ကြရန် JFM က အာဆီယံအစိုးရများအား တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ National Single Window စီမံကိန်း၏အစသည် ၂၀၂၁ စစ်အာဏာသိမ်းမှုထက် စောသည်။ JFM ၏ အဆိုအရ အဆိုပါစီမံကိန်းအတွက် အသေးစိတ်မြေပုံကို ၂၀၂၀ ပြည့်နှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အရပ်သားအစိုးရလက်ထက်၌ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ တည်ဆောက်နေသည့် စနစ်သည် မူလမြေပုံအတိုင်း အတိအကျ ဟုတ်မဟုတ် မရှင်းလင်းသေးပေ။

အဆိုပါစာချုပ်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနှင့် စစ်အုပ်စုတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇူလိုင်လအတွင်းက ရုရှားစစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၂၀ နီးပါးသည် နေပြည်တော်၌ စစ်တပ် တပ်ဖွဲ့များနှင့်အတူ နှစ်ပတ်နီးပါးကြာ ပူးတွဲလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြပြီး ရုရှားလုပ် စစ်လက်နက်၊ ဒရုန်းနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ပြသခဲ့ကြသည်။

Tiger-2026 ဟု လူသိများသည့် အဆိုပါလေ့ကျင့်မှုသည် ရုရှားနှင့် မြန်မာ အထူးတပ်ဖွဲ့များ ပထမဆုံး ပူးတွဲ “လေ့ကျင့်ရေးနှင့် နည်းလမ်းဗေဒဆိုင်ရာ တွေ့ဆုံပွဲ” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။ 

Myanmar Now အနေဖြင့် အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် စစ်အာဏာရှင်ထိန်းချုပ်ထားသော ဘဏ္ဍာရေးနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်ထားသော်လည်း အကြောင်းပြန်စာ မရသေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button