သတင်း

လာအိုနိုင်ငံ၏ ပူပူနွေးနွေးအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်နေ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်နေပြီး စစ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီအချို့၊ အပစ်ရပ်အဖွဲ့တို့ကို တွေ့မည်ဖြစ်သည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Alounkeo Kittikhoun သည် ယနေ့ (ဇန်နဝါရီ ၁၀) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး စစ်ခေါင်းဆောင် အပါအဝင် နိုင်ငံရေးပါတီတချို့၊ အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံမည်ဟု သိရသည်။

အပစ်ရပ်လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့နှင့် ယနေ့ တွေ့ဆုံသည်ဟု သိရသည်။

တွေ့ဆုံမှုအသေးစိတ်ကို ထုတ်ဖော်မပြောသော်လည်း နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းရန် အထူးကိုယ်စားလှယ်ကို အားထုတ်ကြိုးပမ်းစေလိုသည်ဟု PNLO တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင်လည်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုဥက္ကဋ္ဌ ဦးတင်ဆွေက ပြောသည်။ တွေ့ဆုံရာတွင် မည်သည့်အကြောင်းအရာကို ဆွေးနွေးမည်ဟု မဆုံးဖြတ်ရသေးဟု သူက ဆိုသည်။

“ကျွန်တော့်အစီအစဉ်ကတော့ သူဘာမေးမလဲ အပေါ်မှာပဲ ပြန်ဖြေဖို့ စဉ်းစားထားတယ်” ဟု ဦးတင်ဆွေက ပြောသည်။

အာဆီယံသည် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးကြရန်ဟူသည့် မူကို ဆက်လက်ဆွဲကိုင်ထားသည်။ သို့သော် ထိုအာဆီယံဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာရေးနှင့် ပတ်သက်ပြီး  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ၃ နိုင်ငံ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား) ပြောင်းသွားသည့်တိုင် တိုးတက်မှုမရှိဘဲ ဖြစ်နေသည်။

ယခုအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံသည် စစ်ခေါင်းဆောင်အပေါ် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများကဲ့သို့ သဘောထားတင်းမာမှု မရှိခြင်းကြောင့် အာဆီယံတွင် မြန်မာ့အရေး ပြန်လည်ပြေလည်ရန် မျှော်လင့်နိုင်သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုဥက္ကဋ္ဌ ဦးတင်ဆွေက ဆိုသည်။

“လာအိုအထူးကိုယ်စားလှယ်ကတော့ အပြုသဘောအနေနဲ့ ဆက်ဆံလိမ့်မယ်လို့ ထင်တယ်၊ အခုတော့ ငြိမ်းချမ်းရေးကိစ္စကော၊ အာဆီယံမှာကော ပိုပြီးတော့ အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် Alounkeo ကို မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ပြီး ၁၀ ရက် မပြည့်မီတွင် မြန်မာနိုင်ငံသို့ အလျင်စလို ရောက်နေခြင်းဖြစ်သည်။

Alounkeo ၏ ခရီးစဉ်နှင့် ပတ်သက်လျှင် နိုင်ငံရေးပါတီတချို့နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ပုဂ္ဂိလ်တချို့တွင် အပြုသဘောဆောင်သည့် အမြင်များရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကမူ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားချိန် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ngurah Swajaya လက်ထက်တွင် ဆွေးနွေးပွဲပေါင်း ၂၀၀ နီးပါး ပြုလုပ်ခဲ့သော်လည်း ထင်သာမြင်သာရှိသည့် ဖြစ်ထွန်းပြောင်းလဲမှု မတွေ့ခဲ့ဟု ဆိုသည်။

“အင်ဒိုအထူးသံ Ngurah Swajaya က မြန်မာပြည်က Stakeholders တွေနဲ့ အစည်းအဝေး ၁၈၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီအခါ မြန်မာ့အရေး ဖြေရှင်းရတာ ရေတိုမှာ လွယ်မယ်မဟုတ်ကြောင်း သဘောပေါက်သွားပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

လာအိုနိုင်ငံက ခန့်အပ်သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo သည် ၁၉၉၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ လာအို အမြဲတမ်းကိုယ်စားလှယ်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် ၂၀၁၆ ခုနှစ်အတွင်း လာအိုက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူစဉ် လာအို၏ အာဆီယံရေးရာ ထိပ်တန်းတာဝန်ခံအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ရန် အတွေ့အကြုံများစွာ ရှိသည်ဟု The Diplomat Magazine က ရေးသည်။

သို့သော် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကမူ Alounkeo ၏ စွမ်းဆောင်ရည်ကို သံသယရှိနေသည်။“

အများယူဆတာက တရုတ်ဩဇာက လာအိုအပေါ် ကြီးပါတယ်။ အခု လာအိုက နိုင်ငံငယ်၊ တရုတ်ဖိအားအောက်မှာ ဒီတစ်နှစ်က ဒီလိုပဲ အဆုံးသတ်သွားဖို့ များပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

Show More

Related Articles

Back to top button