သတင်း

ကရင်နီနှင့် ကရင်ပြည်နယ်မှ နေရပ်ပြန် စစ်ဘေးရှောင်အချို့ အခက်အခဲရှိနေ

 ကယားပြည်နယ် (ကရင်နီ) နှင့် ကရင်ပြည်နယ်တို့မှ စစ်ရှောင်နေရသူများထဲတွင်   စစ်ကောင်စီ၏  ဖိအားကြောင့် နေရပ်ပြန်သူများ ရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နေရပ်ကို ထပ်မံစွန့်ခွာနေရသည်ဟု ဒေသခံများနှင့် ကရင်နီပြည် စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကွန်ရက်တို့က ပြောသည်။

စစ်ကောင်စီ တစ်စိတ်တစ်ပိုင်း နယ်မြေထိန်းချုပ်ထားနိုင်သည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက် ကျေးရွာများမှ ဒေသခံများကို ပြီးခဲ့

သည့် တစ်လခန့်မှစ၍ နေရပ်ပြန်ခိုင်းကြောင်း အဆိုပါ ဒေသခံများကပြောသည်။ 

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့နှင့် ထိုမြို့အနီးရှိ ကျွန်းတော၊ ပူဖား၊ သေးဆူလဲရွာသစ်တို့မှ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် အိမ်ပြန်သွားကြကြောင်း၊  သေးဆူလဲရွာသစ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ နိုဝင်ဘာ ၂၉ မှစ၍ တိုက်ပွဲဖြစ်သဖြင့် ထပ်မံစစ်ရှောင်နေကြကြောင်း စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“EAO တစ်ဖွဲ့နဲ့ သူတို့ (စစ်တပ်) က ညှိနှိုင်းပြီးတော့မှ ဒေသခံတွေကို စည်းရုံးရေးဆင်းပြီး ပြန်ခေါ်ကြတဲ့ သဘောပေါ့။ ဒါပေမယ့် ၃၀ ရာခိုင်နှုန်းထဲမှာ နန်းမယ်ခုံမှာက  စစ်တပ်ထောက်ခံတဲ့သူများတယ်။ တချို့ယုံကြည်ပြီး ပြန်လာနေကြတဲ့သူတွေရှိတယ်” ဟု ၎င်းကပြောသည်။ 

ရွာခံများ အိမ်ပြန်နေကြရန် စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖိအားပေးခဲ့ကြောင်း ကျွန်းတောကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ 

“စစ်ကောင်စီက အိမ်တိုင်းပြန်လာနေခိုင်းတာ။ မပြန်လာရင် အခြားပြဿနာဖြစ်ရင် တာဝန်မယူတော့ဘူး ပြောသေးတယ်။ မပြန်လာရင် အိမ်ဖျက်မယ် အဲလိုပြောနေသေးတယ်” ဟု ၎င်းကဆိုသည်။ 

အုပ်ချုပ်ရေးမှူးက ထိုသို့ ခြိမ်းခြောက်သော်လည်း ၎င်းအနေဖြင့် လုံခြုံရေးစိုးရိမ်သဖြင့် ရွာပြန်မလာခဲ့ဟု ဆိုသည်။ နိုဝင်ဘာ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ် သေးဆူလဲရွာသစ် ကျေးရွာတွင် နေအိမ်ပြန်လာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့သလို နိုဝင်ဘာ ၂၇ က ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ကလေးသုံးဦး မိုင်းနင်းမိပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။ 

ထို့အပြင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာတွင် ကယန်းပြည်သစ် တပ်မတော်နှင့် စစ်ကောင်စီ၏ စီစဉ်မှုဖြင့် ဒေသခံများ အိမ်တွင်ပြန်လည်နေထိုင်သည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ကြောင်း အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးကဆိုသည်။ 

“ကယန်းအဖွဲ့အစည်းက ရွာပြန်နေလို့ရတယ်၊ သန့်ရှင်းရေးပြန်လုပ်ပြီးမှ ပြန်နေကြလို့ အဲလိုပြောတော့ ကျွန်တော်တို့ အခုတလောမှပဲ အိမ်ပြန်တွေ့တာပေါ့နော်။ သတိဝီရိယနဲ့ နေရတာပေါ့၊ အခြေအနေဆက်ပြီး ဆိုးမှာလား ကောင်းမှာလား မပြောတတ်ဘူး” ဟု ၎င်းကဆိုသည်။ 

ဆောင်နန်းခဲကျေးရွာတွင် ပြီးခဲ့သည့် မေလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလာပြီး မီးရှို့ခဲ့ရာ အိမ်ခြေ ၆၀ ခန့်ရှိသည့်အနက် ၈ လုံးသာ ကျန်ခဲ့ကြောင်း၊ လက်ရှိတွင် ယာယီတဲထိုးပြီး နေထိုင်ကြကြောင်း ၎င်းကဆိုသည်။ ကျန်ရစ်နေအိမ်များမှာလည်း ဖောက်ထွင်းခိုးယူခံထားရပြီး မည်သည့်ပစ္စည်းမှ မရှိတော့ဟုလည်း ပြောသည်။ 

လူဦးရေ ၃၀၀ ကျော်ရှိသည့် ဆောင်နန်းခဲရွာတွင် ၁၅၀ ခန့် အိမ်ပြန်လာကြပြီဟုသိရသည်။ဆောင်နန်းခဲရွာအနီးနှင့် ထိုရွာမှ လေးမိုင်ခန့်အကွာ လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရွာထဲ ရံဖန်ရံခါ သွားလာနေကြောင်း ၎င်းကဆက်ပြောသည်။ 

“ကောင်းကောင်းမွန်မွန်နေကြပေါ့၊ ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး၊ ရွာသူရွာသားတွေကို အဲ့ဒီလိုပဲပြောတယ်လေ၊ တခြားအဖွဲ့အစည်းတွေတော့ အချိတ်အဆက် မလုပ်နဲ့၊ ကိုယ့်ရွာကိုယ်နေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပေါ့တဲ့” ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသိပေးကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

၎င်းအနေဖြင့် တစ်ရပ်တစ်ကျေးတွင် စစ်ဘေးရှောင်ရသည်မှာ ဒုက္ခများသဖြင့် လုံခြုံရေးအဆင်ပြေပါက ရွာတွင်ပင်ဆက်လက်နေထိုင်လိုသည်၊ နေအိမ်တွင်လည်း အခက်အခဲများစွာ ကြုံနေသည်ဟု ပြောသည်။ “လုံတော့မလုံခြုံပါဘူး၊ ဒါပေမယ့် ကိုယ့်အိမ်နဲ့ကိုယ်ကျတော့ တမျိုးတော့ ပိုကောင်းတာပေါ့နော်။ စလုံးရေးစ ပြန်စရမယ်၊ အိမ်ရှိပေမယ့် ဇွန်းတစ်လက်တောင် မကျန်ဘူး” ဟု ၎င်းကဆိုသည်။ 

လက်ရှိတွင် ကယန်းပြည်သစ်တပ်မတော် ဂိတ်စခန်းဆောက်ရာတွင် ရွာသားများ လုပ်အားပေးနေကြောင်း၊  လုပ်အားခအဖြစ် ဆန်၊ ဆီနှင့် ဆား ရရှိကြောင်း ၎င်းကဆက်ပြောသည်။ 

ဖယ်ခုံအင်း အရှေ့ခြမ်းတွင် လွယ်ပေါကျေးရွာအုပ်စုရှိ ရွာ ၇ ရွာမှ ဒေသခံအချို့ အောက်တိုဘာ ၂၉ မှစ၍ နေရပ်ပြန်ကြကြောင်း အဆိုပါကျေးရွာအုပ်စုဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။ 

“အပြီးအပိုင် ပြန်နေတာတော့ မဟုတ်ဘူး။ မြက်တွေရှင်းလင်းပြီးလို့ရှိရင် သတင်းနားထောင်ပေါ့၊ ကောင်းလို့ရှိရင် နေချင်လည်းနေပါ့။ သတင်းနည်းနည်းထူးရင် ကိုယ့်ဘာသာကိုယ်ပြန်ရှောင်နေပေါ့” ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် ၆ လကတည်းက စစ်ဘေးရှောင်ခဲ့ရသည့် လွယ်ပေါကျေးရွာအုပ်စုရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်၊ ပိန္နဲကုန်း၊ လဟယ်၊ မခေခမ်း ရွာခံများ ပြန်လာကြခြင်းဖြစ်ပြီး ဖယ်ခုံအင်း ရေလယ်ကျွန်းရှိ လွယ်ပန်းစုံနှင့် ဟိုတိန်းတောင် ရွာခံများမှာမူ ပြီးခဲ့သည့် ဇူလိုင်လကတည်းက ရွာပြန်ရောက်နေကြောင်း သိရသည်။  

လွယ်ပေါအုပ်စုအနီးရှိ နားဟီး၊ ကုရင်၊ ကုံးဆုံ၊ နောင်လိုင် ကျေးရွာအုပ်စုများတွင်မူ မေလအတွင်း တိုက်ပွဲဖြစ်ချိန် ခေတ္တသာ ရှောင်တိမ်းခဲ့ရသည်ဟု ဆိုသည်။ 

ယခုနှစ် မေလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရီးကျေးရွာအနီးရှိ စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်းစခန်းကို KNDF နှင့် PDF တို့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ထီရီးရွာအနီးရှိ ဆောင်နန်းခဲရွာအပါအဝင် တောင်ဘက်သို့ စစ်ကြောင်းထိုးကာ စခန်းအချို့အခြေစိုက်ခဲ့ခြင်းဖြစ်သည်။ 

ကရင်ပြည်နယ်မှ စစ်ရှောင်များ

ပြီးခဲ့သည့်မေလက မြဝတီ-ဝေါလ လမ်းမပေါ်ရှိ စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို KNU က သိမ်းယူခဲ့ပြီး ထိုလမ်းတစ်လျှောက်ရှိ ကျေးရွာအသီးသီးမှ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရသည်။ 

နိုဝင်ဘာလအတွင်း သေ့ဘောဘိုးစခန်းကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်ပြီး ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို နိုဝင်ဘာ ၂၈ တွင် ပြန်လည် ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီး ရက်ပိုင်းအတွင်း သေဘောဘိုးကျေးရွာတွင် ဒေသခံများ ပြန်လည်နေထိုင်လျက်ရှိကြောင်း စစ်ကောင်စီက ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများ ရိုက်ယူခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးထံမှသိရသည်။ 

“သူတို့က သရုပ်ဆောင်ခိုင်းလို့ သွားပြီးတော့ သရုပ်ဆောင်ပေးတာပဲရှိတယ်။ ဒေသခံတွေကလည်း သူတို့အပေါ်မှာလည်း အယုံအကြည်မရှိဘူး။ အခုအချိန်ထိ လုံခြုံတဲ့အခြေအနေလည်းမဟုတ်ဘူး။တကယ့် တကယ်တော့ (ဒေသခံတွေက) ပြန်မနေရဲကြဘူး” ဟု ၎င်းကဆိုသည်။ 

ဓာတ်ပုံမှတ်တမ်းတွင် ပါဝင်သူများမှာ သေ့​ဘောဘိုးရွာခံအနည်းငယ်သာရှိပြီး အခြားရွာများမှ စစ်ဘေးရှောင်များဖြစ်ကြောင်း၊ ဒေသခံများမှာ ဓာတ်ပုံနှင့် ရုပ်သံရိုက်ကူးမှုတွင် ပူးပေါင်းဆောင်ရွက်ပြီးနောက်  မူလစစ်ဘေးရှောင်သည့် နေရာသို့ ပြန်လာကြကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း သူကဆိုသည်။

စစ်ကောင်စီကမူ နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သေ့ဘောဘိုးကျေးရွာနှင့် ဘလက်ဒို့ကျေးရွာများမှ ဒေသခံ ၄၃၇ ဦး နေရပ်ပြန်လာကြပြီး ပြန်လာသူများကို စားသောက်ကုန်နှင့် လူသုံးကုန်များ ထောက်ပံ့သည်၊  ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟု ယင်းထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button