အတွေးအမြင်

စစ်အာဏာရှင်အတွက် အသက်ပေးဖို့ မထိုက်တန်တော့တဲ့ မြန်မာ့တပ်မတော်

ဗမာ့တပ်မတော်ကို ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ သခင်နိုင်ငံရေးသမားတစ်ဖြစ်လဲ သခင်အောင်ဆန်းနှင့် အခြားနိုင်ငံရေးသမား၊ သခင်လူငယ် ၃ ကျိပ်တို့က ၁၉၄၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ တည်ထောင်ချိန်မှစ၍ တပ်မတော်၏ အယူဝါဒ (doctrine) ခံယူချက်၊ ရပ်တည်မှု စသည်တို့မှာ ပြောင်းလဲလာခဲ့သည်ကို တွေ့ရပေသည်။ အဓိကအားဖြင့် ဘာကြောင့် တပ်မတော်တည်ရှိနေရသည်၊ ဘာအတွက် စစ်သည်တို့ အသက်ပေး စစ်တိုက်ကြရသည်ကို တိတိပပ အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြစ်သည်။ ဥပမာအားဖြင့် သခင်အောင်ဆန်းတို့၏ မူလဗမာ့တပ်မတော်မှာ လွတ်လပ်ရေးအတွက်၊ ပြည်ထောင်စုတည်ထောင်ရေးအတွက် တည်ရှိခြင်းအဖြစ် ပြတ်သားပြောင်မြောက်စွာ လေးစားခံ့ညားခဲ့ပေသည်။ သို့သော် စစ်တပ်မှ စတင်အာဏာသိမ်းသည့် ၁၉၆၂ မှစ၍ မြန်မာ့တပ်မတော်၏ အယူဝါဒခံယူချက်တို့မှာ တစ်စတစ်စ ယုတ်လျော့လာကာ ယခု စစ်ကောင်စီလက်ထက်အရောက်တွင်တော့ အာဏာရှင်အကျိုးစီးပွားကို အသက်ပေးကာကွယ်ရသည့် လက်ပါးစေ လက်နက်ကိုင်အဆင့်ထိ လျှော့ချခြင်းခံလိုက်ရပါတော့သည်။ ယခုလက်ရှိ မြန်မာ့တပ်မတော်မှာမူ စစ်တပ်တစ်ခု၏ ပင်မအခြေခံအုတ်မြစ်များဖြစ်သည့် တိုက်ခိုက်စွမ်းရည်၊ စည်းကမ်း၊ စိတ်ဓာတ်/ခံယူချက်နှင့် ရဲဘော်ရဲဘက်စိတ်တွေပါ စစ်အာဏာရှင်များ၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် ဖျက်ဆီးခံလိုက်ရပါသည်။

ဗမာ့တပ်မတော် စတင်ဖွဲ့စည်းချိန်က ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖြစ်ခဲ့သည့်အတွက် ကိုလိုနီစနစ်ရဲ့ အဆိုးရွားဆုံးအခြေအနေများကို မြန်မာပြည်သူတိုင်း ခံစားခဲ့ကြရပါသည်။ ကိုလိုနီစနစ်ကိုလည်း နိုင်ငံရေးတိုက်ပွဲနည်းလမ်းနဲ့ တိုက်ခိုက် အောင်မြင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန် ဗမာ့တပ်မတော်ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဗမာ့တပ်မတော်၏ ခံယူချက်နှင့် အယူဝါဒမှာ နယ်ချဲ့ကိုလိုနီစနစ်ကို တိုက်ထုတ်ရန်၊ လွတ်လပ်ရေးကို ကာကွယ်ရန် ခိုင်မာစွာဖြစ်တည်လာခဲ့ပေသည်။ တစ်နည်းအားဖြင့် ဗမာ့တပ်မတော်၏ စစ်သည်များမှာ ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်ကို မျက်ဝါးထင်ထင် မြင်ခဲ့ခံစားခဲ့ကြရသည်ဖြစ်ရာ ၎င်းစနစ်အား အပြီးတိုင်ချေမှုန်း သုတ်သင်ရန် သန္နိဋ္ဌာန်ချထားသူများဖြစ်ကြသည်။ ဤခံယူချက် သန္နိဋ္ဌာန်တို့သည်ပင်လျှင် ဗမာ့တပ်မတော်အား စုစည်းအားကောင်းစေခဲ့ပါသည်။

ို့နောက် ပါလီမန်ခေတ် (သို့) လွတ်လပ်ရေးရပြီးခေတ်တွင် နိုင်ငံရေးမကျေလည်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများမှ အစပြုကာ မဖြေရှင်းနိုင်ဘဲ စစ်ရေးပြဿနာဖြစ်သည်အထိ ပြည်တွင်းစစ်စတင်ခဲ့ရသည်။ ထိုအခါ မူလ လွတ်လပ်ရေးကို ကာကွယ်ရန်၊ နယ်ချဲ့စနစ်ကို တိုက်ထုတ်ရန်ဆိုသည့် တပ်မတော်၏ အခြေခံ အယူဝါဒခံယူချက်တွင် ပြည်တွင်းလက်နက်ကိုင်ဆူပူမှုများကို နှိမ်နင်းရန်ဆိုပြီး စတင်ထည့်သွင်းလာခဲ့သည်။ ဤအခြေအနေကို တပ်မတော်မှ ပြည်တွင်းစစ်ကို နိုင်ငံရေးသမားများကြောင့်ဖြစ်ရသည်ဟု အပြစ်ပုံချကာ ပြည်သူ့အာဏာကို ၁၉၆၂ တွင် စတင်သိမ်းယူခဲ့ပါသည်။ သို့သော်လည်း ဤကာလအပိုင်းအခြား ၁၉၆၂ ခုနှစ်အထိ တပ်မတော်သားအများစုမှာ အကြောင်းအမျိုးမျိုး ကြောင့် ပေါ်ပေါက်လာသော ပြည်တွင်းစစ်ကို ပြည်ထောင်စုမပြိုကွဲရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေရသည်ဟု ခံယူထားကြသည်။ ထို့ပြင် အာရှတစ်လွှား အထူးသဖြင့် အင်ဒိုချိုင်းနားကျွန်းဆွယ်အတွင်း အင်အားကောင်းလာသည့် ကွန်မြူနစ်စနစ်ကို တိုက်ခိုက်နေရချိန်ဖြစ်၍ မြန်မာ့တပ်မတော်မှာ အာဏာသိမ်းခဲ့သည့်တိုင် အယူဝါဒခံယူချက် ခိုင်မာကာ စုစည်းလျက်ပင်ရှိနေသေးသည်။

ထို့နောက် ကွန်မြူနစ်စနစ်ကို အဓိကချေဖျက်ရန်နှင့် ထိုအချိန်အခါက အမျိုးသားခေါင်းဆောင် သခင်အောင်ဆန်းကိုယ်တိုင် ယုံကြည်ခဲ့သည့် ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ကာ ပြည်သူကို စည်းရုံးနိုင်ရန် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ထူထောင်ခဲ့သည်။ တပ်မတော်ကိုလည်း လွတ်လပ်ရေး၊ ကိုလိုနီဆန့်ကျင်ရေးသဘောတရားများအပြင် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်သဘောတရားများကိုပါ သွတ်သွင်းပြီး ပြည်တွင်းစစ် အထူးသဖြင့် ကွန်မြူနစ်လက်နက်ကိုင်များကို တိုက်ခိုက်စေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးရပြီးစမှ ဗိုလ်ချုပ်နေဝင်း၏ အစောပိုင်းကာလများအထိ လွတ်လပ်ရေးတိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်မှု၊ ပြည်တွင်းစစ်၊ ကွန်မြူနစ်လက်နက်ကိုင် စသည်တို့ကို တိုက်ခိုက်နေရသည့် မြန်မာ့တပ်မတော်မှာ သဘောတရား၊ အယူဝါဒခံယူချက် စသည်တို့ အံဝင်ခွင်ကျဖြစ်နေသေးသည်ကို တွေ့ရပေသည်။ သို့သော် မြန်မာ့တပ်မတော်၏ ကျဆင်းမှုအစမှာ ဗိုလ်နေဝင်း ဆက်လက်အာဏာလက်ဝယ်ကိုင်ထားလိုမှု လောဘအောက်မှာ စတင်ခဲ့သည်။ မဆလပါတီထိပ်ပိုင်းခေါင်းဆောင်များ အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံရေးနည်းလမ်းကို ဖယ်ကြဉ်ကာ စစ်ရေးကိုသာ အသုံးပြုပြီး ပြည်တွင်းစစ်ကို ဖြေရှင်းမှုမှာ လုံးဝဥဿုံ အောင်မြင်မှု မရရှိခဲ့သည်ကို တွေ့ရသည်။

တပ်မတော်က နိုင်ငံရေးသမားတွေ မဖြေရှင်းနိုင်သည့် ပြည်တွင်းစစ်ကို ဖြေရှင်းပြမည်ဆိုသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သော်လည်း မဖြေရှင်းနိုင်ခဲ့ဘဲ ပြည်တွင်းစစ်မှာ နှစ် ၇၀ ကျော်ကြာသည်အထိ ကမ္ဘာ့စံချိန်တင်ခဲ့သည်။ ၂၀၁၀ နောက်ပိုင်း အရပ်သားတစ်ပိုင်းအစိုးရ (ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်တွင်း ဝင်ရောက်လာခြင်းနှင့်အတူ ပြည်တွင်းပြည်ပထောက်ခံမှုရရှိလာ) လက်ထက်မှသာ စစ်ရေးကို စွန့်ပယ်ကာ နိုင်ငံရေးဆွေးနွေးပွဲများမှ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို တစ်ပိုင်းတစ်စ လက်မှတ်ရေးထိုးနိုင်ခဲ့ပေသည်။ ဤအချက်သည်ပင် နိုင်ငံရေးပြဿနာအား စစ်ရေးနည်းလမ်းဖြင့်၊ စစ်ခေါင်းဆောင်များ ဘယ်လိုမှ မဖြေရှင်းနိုင်သည်ကို သက်သေထူသည့် အခိုင်မာဆုံးအချက်ပင်ဖြစ်သည်။ တပ်မတော်သည်လည်း ဗိုလ်ချုပ်နေဝင်းလက်အောက်တွင် တစ်ချိန်က ပြည်သူလေးစားခံ့ညားခဲ့သည့် တပ်မတော်အဖြစ်မှ ခံယူချက်၊ အယူဝါဒသဘောတရားများလည်း ယုတ်လျော့ကာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်သည့်၊ မိမိကာကွယ်ပေးရမည့် ပြည်သူကို ဖိနှိပ်သတ်ဖြတ်သည့် လက်နက်ကိုင်တပ်အဖြစ် ပုံပျက်လာခဲ့ရတော့သည်။

၁၉၈၈ ပြည်သူ့တော်လှန်ရေးကြောင့် မဆလပါတီ ပြိုကျပြီးသည့်နောက်ပိုင်းတွင် ၂၀၁၀ ထိ စစ်တပ်မှ ဆက်လက်အာဏာသိမ်းယူကာ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စသည်တို့ ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ဤအပိုင်းခြားကာလ ဗိုလ်ချုပ်သန်းရွှေလက်အောက်တွင် တပ်မတော်မှာ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းရ အဖြေမရှာခဲ့ဘဲ ကျိုးပဲ့လွယ်သည့်အပစ်အခတ်ရပ်စဲရေးများ စာချုပ်များ ကတိကဝတ်များဖြင့် ဆက်လက်ထိန်းချုပ်ခဲ့သည်။ သို့ရာတွင် မဆလခေတ်က သွတ်သွင်းခဲ့သော ဆိုရှယ်လစ်သဘောတရား (ဝါ) ကွန်မြူနစ်ဆန့်ကျင်ရေးသဘောတရားများပယ်ဖျက်လာကာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်တည်ဆောက်ရန်ဆိုသည့် သဘောတရားကို တင်ပြလာခဲ့သည်။ ဤသဘောတရားရေးရာမှာလည်း အခြေခံအားဖြင့် ဗိုလ်ချုပ်နေဝင်းခေတ်က ကွန်မြူနစ်စနစ်ကို ချေဖျက်ရန် သံတူကြောင်းကွဲ ဆိုရှယ်လစ်သဘောတရားများသွတ်သွင်းခဲ့သည်နှင့် အလားတူပင်ဖြစ်သည်။ ရည်ရွယ်ချက်မှာ ၁၉၈၈ ခုနှစ် လူထုတော်လှန်ရေးမှ အင်နှင့် အားနှင့် ပေါ်ပေါက်လာသည့် ပြည်သူလူထု၏ ဒီမိုကရေစီစနစ်အာသီသကို ချေဖျက်ထိန်းချုပ်ရန်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူတောင့်တသည့် ဒီမိုကရေစီအင်အားစုများ အာဏာမရရေး၊ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် တပ်မတော်က သတ်ဖြတ်ဖိနှိပ်ပေးရခြင်းမျိုးသာဖြစ်ခဲ့သည်။ တပ်မတော်တည်ရှိရခြင်း စစ်သည်များ အသေခံတိုက်ပွဲဝင်ရခြင်းများမှာလည်း သဘောတရားရေးရာ အယူဝါဒအရ တစ်စတစ်စ အားပျော့လာကာ အာဏာရှင်တို့၏ အကျိုးစီးပွားကာကွယ်ပေးရုံသက်သက်အတွက် အကြောင်းပြချက်အဆင်တန်ဆာများသာ ဖြစ်လာခဲ့ရသည်။

ဒို့တာဝန်အရေးသုံးပါးနှင့် တပ်မတော်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် မြန်မာ့တပ်မတော်၏ အဓိကတည်ရှိရခြင်း၊ စစ်သည်တို့ အသက်ပေးတိုက်ပွဲဝင်နေရခြင်း အခြေခံအကြောင်းတရား ခံယူချက်ဖြစ်သည်။ ဤတာဝန်တို့မှာ ခံယူချက်အားဖြင့် လက်မခံနိုင်စရာမရှိသော်လည်း လက်တွေ့အသုံးချမှုမှာ မေးခွန်းထုတ်စရာများစွာရှိပေသည်။

ပထမဆုံးအနေဖြင့် ၁၉၆၂ မှ ၂၀၁၀ အထိ လူမျိုးစုများ၏ လက်နက်ကိုင်တော်လှန်ရေးအား ခွဲထွက်ရေးလမ်းစဉ်များအဖြစ် အာဏာရှင်တို့က ဝါဒဖြန့် ပုံဖော်နိုင်ခဲ့သဖြင့် စစ်သားအများစုမှာ ပြည်ထောင်စုပြိုကွဲမည့် ဘေးမှ ကာကွယ်ရန် တာဝန်ရှိနေသည်ဟု အထင်ရောက်ကာ တပ်မတော်ကို စုစည်းထားနိုင်ပေသည်။ သို့သော် ၂၀၁၁ ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးများမှာ ခွဲထွက်ရေးသမားများမဟုတ်ကြဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးအတွက် တောင်းဆိုနေသူများသာဖြစ်ကြောင်း တပ်မတော်ရော ပြည်သူပါ လက်တွေ့သိရှိခဲ့ကြရသည်။ ထို့ကြောင့် ပြည်ထောင်စုကို ဖြိုခွဲမည့်ရန်သူဆိုသည်မှာ လွတ်လပ်ရေးခေတ်ကကဲ့သို့ ပြည်တွင်းပြည်ပရန်သူကို ဆုပ်ကိုင်ပြစရာမရှိဘဲ စိတ်ကူးထဲက ရန်သူကဲ့သို့ဖြစ်နေပေသည်။ ပိုရှင်းလင်းသည်မှာ ယခုအခါ တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီအင်အားစုများက ပြည်ထောင်စုကို ဖြိုခွဲဖွဲ့ထက် စစ်အာဏာရှင်ကို ဆန့်ကျင်ကာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် ကြိုးပမ်းနေကြသည်ကိုပင် ထင်ရှားစွာတွေ့ရသည်။

ဒုတိယအနေဖြင့် မြန်မာပြည်တွင် လူမျိုးစုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခဲ့ကြသည်မှာ ဖဆပလခေါင်းဆောင် တစ်နည်းအားဖြင့် အရပ်သားနိုင်ငံရေးသမားများ၏ အားထုတ်မှုဖြစ်သည်ဆိုသည်မှာ ပင်လုံစာချုပ်က သက်သေ ပင်ဖြစ်သည်။ ကံမကောင်းစွာပဲ ပါလီမန် ၁၀ နှစ်အတွင်း အရပ်သားအစိုးရလက်ထက်မှာပဲ ပြိုကွဲခဲ့ရသည်။ သို့ပါသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့ အကြောင်းပြအာဏာသိမ်းခံသည့် စစ်တပ်အစိုးရလက်ထက် နှစ်ပေါင်း ၆၀ တိုင် မစုစည်းနိုင်ခဲ့ပါ။ ထို့ကြောင့် အာဏာရှင်လက်အောက် အသုံးချခံခဲ့ရသည့် တပ်မတော်သည် အသက်ပေါင်းများစွာ ရာစုနှစ်ဝက်ကျော် စတေးခဲ့သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ကြောင်း အထင်အရှားတွေ့ရပေသည်။

နောက်ဆုံးတစ်ခုဖြစ်သည့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည်လည်း စစ်အာဏာရှင်လက်အောက်မှာ သိသိသာသာ ယိမ်းယိုင်လာနေသည်ကို တွေ့ရပေသည်။ ပြည်တွင်းစစ်ကို စစ်ရေးဖြင့် အဆုံးသတ်ဖို့ကြိုးစားသည့် စစ်တပ်သည် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ရုံမျှမက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုကိုလဲ ပြင်းပြင်းထန်ထန်ဆန့်ကျင်နိုင်ခြင်းမရှိပေ။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ခံရသည့်အတွက် တရုတ်၊ ရုရှား၊ အာဆီယံ ကဲ့သို့သော နိုင်ငံများအပေါ် လွန်စွာမှီခိုအားထားကာ အာဏာရှင်ကို အလုပ်အကျွေးပြုခဲ့ရပေသည်။ အကယ်၍ အာဏာကို မတရားဆက်လက်ဆုပ်ကိုင်ထားပါက ပြည်တွင်းစစ်ဖြစ်ကာ နိုင်ငံတကာ၏ ပြင်းထန်စွာဒဏ်ခတ်မှုကြောင့် ၂၀၁၀ မတိုင်ခင် စစ်အာဏာရှင်များကဲ့သို့ နိုင်ငံ၏ သယံဇာတများကို တရုတ်၊ ရုရှားတို့အား ရသည့်စျေးနှင့် ရောင်းချရကာ နိုင်ငံတကာအလယ် မျက်နှာငယ်ရမည့် အခြေအနေသို့ ပြန်လည်ဆိုက်ရောက်သွားပေမည်။ တိုင်းပြည်အချုပ်အခြာအာဏာ ထိပါးခံရခြင်းမှာ ကိုလိုနီပြုခံရခြင်းမျိုးထိ မဟုတ်သည့်တိုင် နိုင်ငံတကာအလယ် အရပ်သားအစိုးရလက်ထက်ကဲ့သို့ ဂုဏ်သိက္ခာရှိစွာရပ်တည်မှုလည်း လုံးဝဆုံးရှုံးသွားရမည်ဖြစ်သည်။ စစ်အာဏာရှင်များ တစ်ကိုယ်စာ ချမ်းသာဖူလုံမည်ဖြစ်သော်လည်း တပ်မတော်မှာမူ အစစ နောက်ကျကာ ခေတ်မီတပ်မတော်ဖြစ်ရန်မှာလည်း လက်လှမ်းမီနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ၂၀၁၀ နောက်ပိုင်း ဗိုလ်ချုပ်မင်းအောင်လှိုင် အာဏာသိမ်းသည့် လက်ထက်အရောက်တွင် တပ်မတော်မှာ မိမိတို့၏ အဓိကတည်ရှိခြင်းအကြောင်းဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကိုပင် မကာကွယ် မစောင့်ရှောက်နိုင်သည့် အခြေအနေထိ ထိုးဆင်းသွားရတော့သည်။

ဗမာ့တပ်မတော်သည် လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြရသော်လည်း ၎င်းတို့၏ ခေါင်းဆောင်များမှာ သခင်အောင်ဆန်းကဲ့သို့သော တပ်မတော်အပေါ် အမြတ်မထုတ် နိုင်ငံတော်အတွက်သာ ဦးလည်မသုန် ပေးဆပ်ကြသူများဖြစ်ကြ၍ လွန်စွာမှ တန်ဖိုးရှိလှပေသည်။ မဆလလက်ထက်မှစ၍ တပ်မတော်သားများ၏ အသက်သွေးချွေး ပေးဆပ်မှုတို့မှာ အာဏာရှင်တို့ အကျိုးစီးပွားအဖြစ် တစ်စတစ်စ ပြောင်းလဲလာခဲ့တော့သည်။ တစ်နည်းအားဖြင့် စစ်သည်တို့၏ နိုင်ငံတော်ကို အသက်ပေးကာကွယ်လိုစိတ်ကို စတင်အသုံးချခံလာရတော့သည်။ နဝတ၊ နအဖ အစိုးရလက်ထက်များ ရောက်ရှိလာသောအခါ စစ်အာဏာရှင်ခေါင်းဆောင်များမှာ တပ်မတော်အပေါ် ပြည်သူ ဘယ်လောက်ပင် ငြိုငြင်လာပါစေ မိမိတို့ အကျိုးစီးပွားအတွက် အစွမ်းကုန်အသုံးချလာတော့သည်။ မိမိတို့၏ ရဲဘော်ရဲဘက် စစ်သည်များအပေါ် အနိုင်အထက်ပြုကျင့်ကာ စစ်တိုက်ခြင်းကိုသာ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်ကြသည့် စစ်သားအရာရှိများက တော်ရုံစီးပွားရေးသမားများတောင် မရရှိနိုင်သည့် ချမ်းသာမှုမျိုးကို တွန့်ဆုတ်ခြင်းမရှိ ရယူလာကြသည်။

၀၁၄ ခုနှစ်မှစ၍ “Standard Army” ဆိုသည့် ရည်မှန်းချက်ကို စတင်ပြောဆိုလာကြသော်လည်း တပ်မတော်သားတွေ၏ ဘဝမှာ များစွာဆုတ်ယုတ်လျက်ရှိသည်။ တပ်မတော်အား ခေတ်မီတပ်မတော်အဖြစ် ပြောင်းလဲမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်ဘတ်ဂျက် (အမေရိကန်ဒေါ်လာ နှစ်စဉ် ၃ ဘီလျံခန့်) နှင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများမှ အသုံးစရိတ်တို့မှာ ထိပ်ပိုင်းစစ်အာဏာရှင်တို့၏ အကျင့်ပျက်ခြစားမှုများကြောင့် Standard Army အိပ်မက်မှာ အရာမထင်ဖြစ်နေသည်။ သို့သော်လည်း စစ်အာဏာရှင်ခေါင်းဆောင်များ၏ မိသားစုဆွေမျိုးများပါမကျန် သာမန်စစ်သားတစ်ယောက် အိပ်မက်ပင် မမက်နိုင်သည့် စည်းစိမ်ဥစ္စာများရယူသွားကြတော့သည်။

အဆုံးတွင် နိုင်ငံတော်၏ ပြည်သူက ပေးအပ်ထားသည့် အာဏာကိုပါ သိမ်းယူကာ တပ်မတော်၏ ပုံရိပ်ကို အဆုံးစွန်ထိ ဖျက်ဆီးလာကြတော့သည်။ ထိုမျှမက ပြည်သူလူထု၏ အေးချမ်းစွာဆန့်ကျင်မှုများကိုပါ အင်အားသုံးသတ်ဖြတ်သည်အထိ ပြုလုပ်လာကြသည်။ ယခုလက်ရှိ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မိမိတို့၏ စစ်သည်များအပေါ် စည်းရုံးနိုင်မှု အားနည်းလာသည်ကို တွေ့ရပေသည်။ ဗမာ့တပ်မတော်ခေတ်ကကဲ့သို့ မြင့်မြတ်သော ခံယူချက်မျိုး တည်ဆောက်ပေးဖို့ ပျက်ကွက်လာကာ လူပုဂ္ဂိုလ်တစ်ဦး၊ ပါတီတစ်ခုကို ဦးတည်တိုက်ခိုက်ဖို့ ဝါဒဖြန့်နေရသည့် အဆင့်သို့ နိမ့်ကျလာရတော့သည်။ ယုတ်စွအဆုံး တစ်ဖက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများရှိသည်ဆိုလျှင်ပင် စွပ်စွဲပြစ်တင်လာသည့် တပ်မတော်ကိုယ်တိုင်မှာလည်း တပ်မတော်သားစစ်စစ်တို့ မျှော်လင့်ထားသလို သန့်ရှင်းစင်ကြယ်သည့် အဖွဲ့အစည်းဖြစ်မနေသည်မှာ ၎င်းတို့အား စိတ်ပျက်အားလျော့စေတော့သည်။ စစ်ဗိုလ်ချုပ်တို့၏ အကျိုးစီးပွားအတွက် ပြိုင်ဘက်များကို ရှင်းထုတ်ပေးရသည့် လက်ကိုင်တုတ်တပ်သဖွယ် အသုံးပြုခံရသည်မှာ စစ်သားစစ်စစ်တွေအတွက် အော့နှလုံးနာစရာကောင်းလှသည်။

တပ်မတော်သမိုင်းတွင် တည်ဆောက်ခဲ့သည့် အထက်ဖော်ပြပါ ခံယူချက်၊အယူဝါဒ သဘောတရားများက ယခု ဘာကြောင့် ပြည်သူကို သတ်ဖြတ်နေရသည်ကို ရှင်းလင်းနိုင်စွမ်းလည်း လုံးဝမရှိသည်ကို တွေ့ရသည်။ အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် မိမိတို့ အကျိုးစီးပွားနှင့် အာဏာအတွက် ပြည်သူ့တပ်မတော်အား ပြည်သူက မုန်းလာအောင် အကွက်ချစီမံကာနှင့် အချင်းချင်းသတ်ဖြတ်ခိုင်းနေခြင်းသာ ဖြစ်သည်။ သခင်အောင်ဆန်းနှင့် အခြားနိုင်ငံရေးသမား၊ သခင်လူငယ် ၃ ကျိပ် တည်ထောင်ခဲ့သည့် လွတ်လပ်ရေးအတွက် နိုင်ငံရေးလမ်းစဉ်ကို စစ်ရေးဖြင့် ကူညီထောက်ပံ့တိုက်ပွဲဝင်ခဲ့သည့် မြန်မာ့တပ်မတော်သားစစ်စစ်များအဖို့ အာဏာရှင်များ၏ မိသားစုအကျိုးစီးပွားကာကွယ်ရင်း အသက်ပေးရန် ခိုင်လုံသော သဘောတရား၊ အယူဝါဒတို့မှာ လုံးဝမရှိတော့ပြီဖြစ်သည်။

Show More

Related Articles

Back to top button