မကြာသေးခင် ရက်ပိုင်းအတွင်းကမှ သက်တမ်းတိုးခဲ့သည့် စစ်ကောင်စီသည် ကာကွယ်ရေး၊ပြည်ထဲရေး ဝန်ကြီးနေရာများအပါအဝင် ဝန်ကြီးများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး သူ၏အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကာကွယ်ရေး
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ရေးဝန်ကြီးရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
သဘောထားပျော့ပြောင်းသည်ဟု ထင်ကြေးပေးခံရသည့် NLD အစိုးရအုပ်ချုပ်မှုကာလ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က အနားပေးပြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် ၂၀၂၃ ဖေဖော်ဝါရီတွင် ဒုတိယဝန်ကြီးချုပ် ရာထူးပါရခဲ့သည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ပို့/ဆက်) သို့ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံခဲ့ရပြီး စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေသည်။
စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးအသစ်ဖြစ်လာသူမှာ ရေတပ်အရာရှိနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဖြစ်သည်။ သူသည်လည်း စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်သည်။
စစ်ကောင်စီက ကာကွယ်ရေးနှင့် ပို့/ဆက် ဝန်ကြီးတို့ကို ဌာနချင်း တိုက်ရိုက်ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
ပြည်ထဲရေး
ကာကွယ်ရေးဝန်ကြီးလိုပင် အာဏာသိမ်းသည့်အချိန်မှစပြီး ပြည်ထဲရေးဝန်ကြီးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး(၁) ဝန်ကြီးအဖြစ် ဌာနပြောင်းလိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာနကို လက်လွှတ်လိုက်ရသည့်အပြင် စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ရာထူးလဲ ပြုတ်သွားခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တပ်မတော်တွင် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ်မှ အာဏာသိမ်းချိန်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတက်ခဲ့သည်။ သူသည် ၂၀၂၂ ဇူလိုင်လအတွင်းက ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ကြိုးစင်တင်သတ်ဖြတ်ရာတွင် အနီးကပ်ကွပ်ကဲခဲ့သူဖြစ်ကြောင်း အကျဉ်းထောင်တွင်း သတင်းအရင်းအမြစ်များကဆိုသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာသည်။
ဒုဝန်ကြီးချုပ်ဖြစ်လာသည့် နိုင်ငံခြားရေးဝန်ကြီး
လွန်ခဲ့သည့် ၆ လခန့်ကမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်ခဲ့သည့် ဦးသန်းဆွေအား ဒုတိယဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးပေးခဲ့သည်။
ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်ရာထူး ရယူထားပြီး သူ၏အောက်တွင် ဒုဝန်ကြီးချုပ် ၅ ဦးအားခန့်ထားသည်။
ဒုဝန်ကြီးချုပ်များသည် ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးအသစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဌာနပြောင်းခံရသည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စီမံ /ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့ဖြစ်ကြသည်။
ဌာနပြောင်းခံရသည့် ဦးကိုကိုလှိုင်
အာဏာသိမ်းပြီးနောက် ဦးကိုကိုလှိုင်အား ခန့်ထားရန် တီထွင်ဖန်တီးထားသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီး ဦးကိုကိုလှိုင်အားလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂) ဝန်ကြီး အဖြစ်ပြောင်းလိုက်သည်။
အဆိုပါရာထူးသည် စစ်ကောင်စီအတွင်း အရေးမပါသည့် နေရာတစ်ခုဖြစ်ပြီး ယခင်က စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ) ကိုခန့်ထားဖူးသည်။
ဖယောင်းတိုင် ကိုကိုလှိုင်ဟု အမည်ပြောင်ရထားသည့် ဒုဗိုလ်မှူးဟောင်း ဦးကိုကိုလှိုင်သည် ဦးသိန်းစိန်လက်ထက်တွင် သမ္မတ အကြံပေးဖြစ်ခဲ့သည်။ ၂၀၁၂ အတွင်းက မီးမလာသဖြင့် ဆန္ဒပြသူများအား နေအိမ်များတွင် လျှပ်စစ်မီးပိတ်ကာ ဖယောင်းတိုင်ထွန်းနေပါက ပြဿနာများ ပြေလည်မည်ဟု ဦးကိုကိုလှိုင်က ပြောကြားခဲ့သဖြင့် ယင်းအမည်ပြောင် တွင်ခဲ့ခြင်းဖြစ်သည်။
သူသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားသည့် အမှုအတွက် စစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သည်။
ဟိုတယ်/ခရီးဝန်ကြီးဖြစ်လာသည့် ဒေါ်သက်သက်ခိုင်
လွန်ခဲ့သည့် ၆ လကမှ အသစ်ခန့်ခဲ့သည့် ဟိုတယ်/ခရီး ဝန်ကြီး ဦးအောင်သော်ကို စစ်ကောင်စီက ရာထူးမှဖယ်ရှားပြီး လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်နှင့် အစားထိုးလိုက်သည်။
ပြည့်သူ့ရှေ့ဆောင်ပါတီ(PPP) ထောင်ကာ ဥက္ကဋ္ဌရာထူးယူခဲ့သည့် ဒေါ်သက်သက်ခိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ပြိုင်ရာ NLD အမတ်လောင်းကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ မဲရှုံးပြီးနောက် ရွေးကောက်ပွဲက မတရားဟု မကြာခဏ ပြောခဲ့သည့် ဒေါ်သက်သက်ခိုင်အား အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ဝန်ကြီးရာထူးပေးခဲ့သည်။
ဒေါ်သက်သက်ခိုင် တာဝန်ယူရမည့် ဟိုတယ်/ခရီး ဝန်ကြီးဌာနသည် နိုင်ငံတကာခရီးသွားများကို ဖိတ်ခေါ်နေသော်လည်း မအောင်မြင်သည့်အတွက် စစ်ကောင်စီသည် သက်တမ်း ၂ နှစ်ကျော်အတွင်း ဟိုတယ်/ခရီး ဝန်ကြီး ၄ ဦးအထိ ပြောင်းလဲခဲ့သည်။
ယမန်နေ့က အနားပေးခံရသူများမှာ သာသနာရေး၊ လျှပ်စစ်၊ အလုပ်သမား၊ စွမ်းအင် စသည့် ဝန်ကြီးဌာနများမှ ဝန်ကြီးလေးဦးနေရာများကိုလည်း စစ်ကောင်စီက အစားထိုးခန့်ခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ဘုရားဒကာအဖြစ် ခံယူကာ နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် ကျောင်းဆင်းတုဘုရားကြီး အနေကဇာတင်ပွဲအပြီး ရာထူးမှဖြုတ်ချခံလိုက်ရသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ဦးကိုကို နေရာတွင် ဦးတင်ဦးလွင် နှင့် အစားထိုးခဲ့သည်။
လျှပ်စစ်ဝန်ကြီးအဖြစ် ဦးဉာဏ်ထွန်း၊ အလုပ်သမားဝန်ကြီးအဖြစ် ဦးမြင့်နောင်၊ စွမ်းအင်ဝန်ကြီးအဖြစ် ဦးကိုကိုလွင်တို့အား စစ်ကောင်စီက ခန့်အပ်လိုက်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)