သတင်း

စစ်ကောင်စီဦးဆောင်သည့် အာဆီယံလေတပ်ညီလာခံ ၅ နိုင်ငံသာ နေပြည်တော်သို့ လာတက်

ကိုယ့်ပြည်သူကိုပင် ပြန်လည်တိုက်ခိုက်သည့်အတွက် အမေရိကန်နှင့် ဗြိတိန်က ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများ ခံထားရသည့် စစ်ကောင်စီ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က ညီလာခံကို ဦးဆောင်ခဲ့သည်။

စစ်ကောင်စီ လေတပ်ခေါင်းဆောင် ဦးဆောင်ပြီး နေပြည်တော်တွင် ယနေ့စတင် ကျင်းပနေသည့် အာဆီယံ လေတပ်ခေါင်းဆောင်များ ညီလာခံကို အာဆီယံ ၅ နိုင်ငံသာ တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင် နိုင်ငံများက မတက်ဘဲနေခဲ့ကြသည်။

မြန်မာပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ ပြန်လုပ်နေသော မြန်မာလေတပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိုညီလာခံကို သပိတ်မှောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ပြီးနောက် စစ်ကောင်စီသည် ညီလာခံကို အဖွဲ့ဝင်နိုင်ငံများ မစုံမလင်ဖြင့် ကျင်းပခဲ့ရခြင်းဖြစ်သည်။

အကြိမ် ၂၀ မြောက်အဖြစ် ကျင်းပသောလေတပ်ညီလာခံကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နှင့် ထိုင်း နိုင်ငံများမှ လေတပ်ဦးစီးချုပ်တို့ လူကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်၊ စင်ကာပူ ကြိုတင်ရိုက်ကူးထားသောရုပ်သံပေးပို့ခြင်းဖြင့် ပါဝင်ခဲ့သည်ဟု သတင်းကဖော်ပြသော်လည်း မလေးရှားနှင့် လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားတို့၏ ပါဝင်မှုကိုတော့ ထည့်သွင်းကြေညာခဲ့ခြင်းမရှိပါ။ကိုယ့်ပြည်သူကိုပင် ပြန်လည်တိုက်ခိုက်သည့်အတွက် အမေရိကန်နှင့် ဗြိတိန်က ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများ ခံထားရသည့် စစ်ကောင်စီ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ထိုညီလာခံအပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ပုံစာ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက ၂၀၂၃ ဧပြီ ၁၁ ရက်တွင် လေကြောင်းမှ တိုက်ခိုက်ပြီး မြင်ကွင်း။ ထိုတိုက်ခိုက်မှုကြောင့် ရာနှင့်ချီသော အရပ်သားများ သေဆုံးခဲ့ရသည်။ (ဓာတ်ပုံ-ပေးပို့)

အာဏာသိမ်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးများကို စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခွင့်မရသော်လည်း ဆက်စပ်အစည်းအဝေးများကိုတော့ မြန်မာစစ်အုပ်စုက ပါဝင်ခွင့်ရရှိနေသည်။ 

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း နေပြည်တော်တွင် စစ်အုပ်စုက အာဆီယံနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ပါဝင်သည့် အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကို ပြုလုပ်ခဲ့ရာ စင်ကာပူမှလွဲပြီး ကျန်အာဆီယံနိုင်ငံများတက်ရောက်ခဲ့သည်။ 

ထိုဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ခုခံတော်လှန်သူများကို တန်ပြန်တိုက်ခိုက်ရေးအတွက် အကျိုးရှိကြောင်း စစ်ကောင်စီအာဘော်သတင်းစာက ထုတ်ဖော်ရေးသားသည်။  

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ်အသုံးပြုလျက်ရှိပြီး ကလေးသူငယ်များအပါအဝင် အရပ်သား ရာနှင့်ချီ သေဆုံးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button