အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

လူသေတွေနဲ့ စကားပြောခြင်း — မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံရတဲ့ အဖိုးအခ 

အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံတချို့က မြန်မာစစ်အုပ်စုနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေးပြန်မြှင့်တင်လာတာဟာ စုပေါင်းဖိအားတွေကို စစ်ခေါင်းဆောင် ရှောင်ထွက်နိုင်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေပြီး၊ အာဆီယံရဲ့သြဇာ ထိခိုက်စေပါတယ်။

စစ်ခေါင်းဆောင်ဘဝကနေ သမ္မတအဖြစ် ခံယူထားတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ သံတမန်ရေး မျက်နှာပန်းလှအောင် အိမ်နီးချင်းနိုင်ငံတွေက အလုပ်များနေကြချိန်မှာပဲ၊ သူ့ရဲ့ စစ်အစိုးရကတော့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဗြောင်ကျကျ ဆန့်ကျင်ပြနေပါတယ်။​

လတ်တလော နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာ ဗိုလ်မင်းအောင်လှိုင် အရပ်ဝတ်ပြောင်းဝတ်ပြီး ကင်မရာတွေရှေ့မှာ အပြုံးမျက်နှာနဲ့ ထွက်လာနေပေမယ့် မြန်မာစစ်အုပ်စု ခေါင်းဆောင်မှုရဲ့ သဘောထားတွေကတော့ ဘာတခုမှ ပြောင်းလဲသွားတာ မရှိပါဘူး။ အာဆီယံကို သူတို့ပေးလိုက်တဲ့ နောက်ဆုံးသတင်းစကားက သူတို့ ခြုံထားတဲ့ အရပ်သားဟန်ဆောင် မျက်နှာဖုံးကို ကိုယ်တိုင် ဆွဲခွာပစ်လိုက်တာပါပဲ။

နောင်လာမယ့် အာဆီယံ အထူးကိုယ်စားလှယ် ဆိုတာကို မလိုအပ်ဘူးလို့ ပယ်ချလိုက်တာ၊ ဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဖိအားပေးမှုတွေကို ငြင်းဆန်တာနဲ့ ပြင်ပက “ဝင်ရောက်စွက်ဖက်မှု” တွေကို သတိပေးလာတာတွေဟာ ဒေသတွင်း ဆက်ဆံရေးတွေမှာ သူတို့ကပဲ စည်းမျဉ်းသတ်မှတ် ချုပ်ကိုင်နိုင်တယ်လို့ စစ်တပ်ကျောထောက်နောက်ခံ အစိုးရက ယုံကြည်နေကြောင်း ပြသနေတာပါ။ ဒီလို အာခံမှုဟာ ဗိုလ်မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူထားခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ငါးနှစ်တိုင်တိုင် လျစ်လျူရှုပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အာဆီယံဘက်ကတော့ သူတို့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်ရရမယ် ဆိုတာကို မကြာသေးခင်ကမှ ထပ်လောင်းပြောဆိုထားသလို၊ သူ့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း ထပ်ပြီး တောင်းဆိုထားတာပါ။ နေပြည်တော်ရဲ့ တုံ့ပြန်မှုကတော့ အခြေခံအားဖြင့် ရှင်းပါတယ်။ “ခင်ဗျားတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကို မလိုအပ်တော့ဘူး၊ မြန်မာ့အရေးကို ကိုယ့်ဘာသာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းမယ်” ဆိုတာပါပဲ။ ဒီလို တင်းမာတဲ့ ရပ်တည်ချက်တွေ မထုတ်ပြန်ခင် ရက်ပိုင်းလေး အလိုကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗိုလ်မင်းအောင်လှိုင် တယောက် ကင်မရာတွေရှေ့ ပြုံးဖြီးနေခဲ့တာပါ။ 

ပြည်ပက ကော်ဇောနီတွေနဲ့ ပြည်တွင်းက လူသတ်ပွဲတွေ

စစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာ အိန္ဒိယက လက်ခံတွေ့ဆုံခဲ့ပြီး၊ ဇွန်လမှာ တရုတ်၊ ဇူလိုင်လမှာ လာအိုတို့က လက်ခံတွေ့ဆုံခဲ့ပါတယ်။ သြဂုတ်လမှာတော့ ထိုင်းနိုင်ငံက ကော်ဇောနီခင်း ကြိုဆိုခဲ့ပြီး မြန်မာကို အာဆီယံမှာ အပြည့်အဝ ပြန်လည်ပါဝင်ခွင့်ရဖို့ တွန်းအားပေးခဲ့ပါတယ်။

ထိုင်း- မြန်မာ ပူးတွဲကြေညာချက်ထဲမှာဆိုရင် ဒီထက်တောင်ပိုပါသေးတယ်။ အာဆီယံအဖွဲ့ရဲ့ ယန္တရားတွေထဲမှာ မြန်မာနိုင်ငံ “အပြည့်အဝနဲ့ တန်းတူညီမျှ ပါဝင်ခွင့်” ရရေး ထိုင်းနိုင်ငံက ထောက်ခံပေးမယ်လို့ ကတိပြုထားပြီး၊ နေပြည်တော်ကလည်း အာဆီယံနဲ့ ဆက်ဆံရေး “ပုံမှန်ပြန်ဖြစ်အောင် ကူညီဆောင်ရွက်ပေးတဲ့” ဘန်ကောက်ကို ကျေးဇူးတင်စကား ဆိုခဲ့ကြပါတယ်။

ဒီအစိုးရတွေကတော့ သူတို့ရဲ့ ချဉ်းကပ်မှုကို လက်တွေ့ကျတဲ့ မူဝါဒလို့ဖြစ်ဖြစ်၊ “ချိန်ဆပြီး ပြန်လည်ဆက်ဆံတာ” (calibrated re-engagement) လို့ဖြစ်ဖြစ် ခေါင်းစဉ်တပ်ကောင်း တပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ နေပြည်တော်က မှတ်ယူလိုက်တဲ့ သင်ခန်းစာကတော့ ဆန့်ကျင်ဘက် သဘောဆောင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်က အာဆီယံရဲ့ တောင်းဆိုချက်တွေကို ပယ်ချပြီး  ပြည်တွင်းမှာ ရက်ရက်စက်စက် စစ်ပွဲ ဆက်ဆင်နွှဲနေရင်တောင်မှ၊ အိမ်နီးချင်းနိုင်ငံတွေဆီကနေ လက်ဆွဲနှုတ်ဆက်မှုတွေ၊ ဂုဏ်ပြုခံရမှုတွေနဲ့ သံတမန်ရေး နေရာရမှုတွေကို ရနေဦးမယ် ဆိုတာပါပဲ။

ဒေသတွင်း သံတမန်တွေက ဒီလို လက်ဆွဲနှုတ်ဆက်ပွဲတွေ စီစဉ်နေချိန်မှာ၊ ပြည်တွင်းမှာတော့ မြန်မာ့လေတပ်က ဗုံးသံတွေနဲ့ စကားပြောနေခဲ့ပါတယ်။

လွတ်လပ်တဲ့ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ တခု ဖြစ်တဲ့ ACLED ရဲ့ အချက်အလက်တွေအရ မတ်လထဲမှာ စစ်တပ်ရဲ့ အဆင့်မြင့်ကွပ်ကဲမှုပိုင်း အပြောင်းအလဲတွေ လုပ်ပြီးနောက် နိုင်ငံတဝန်း ဖိနှိပ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ အဲဒီနောက် ဧပြီလမှာတော့ ဒီဇင်ဘာနဲ့ ဇန်နဝါရီက အတုအယောင်ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာတဲ့ စစ်တပ်လိုလားတဲ့ လွှတ်တော်က ဗိုလ်မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ပါတယ်။
အဲဒီလို နိုင်ငံရေးအရ အသွင်ပြောင်းလိုက်ခြင်းက အကြမ်းဖက်မှုတွေကို မလျှော့ချနိုင်ခဲ့ပါဘူး။ ACLED ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာတင်၊ စစ်တပ်ဟာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တဒါဇင်ကျော် ကျူးလွန်ခဲ့ပြီး အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရပါတယ်။

စစ်လေယာဉ်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက်တော့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်တယ်ဆိုတာကို ကြေညာချက်တွေ၊ စီးပွားရေး ဖိုရမ်တွေနဲ့ တိုင်းတာလို့ မရပါဘူး။ သူတို့အတွက်က သေဆုံးသွားသူတွေရဲ့   ရုပ်အလောင်းတွေ၊ မီးလောင်ပြာကျသွားတဲ့ အိမ်တွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ပဲ တိုင်းတာရမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံချင်း ဆက်ဆံရေးဆိုတဲ့ ထွက်ပေါက်

ဒီလို အာခံရဲလာတာက ဘာအကြောင်းမှမရှိဘဲ ရုတ်တရက် ပေါ်လာတာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ပုံမှန်ဆက်ဆံရေး ပြန်တည်ဆောက်ပေးလာတာတွေက ဒီအခြေအနေကို တွန်းအားပေးခဲ့တာပါ။

မင်းအောင်လှိုင်ရဲ့ သံတမန်ရေး ထိုးစစ်ဟာ သူ့ရဲ့ နိုင်ငံတကာ သံတမန်ရေး ရပ်တည်မှုကို ပြန်တည်ဆောက်ရုံလောက်တင် မဟုတ်ပါဘူး၊  အာဆီယံတဖွဲ့လုံးရဲ့ စုပေါင်းဖိအားတွေကို ကျော်ပြီး ရှောင်ထွက်နိုင်မယ့် လမ်းတခု ဖန်တီးနေတာပါ။ တကယ်လို့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းစီကသာ သူ့အစိုးရနဲ့ နှစ်နိုင်ငံချင်း သီးသန့် ဆက်ဆံနေကြမယ်ဆိုရင်၊ အာဆီယံ တရပ်လုံးရဲ့ စုပေါင်းတောင်းဆိုချက်တွေကို လိုက်လျောဖို့ သူ့အတွက် အကြောင်းပြချက် သိပ်မရှိတော့ပါဘူး။

နိုင်ငံတခုချင်းစီဆီကနေ သံတမန်ရေး ရပ်တည်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ရယူနေနိုင်သရွေ့ အာဆီယံရဲ့ နိုင်ငံရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုတော့ ငြင်းဆန်နေနိုင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ကို နိုင်ငံတနိုင်ငံက ကော်ဇောနီခင်း ကြိုဆိုလိုက်တိုင်း၊ အာဆီယံတဖွဲ့လုံးရဲ့ စုပေါင်းဖိအားကို လျစ်လျူရှုဖို့ သူ့အတွက် ပိုလွယ်သွားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ဆိုတာ ဘယ်လောက်ပဲ အလုပ်မဖြစ်ဘူး ဆိုဆို၊ မြန်မာ့အရေးအတွက် ဒေသတွင်းက သဘောတူထားတဲ့ မူဘောင်အဖြစ် ရှိနေဆဲပါ။ နေပြည်တော်နဲ့ အရေးပါတဲ့ ဆက်ဆံမှုတွေလုပ်ရာမှာ ဒီလို စုပေါင်းချမှတ်ထားတဲ့ စည်းမျဉ်းတွေရဲ့ ပြင်ပကနေ သီးသန့် လုပ်ဆောင်လာကြမယ်ဆိုရင်တော့၊ အာဆီယံရဲ့ ဗဟိုပြု အခန်းကဏ္ဍ (ASEAN centrality) ဆိုတာ ဟန်ပြသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဗိုလ်ချုပ်တွေရဲ့ ဆက်ဆံပုံကို ကြည့်ရင်လည်း သူ့ကို ဓားစာခံထားပြီး သံတမန်ရေး ဝှက်ဖဲအဖြစ် ဘယ်လို အသုံးချနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ သြဂုတ်လ ၃ ရက်၊ မင်းအောင်လှိုင် ထိုင်းနိုင်ငံကို မသွားခင်လေးမှာပဲ အာဏာပိုင်တွေက နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ အာဆီယံကလည်း ဒီတွေ့ဆုံမှုကို ကြိုဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ၊ နေပြည်တော်က တံခါးကို ဆောင့်ပိတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အာဆီယံရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပြန်ပါတယ်။

စစ်တပ်က ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အထင်မှား

တကယ်တော့ ဒီနိုင်ငံတွေ အတွက် စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံရမယ့် လက်တွေ့အကြောင်းပြချက်တွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ စွမ်းအင်၊ အလုပ်သမား၊ ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တရုတ်ကလည်း တရုတ်- မြန်မာ စီးပွားရေး စင်္ကြံ လမ်းကြောင်းတလျှောက် တည်ငြိမ်မှုရဖို့ လိုလားပါတယ်။ အိန္ဒိယက နယ်စပ်လုံခြုံရေးနဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်တွေကို အလိုရှိပါတယ်။ ဘယ်နိုင်ငံကမှ နေပြည်တော်က စစ်အုပ်စု မရှိတော့သလိုမျိုး ဟန်ဆောင်နေလို့ မရပါဘူး။

ဒါပေမဲ့ အဓိက အကျဆုံး အချက်ကတော့၊ အိမ်နီးချင်းတွေ လိုချင်နေတဲ့ အရာတွေကို ဗိုလ်မင်းအောင်လှိုင်က အာမခံချက် မပေးနိုင်ဘူး ဆိုတာပါပဲ။ မြန်မာ့နယ်စပ်ဒေသတွေဟာ အဖွဲ့အသီးသီးရဲ့ ထိန်းချုပ်မှုအောက်မှာ ကွဲပြားနေဆဲပါ။ တရုတ်ရဲ့ အခြေခံအဆောက်အဦ လမ်းကြောင်းတွေဟာ တိုက်ပွဲတွေဖြစ်နေတဲ့ နယ်မြေတွေကို ဖြတ်သန်းသွားရတာပါ။ မဟာဗျူဟာမြောက် မြေရှားသတ္တု ထွက်တဲ့ ကချင်ဒေသတွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အပြင်ဘက်မှာ ရောက်နေပါတယ်။ ဘန်ကောက်က သမ္မတအဆင့် လက်ဆွဲနှုတ်ဆက်မှုလေးတခုက မြေပြင်က လက်တွေ့ အာဏာစက်ကို ဖန်တီးမပေးနိုင်ပါဘူး။

ဒါကြောင့်မို့လို့ ထိပ်သီးအစည်းအဝေးတွေကနေ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းကို အာဆီယံက ဖယ်ရှားထားတာဟာ အခုထိ အရေးပါနေဆဲ ဖြစ်ပါတယ်။ ဘုံသဘောတူညီချက် (၅) ရပ်ဟာ စစ်ပွဲကို မတားဆီးနိုင်ခဲ့တာ မှန်ပေမယ့်၊ အဲ့ဒီလို ကျရှုံးခဲ့တာကို အကြောင်းပြပြီး အာဆီယံဆီမှာ ကျန်နေသေးတဲ့ လက်တဆုပ်စာ သြဇာလွှမ်းမိုးမှုကို အလျှော့ပေးလိုက်ဖို့ မသင့်ပါဘူး။

ထိတွေ့ဆက်ဆံတယ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ရလဒ်တခုခု ထွက်လာမှသာ အဓိပ္ပာယ်ရှိတာပါ။ တွေ့ဆုံရုံသက်သက်ကို အောင်မြင်မှုတခုလို ပုံဖော်နေလို့ မရပါဘူး။  အာဆီယံက တောင်းဆိုသင့်တာက တိုင်းတာလို့ရတဲ့ ရလဒ်တွေပါ။ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အမှန်တကယ် ဝင်ရောက်ခွင့်ပေးဖို့နဲ့၊ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အတိုက်အခံတွေနဲ့ လေးလေးနက်နက်၊ ရိုးရိုးသားသား ဆွေးနွေးနိုင်ရေး ခြေလှမ်းတွေ စတင်ဖို့ပါပဲ။

ဟိုးလွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းက၊ စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ လီကွမ်ယူက အမေရိကန် သံတမန်တွေကို ပြောခဲ့ဖူးတာ ရှိပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရတာဟာ “သေနေတဲ့ သူတွေကို စကားသွားပြောနေရသလိုပဲ” တဲ့၊ သူကိုယ်တိုင်လည်း ဒီဗိုလ်ချုပ်တွေကို “လွန်ခဲ့တဲ့ ဆယ်စုနှစ်တခု ကတည်းက လက်လျှော့ခဲ့ပြီးပြီ” လို့ ပြောခဲ့တာပါ။

အခု ဆယ်စုနှစ် နှစ်ခုနီးပါး ကြာလာတဲ့အခါမှာတော့၊ မင်းအောင်လှိုင်က စစ်ဝတ်စုံကို ချွတ်၊ တိုက်ပုံအင်္ကျီ ပြောင်းဝတ်ပြီး သူ့ရဲ့ ရာထူးမှာ “သမ္မတ” ဆိုတဲ့ ဂုဏ်ပုဒ်ကို ထပ်တိုးလိုက်ပါတယ်။ ဒါပေမဲ့ ဝါရင့် နိုင်ငံခေါင်းဆောင်ကြီး လီကွမ်ယူ ထောက်ပြခဲ့တဲ့ သူတို့ရဲ့ အကျင့်ဟောင်းကတော့ ကျန်နေဆဲပါ။ အဲဒါကတော့ – ပြင်ပက ပေးလာတာမှန်သမျှကို ယူမယ်၊ ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှ နည်းနည်းပဲ အလျှော့ပေးမယ်၊ ပြီးရင် ဖိအားတွေ လျော့သွားမယ့်အချိန်ကို စောင့်မယ် ဆိုတာပါ။

အာဆီယံအတွက် ယူရမယ့် သင်ခန်းစာကတော့ ဆွေးနွေးပြောဆိုတိုင်း ကိုယ့်ဘက်က လွှမ်းမိုးနိုင်စွမ်းကို အလျှော့ပေးစရာ မလိုဘူး ဆိုတာပါပဲ။ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး၊ အာဆီယံဟာ မြန်မာ့ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို အဆင့်မြင့် ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထုတ်ထားခဲ့တာ မှန်ကန်ပါတယ်။

ဒီလို ဖယ်ထုတ်ထားခြင်းက ကြေညာချက်တွေနဲ့ မပေးနိုင်တဲ့ သတင်းစကားတခုကို ပေးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ – မြန်မာဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ရှိနေပေမယ့်၊ အဖွဲ့ဝင်ဖြစ်ရုံနဲ့ စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကို ခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းမှာ အလိုအလျောက် နေရာပေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါဟာ အာဆီယံအတွက် အလျှော့အတင်းလုပ်ရာမှာ သုံးနိုင်သေးတဲ့ ရှားရှားပါးပါး ဝှက်ဖဲတခုပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ အရေးကြီးဆုံး မေးခွန်းကတော့ နှစ်နိုင်ငံချင်း ဆက်ဆံရေးတွေက ဗိုလ်မင်းအောင်လှိုင်အတွက် အာဆီယံရဲ့ စုပေါင်းတောင်းဆိုချက်တွေကို ကျော်လွှားသွားစေပြီး သူ အရမ်းလိုချင်နေတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းက နေရာကို ပြန်ရသွားစေမလား ဆိုတာပါပဲ။ တကယ်လို့ အဓိပ္ပာယ်ရှိတဲ့ အလျှော့ပေးမှု တစုံတရာမရဘဲ နိုင်ငံရေးအဆင့် ပါဝင်ခွင့်ကိုသာ အာဆီယံက ပြန်ပေးလိုက်မယ်ဆိုရင်တော့၊ လူသေတွေနဲ့ စကားပြောခွင့်ရဖို့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှုဆိုတဲ့ အဖိုးအခ ပေးဆပ်လိုက်ရတာပဲ ဖြစ်ပါလိမ့်မယ်။

(Asia Times တွင်  ဖော်ပြခဲ့သည့် Talking to the dead: the high price of engaging Myanmar’s junta ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဆောင်းပါးရှင် ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသတင်းစာဆရာ တဦးဖြစ်ပြီး မြန်မာနှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူ ဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles