
မဲခေါင်မြစ်ပေါ်ရှိ ထိုင်း-လာအိုချစ်ကြည်ရေးတံတားကို ဖြတ်ပြီး လာအိုမြေထဲကို ခြေချလိုက်သည်နှင့် ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်သော လာအိုနှင့် စစ်တပ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ မည်သို့ကွာခြားနေသနည်း ဟူသည့် မေးခွန်းက ပထမဦးဆုံး ခေါင်းထဲသို့ ပြေးဝင်လာပါသည်။
အထုပ်အပိုးလက်ကဆွဲ၍ လာအိုနယ်စပ် ဝင်ထွက်ဂိတ်ရှေ့ ခဏရပ်လိုက်သည်။ ရာသီဥတု၊ နေ့အပူချိန်တို့ မြန်မာနှင့် တူညီသော လာအိုတွင် အမိုးချွန်ချွန် နယ်စပ်ဂိတ်အဆောက်အအုံက မကြီးကျယ်လှသော်လည်း အတန်အသင့်သပ်ရပ်နေသည်။ ဆိုက်ရောက်ဖောင်ဖြည့်ပြီး နိုင်ငံထဲဝင်သူတို့ကို ပတ်စ်ပို့စစ်ဆေးသည့်နေရာသို့ ဆက်သွားရသည်။
တန်းစီနေသူတို့ တော်တော်များသည်။ အသားအရောင်၊ အရပ်အမောင်းများက မြန်မာတို့နှင့် ခွဲမရ။ ပြောသည့်ဘာသာစကားများသာ ကွဲပြားနေသည်။ တရုတ်နှင့် အနောက်နိုင်ငံသားများကိုလည်း တွေ့ရသည်။ အလုပ်အကိုင်၊ အလည်အပတ်အပြင် အကြောင်းကိစ္စကိုယ်စီရှိနိုင်သည်။ ကျွန်တော်က ဗီဇာကင်းလွတ်ခွင့် နှစ်ပတ်ဖြင့် လာအိုထဲကို ဝင်လာခြင်းဖြစ်သည်။
ယခုအချိန် မြန်မာနယ်စပ်ဂိတ်ခရီးသည်အဝင်အထွက် ဘယ်လိုရှိလဲဟု ဖြတ်ခနဲ သွားသတိရမိသည်။ တစ်ပြိုင်တည်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်ရန် စုပြုံတိုးနေသော ဧရာမလူအုပ်ကြီးဆီ အတွေးရောက်သွားမိသည်။ တာချီလိတ်ဘက်မှ လာအိုနိုင်ငံထဲ ကူးဝင်ပြီး အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတို့ ရှိသည်ကိုလည်း သတိရမိသည်။ တစ်ဖက်နိုင်ငံထဲ ဝင်ငွေရှာရန် ဘာလုပ်ရလုပ်ရဟူသော အားမာန်များကို မှန်းဆမိသည်။
နောက်ပြီး စစ်အာဏာမသိမ်းမီ နယ်စပ်နှင့် လေကြောင်းမှတစ်ဆင့် မြန်မာထဲလာသည့် သန်းနှင့်ချီသော ခရီးသွားဝင်ထွက်မှုကိန်းဂဏန်းများကိုလည်း ရေရွတ်မိသည်။ ထိုစဉ်က သန်းနှင့်ချီရှိသည်။ ကိုဗစ်အပြီး အာဏာသာ မသိမ်းခဲ့ပါက ခရီးသည်များ လှိမ့်ဝင်မည်မှာ အသေအချာဖြစ်မည်ဟု ထင်မိသည်။ ယခုတော့ ခရီးသည်အရေအတွက်မှာ မဖြစ်စလောက်သာ ဝင်တော့သည်။
အတွေးစကို ဖြတ်ပြီး လာအိုလူဝင်မှုကြီးကြပ်ရေးကောင်တာသို့ သွားကာ ပတ်စ်ပို့ထိုးပေးလိုက်သည်။ ထိုင်းဘတ် ငွေ ၂၀ သွင်းလိုက်ရာ ၁၄ ရက်နေထိုင်ခွင့်တံဆိပ်တုံး ထုပေးလိုက်သည်။ အမေးအမြန်း အထွေအထူးမရှိ။ ထို့နောက် လာအိုမြို့တော် ဗီယင်ကျင်းဆီ ကားစီးပြီး ဆက်ထွက်လာလိုက်သည်။ လာအို၏ ယာဉ်မောင်းစနစ်သည် မြန်မာနိုင်ငံကဲ့သို့ လက်ယာဘက်ကပ်မောင်းသော စနစ်ဖြစ်သည်။ လမ်းမများမှာ ဖုန်နည်းနည်းထူနေပြီး အမှိုက်သရိုက် များစွာမရှိပေ။
မြို့ထဲဝင်လာသည်နှင့် လာအိုအပေါ် တရုတ်လွှမ်းမိုးမှုလက္ခဏာမှာ ပိုထင်ရှားလာသည်။ ဈေးဆိုင်များ၊ အဆောက်အအုံအများအစုတွင် တရုတ်နှင့် လာအိုဘာသာတို့ဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်နှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းကြီးများမှာ တရုတ်လုပ်ငန်းများက အဓိကလွှမ်းမိုးထားသည်။

တစ်ပါတီစနစ်ကျင့်သုံးပြီး ကွန်မြူနစ်အစိုးရအုပ်ချုပ်သည့် လာအိုနိုင်ငံသည် နိုင်ငံရေးစနစ်တူညီသည့် တရုတ်အစိုးရနှင့် အလွန်းသင့်ပေါင်းဖက်နေသည်မှာ မထူးခြားလှပေ။ တစ်ပြိုင်တည်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကြီးစိုးထားသည်မှာလည်း မဆန်းကျယ်။ သို့သော်လည်း လာအိုနိုင်ငံအနေဖြင့် တရုတ်ထံမှ ချေးငွေအများအပြားယူထားရာ တရုတ်အကြွေးဝန်ပိနေသည်ဟူသော သတင်းများရှိနေ၍ စိတ်မသက်မသာတော့ဖြစ်မိသည်။
ထိုအခါ ကိုယ့်မျက်ချေးကိုယ်မမြင်သည့် အတွေးကို ဘရိတ်အုပ်လိုက်ရသည်။ အရပ်သားအစိုးရကို ဖြုတ်ချပြီး လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ချွတ်ခြုံကျနေသည့်အခြေအနေကြောင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်စရာပင်မလို။ အစစအရာအရာ အောက်ကျနောက်ကျဖြစ်နေသည်မဟုတ်ပါလော။
ကိုယ့်ပြည်သူကိုယ်ပြန်သတ်နေသော စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ မီးဟုန်းဟုန်းတောက်နေပြီး သန်းနှင့်ချီသောစစ်ဘေးရှောင်များ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ရန်ကုန်နှင့် မြို့ကြီးများတွင် မလွတ်လပ်၊ မလုံခြုံတော့သလို နိစ္စဓူဝ ပူပင်သောကများမှာ ဆယ်ကုဋေမကဖြစ်နေပါသည်။
ထွက်ပေါက်ပိတ်နေသော အာဏာသိမ်းဗိုလ်ချုပ်ကြီးတို့သည် မျောက်သစ်ကိုင်းလွတ်သလိုဖြစ်ကာ မီးကုန်ယမ်းကုန် မိုက်တွင်းနက်နေကြသည်ကို တွေးမိပြန်သောကြောင့် လာအိုသို့ ခရီးထွက်လာမိသော်လည်း စိတ်သက်သာရာ မရပေ။
တစ်ခုစိတ်သက်သာရာရသည်မှာ လာအိုငွေကြေးသည် မြန်မာကျပ်ငွေထက်ပင် တန်ဖိုးနည်းနေခြင်းဖြစ်သည်။ ထိုင်းတစ်ဘတ်ကို မြန်မာကျပ်ငွေ ၉၀ အထက် ရှိနေချိန် လာအိုငွေမှာ ၆၀၀ ဝန်းကျင်ဖြစ်သည်။ သို့သော် လာအိုတွင် ကုန်ပစ္စည်းစျေးနှုန်းများမှာ မချိုလှ။
လာအိုနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှု ရှိသည်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အကြီးကျယ်ကန့်သတ်ထားသည်ဟု ဝေဖန်ခံနေရသော်လည်း သူစနစ်နှင့်သူ ရှေ့ဆက်နေသည်။ အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး လူဦးရေ ၇ သန်းကျော်သာရှိသော်လည်း စီးပွားရေးတွင် တိုးတက်မှုမြန်ဆန်ကြောင်း ရည်ညွှန်းမှုများလည်းရှိသည်။
တစ်ချိန်က မြန်မာတို့သည် လာအိုထက် နှာတစ်ဖျားသာနိုင်သည်ဟု အတွေးရှိကြသည်။ ဘောလုံးပွဲတွင် မြန်မာအသင်းက လာအိုကို ငယ်နိုင်ဟု ဆိုကြသည်။ သို့သော် ထိုအတွေးတို့မှာ အရာရာမမှန်နိုင်တော့ပါ။ လာအိုတွင် မြန်မာလို လျှပ်စစ်မီးမပြတ်ပေ။ မြန်မာထက် အလုပ်အကိုင်ကောင်းသည်ဆိုကာ လာအိုတွင် လာရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများပင် ရှိနေသည်မဟုတ်ပါလော။
စောစောလူခြေတိတ်သည့် မြို့တော်ဗီယင်ကျင်းတွင် အဆောက်အအုံများ အပြိုင်းအရိုင်းပေါ်လာပြီး အများစုမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြစ်ကာ အချို့မှာ ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ဗီယင်ကျင်းမြို့ထဲ လှည့်လည်လေ့လာစဉ် ကားမောင်းပို့ပေးသည့် လူငယ်တစ်ဦးက ပြောပြသည်။
မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်၍ တရုတ်စီမံကိန်းများကို အဓိကလုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း သူက ဆိုသော်လည်း သူ၏လေသံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို လိုလိုလားလားရှိပုံမပေါ်ဟု ထင်မြင်ရသည်။ တရုတ်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေးကြောင့် လာအိုတွင် တရုတ်ခရီးသွားနှင့် အခြေချနေထိုင်သူ အမြောက်အမြားရှိနေသည်။ အနာဂတ်တွင် ပိုများလာရုံသာရှိသည်ဟု သူက ဆိုသည်။
“ဗီယင်ကျင်း တရုတ်တန်း” ဟုပင် ခေါ်နိုင်သည့် တရုတ်လူမျိုးအများဆုံး ဈေးဝယ်သည့် ဧရာမဈေးဝယ်စင်တာကြီးတစ်ခုသည် မြို့လယ်အချက်အချာကျသည့်နေရာတွင် ထီးထီးမားမားဆောက်လုပ်ထားကာ တရုတ်အရက်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချနေသည်။

ခေတ်မီကြောင်း ပြနိုင်ရန် ရှိပြီးသား ဈေးဝယ်စင်တာကြီးများအပြင် မြို့တစ်ခွင် စင်တာအသစ်များလည်း ဖွင့်လှစ်လာကြသည်။ မဲခေါင်မြစ်ကမ်းနားရှိ ညဈေးနှင့် စားသောက်တန်းများတွင် လမ်းလာလျှောက်သူ၊ လည်ပတ်သူ၊ စားသောက်မြည်းစမ်းသူတို့ဖြင့် စည်ကားနေသည်။ မြို့အစွန်တွင် စက်ရုံအလုပ်ရုံများ၊ ကာစီနိုလောင်းကစားရုံများကိုလည်း တွေ့ရသည်။
“ကျွန်တော်တို့ဆီမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်တဲ့အခွင့်အရေးမရှိဘူး။ တကယ်လို့ အစိုးရကို တစ်ခုခုပြောရင် အဲ့ဒီလူက လုံးဝအစပျောက်သွားနိုင်တယ်” ဟု ကားမောင်းပို့သူက ဆိုပါသည်။
ထိုအခါ မြန်မာပြည်က သတင်းတွေကို ကြားမိတာရှိလားဆိုပြီး သူ့ကို မေးကြည့်မိရာ မသိကြောင်း ပြန်ပြောပါသည်။ “သတင်းဆိုးလား၊ သတင်းကောင်းလား” ဟု သူက ပြန်မေးတော့ “သတင်းဆိုးပါ” ဟု အကျဉ်းချုပ်၍ ပြန်ဖြေလိုက်ပါသည်။
မြန်မာနှင့်ယှဉ်လျှင် လာအို၌ ခရီးသွားတို့ကို ဆွဲဆောင်နိုင်သည့်နေရာ ပေါပေါများများမရှိဟု ထင်မြင်ပါသည်။ သို့သော်လည်း ရှိသည့်အရင်းအမြစ်၊ ရှိသည့်နေရာတွင် ခရီးသွားများဝင်ထွက်နိုင်ရန် ဖန်းတီးထားရာ တရုတ်၊ ကိုးရီးယား၊ ထိုင်းနှင့် အနောက်နိုင်ငံမှ ခရီးသွားများကို တွေ့ရသည်။ ဗီယင်ကျင်းမြို့ နာမည်ကျော် Pha That Luang ဘုရား၊ Buddha Park စသည်တို့တွင် နိုင်ငံတကာခရီးသွားများကို တွေ့ရသည်။
ဒေသတွင်းနိုင်ငံများက အရင်းအမြစ်မျိုးစုံသုံးစွဲပြီး ခရီးသွားများကို ဆွဲဆောင်ရန် ကြိုးစားနေချိန်တွင် ကချင်ပြည်နယ် ရေခဲတောင်များ၊ နိုင်ငံအလယ်ပိုင်း ရှေးဟောင်းအမွေအနှစ်ဒေသနှင့် တနင်္သာရီတိုင်း ပင်လယ်ကမ်းခြေများအထိ လက်ညှိုးထိုးမလွဲနိုင်သော လည်ပတ်ရန်နေရာများတွင် ခရီးသည်တို့ ဆိတ်သုဉ်းနေသည်။
နိုင်ငံရေးအခြေအနေသာ ကောင်းပါက ထိုဒေသအားလုံးမှာ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်မည်မှာ အသေအချာဖြစ်သည်။ မြန်မာ့ခရီးသွားလုပ်ငန်းမှာလည်း လက်ဖျားငွေသီးနေမည်မှာ အသေချာပင် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် “အာဏာသာမသိမ်းခဲ့လျှင်” ဆိုသော လည်ပြန်အတွေးများသာ ခေါင်းထဲတိုးဝင်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)