သတင်း

ယင်းမာပင်တွင် ပစ္စည်းသယ်နေသည့် စစ်သားများ တိုက်ခိုက်ခံရ

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ သစ်ကွင်းတွင် လုံခြုံရေးယူထားသည့်  စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များပူးပေါင်း၍ ယမန်နေ့(ဩဂုတ် ၂၉)တွင် တိုက်ခိုက်ခဲ့သည်။

ချင်းတွင်းမြစ်အနောက်ကမ်းဘေး စေသူရွာနှင် သံဖိုရွာကြား စေသူသစ်ကွင်းတွင် ဇူလိုင်လကုန်ပိုင်းမှ စ၍ စစ်သား ၁၀၀ ဝန်းကျင်တပ်စွဲထားခြင်းဖြစ်သည်။ ယမန်နေ့တွင် ထိုတပ်ဖွဲ့မှ အင်အား ၂၀ ခန့်က စေသူရွာ အနောက်ဘက်မလှမ်းမကမ်းရှိ အင်းဖျားရွာကို ဝင်မွှေစဉ် ချုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုလွတ်မြောက်ရေး တပ်ဦး (ULF) ပြောခွင့်ရသူ ကိုဂျော်ဒန်က  “အင်းဖျားရွာမှာရှိတဲ့ပြည်သူပိုင်အိမ်ကို ဝင်မွှေပြီး ပစ္စည်း ယူနေကြတာ။ သူတို့ဘက်က တုံ့ပြန်ချိန်ကိုမရလိုက်ဘူး။ ကျွန်တော်တို့က ဆီးတိုက်လိုက်တာ” ဟု ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် ယင်းမာပင်မြို့ နယ်အတွင်းရှိ ထိုဒေသသို့ စစ်ကောင်စီတပ်လာရောက်တပ်စွဲခြင်းကြောင့် စေသူ၊ သံဖို၊ အင်းဖျား၊ စုန်းချောင်း အပါအဝင် အနီးဝန်းကျင် ၁၆ ရွာမှ လူဦးရေ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ သည်ဟု ၎င်းကဆက် ပြောသည်။

ရွာသူရွာသားများမရှိသောကြောင့် အင်းဖျားရွာကို စစ်တပ်ဝင်မွှေချိန်နှင့် တိုက်ပွဲဖြစ်ချိန်တွင် အရပ်သားများ ဘေးကင်းခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း ကိုဂျော်ဒန်ထံမှ သိရသည်။ စစ်သားများထိခိုက်မှုကို မသိရသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

စစ်ကောင်စီတပ်ထံမှ MA 1 သေနတ် ၁လက်၊ ကျည်ဘောက် ၃ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ငွေစက္ကူနှင့် ရွှေထည် ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ULF Facebookတွင် ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စွဲထားသည့် စေသူသစ်ကွင်းမှာ ဧက ၂၀ ပတ်လည် အကျယ်ရှိနိုင်ပြီး အင်နှင့် အင်ကြင်းသစ်နှစ်မျိုးရှိနေသည်ဟု သစ်ကွင်းအနီးရှိ စုန်းချောင်းရွာ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

“(သစ်)အမာတွေဘာတွေသိပ်မရှိဘူး။ တော်တော်များများတော့ အလုံးတွေကြီးတယ်။ အနည်းဆုံး နှစ်တန်၊ တစ်တန်သစ်တွေ များတယ်။ ကရိန်းတွေပါတယ်။ ယန္တရားကြီးတွေနဲ့လာသယ်တာ။ … တန် ချိန်တော့ တော်တော်များတယ်”

စေသူသစ်ကွင်းတွင် စစ်ကောင်စီတပ်စွဲထားမှု တစ်လဝန်းကျင်ရှိလာစဉ် ကြုံရာနေရာတွင် ဖြစ်သလိုနေထိုင်နေရသည့် စစ်ဘေးရှောင်နေရများ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ဆေးဝါးမလုံ လောက်မှု ပြဿနာများကြုံနေရကြောင်း အထက်ပါ စုန်းချောင်းရွာခံက ပြောသည်။

“ဒီရာသီက တုပ်ကွေးရာသီဖြစ်တော့ အဆိုးရွားဆုံးကတော့ ကျန်းမာရေးပေါ့။ စားသောက်ရေးဆိုတာ ကမှ လူသားစာနာ အဖွဲ့တွေက လာကူညီတာမျိုးရှိပေမယ့် ဆေးဝါးလိုအပ်ချက် တော်တော်များများ ရှိတယ်”

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန် နိုင်ငံအနှံ့အပြားတွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် မလုံခြုံမှုကြောင့် လူဦးရေ ၁.၉ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရကြောင်း ကုလသမဂ္ဂလူ သားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button