အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အက်ဆေး

လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ပုဂံမြို့ဟောင်း၏ကံကြမ္မာ

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရာ ပုဂံဒေသသည် အကြီးအကျယ် ပြောင်းလဲနေသည်။ ယဉ်ကျေးမှုနယ်မြေနှင့် အပြစ်မဲ့ကလေးတို့အပေါ် ငါးနှစ်ကြာတိုက်ပွဲများက အရိပ်ထိုးနေပုံကို သတင်းသမား၏အက်ဆေးတွင် တွေ့နိုင်သည်။

ဧရာဝတီမြစ်ပြင်ထက်က တိုက်ခတ်လာသော လေနုအေးသည်  ဗူးဘုရားရင်ပြင်ပေါ်တွင် ထိုင်နေသည့် ကျွန်တော့်ကို အေးချမ်းမှုအပြည့်အဝမပေးနိုင်ခဲ့ပါ။  

“တဒုတ်ဒုတ်”မြည်သံနှင့်အတူ မြစ်ပေါ်က ပျံသန်းသွားသော စစ်တပ်လေယာဉ်တစ်စီးကြောင့် ဘုရားသမိုင်းပြောနေသည့် အသက်ကိုးနှစ်ခန့်အရွယ် ကလေးငယ်နှစ်ဦးထံက ငြင်းခုံသံများထွက်လာသည်။ 

“အဲဒါ ဗုံးချဖို့သွားတာ” ဟု တစ်ယောက်ကဆိုသလို နောက်တစ်ယောက်ကလည်း “မဟုတ်ဘူး။ အဲဒါရိက္ခာတွေ သွားပို့တာကွ၊ ရိက္ခာပို့တဲ့လေယာဉ်” ဟု အပြန်အလှန် ငြင်းခုံနေကြသည်။ 

ကလေးငယ်နှစ်ဦး၏ ဖြူစင်သောငြင်းခုံသံများကို ကြားယောင်ရင်း မြစ်တစ်ဖက်ကမ်းယွန်းယွန်းက ခပ်မှိန်မှိန်သာမြင်ရသည့် မြစ်ခြေမြို့အကြောင်းကို ကျွန်တော်အတွေးဝင်သွားမိသည်။ 

ပုဂံကိုမလာမီ လွန်ခဲ့သည့်ရက်ပိုင်းလောက်က ပုဂံနှင့် ဧရာဝတီမြစ်ခြားပြီး တည်ရှိသည့် မြစ်ခြေမြို့၏ စစ်ရေးမအေးချမ်းမှုများကို ကြားသိခဲ့ရသည်။ စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး၊ နေအိမ်များကို မီးရှို့နေသဖြင့် ဒေသခံတို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းများတွင် ဖတ်ရှုခဲ့ရပါသည်။ 

ဤကဲ့သို့ အခြေအနေဆိုးများသည် ဤဒေသ တစ်ခုတည်းတွင်သာ ဖြစ်ပျက်နေသည်မဟုတ်ပါ။    နိုင်ငံအနှံ့အပြားတွင် နယ်မြေမအေးချမ်းမှု၊   စစ်ကြောင်းထိုးမှု၊  လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့ရွာပေါင်းများစွာမှ သန်းနှင့်ချီသည့် အရပ်သားပြည်သူတို့ အိုးအိမ်စွန့်ခွာကာ ပိုမိုလုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။  

ကျွန်တော်သည် ထိုအတွေးစများကို ဖြတ်တောက်လိုက်ပြီးနောက် ကလေးတစ်ဦးကို “အဲဒီဘက်မှာမီးတွေရှို့ရင် ဒီဘက်မှာမြင်ရလား” ဟု မေးလိုက်သည်။  “ညဆို တစ်ခါတလေ မြင်ရတယ်”ဟု သူက ဖြေသည်။

ကျန်တစ်ဦးက သူ့ကို လက်တို့ပြီး “သူစိမ်းတွေကိုလျှောက်မပြောနဲ့လေ”ဟု လေသံတိုးတိုးဖြင့်ဆိုသည်။ ထို့နောက် ကျွန်တော့်အနီးမှ ထွက်ခွာသွားကြပါတော့သည်။

သမိုင်းကြောင်းများ၊ ဒဏ္ဍာရီများကို ပြောပြလေ့ရှိသည့်  ထိုဧည့်လမ်းညွှန်လေးနှစ်ဦးသည် “ဗုံး”၊ “ရိက္ခာ”ဆိုသည့် စကားလုံးများနှင့်လည်း ရင်းနှီးကျွမ်းဝင်နေခဲ့ပါပြီ။  

ကျွန်တော်  သက်ပြင်းချမိသည်။  ခြေသံပြင်းပြင်းနှင့် ပြေးထွက်သွားသည့် ကလေးနှစ်ဦး၏ကျောပြင်ကို ကျွန်တော်ငေးကြည့်နေမိသည်။ 

လုံခြုံရေးကင်းမဲ့သော လမ်းပိုင်းများနှင့်ပုဂံခရီး

 ဘုရားရင်ပြင်ထက် ကျွန်တော်လမ်းလျှောက်နေသည်။ နေအရှိန်ကြောင့် ရင်ပြင်ထက်ရှိကျောက်ပြားများက ပူလွန်းနေသော်လည်း  ပုဂံသို့ ကျွန်တော် ရောက်ရှိလာသည့် အကြောင်းကိုသာ အတွေးရောက်မိသည်။  လွန်ခဲ့သည့်ငါးနှစ် စစ်တပ် အာဏာသိမ်းချိန်ကစ၍ အနိဋ္ဌာရုံသတင်းများနှင့် ကျွန်တော် နေ့စဉ်ထိတွေ့နေရသည်။

 သတင်းထောက် တစ်ယောက်ဖြစ်သည့် ကျွန်တော့်အတွက် နေ့စဉ်နီးပါးကြုံတွေ့ရသည့် ထိုအခြေအနေတို့ကြောင့်  မွန်းကျပ်မှု၊ စိတ်မသက်မသာဖြစ်မှု၊ ပင်ပန်းနွမ်းနယ်မှု၊ ဝမ်းနည်းမှု စသည့်  စိတ်ပိုင်းဆိုင်ရာအခြေအနေအချို့ကို ရင်ဆိုင်ရသည်။ 

စိတ်သက်သာရာ ရစေရန် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိန်းဝပ်ရာ ပုဂံဒေသဆီသို့  ကျွန်တော် ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။  

ပုဂံညောင်ဦးဟု ဆိုလိုက်လျှင် ရှေးဟောင်းသမိုင်းရာဇဝင်များနှင့်ပြည့်နှက်နေသည့် ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုဟု အများက သိထားကြသည်။  ပြည်တွင်းခရီးသွားများကို သာမက ပြည်ပဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် အညာဒေသ ဖြစ်သည်။ ခေတ်ပျက်နေချိန်တွင် ပုဂံညောင်ဦး မည်သို့  ပြောင်းလဲနေကြောင်းကိုလည်း သိမြင်ချင်နေသည်။ ထိုစိတ်ကြောင့်  ခရီးမသွားမီညကတည်းကပင် စိတ်လှုပ်ရှားနေပြီး ကျွန်တော် အိပ်မပျော်ခဲ့ပါ။  

ယခင်ကဆိုလျှင် ကျွန်တော်နေသည့် မြို့နှင့် ပုဂံသည် ဆိုင်ကယ်ဖြင့်သွားလျှင်  သုံးနာရီခွဲမျှသာကြာသည့် ခရီးဟုပင်ဆိုရမည်။ အာဏာသိမ်းပြီးနောက် စစ်ရေးမတည်ငြိမ်မှုများနှင့် လမ်းပန်းအခြေအနေများကြောင့် ထိုသို့ လွယ်လွယ်ကူကူ ရောက်နိုင်မည် မဟုတ်တော့ပေ။ 

နံနက် ၇ နာရီခန့်တွင်  ကျောက်ဆည်မြို့မှ ကျွန်တော်စတင်ခဲ့ထွက်ခွာခဲ့သော်လည်း  ပုဂံသို့ ရောက်ရှိချိန်တွင် ညနေအတော်စောင်းပြီဖြစ်သည်။

ပုဂံတွင်  ဧည့်သည်မျှော်နေသည့် စျေးဆိုင်တစ်ဆိုင်။  (ဓာတ်ပုံ – Myanmar Now)

ယခင်က ကျောက်ဆည်မှ ပုဂံသို့သွားလျှင် မြင်းခြံလမ်းပိုင်းသည် အညာဒေသ၏ ကျေးလက်အလှတရားများကို တဝကြီးခံစားရသည့် လမ်းဟောင်းတစ်ခုဖြစ်သည်။ ယခုလက်ရှိတွင်မူ လမ်းတစ်လျှောက်တွင်ရှိသည့်  မြို့ရွာအချို့၏ အခြေအနေများသည် ခရီးသွားများအတွက် အန္တရာယ်မကင်းသည့်အတွက် ဘေးကင်းလုံခြုံမှုကို ဦးစားပေးသည့်အနေဖြင့် ထိုလမ်းပိုင်းကို ရှောင်ကွင်းသွားလာကြသည်။  

အညာမြေ၏ အငွေ့အသက်များကို အပြည့်အဝပေးနိုင်သည့် လမ်းဟောင်းကလေးသည် ယခုအခါ တိတ်ဆိတ်ခြောက်ကပ်နေတော့မည်ဖြစ်သည်။ ခရီးသွားများလည်း ဘေးကင်းစိတ်ချရသည့် ကျောက်ပန်းတောင်းလမ်းပိုင်းကိုသာ ရွေးချယ်နေကြကြောင်း တွေ့မြင်ခဲ့ရသည်။ 

ကျွန်တော်တို့လည်း အများနည်းတူ ကျောက်ဆည်- မြစ်သား- ကူမဲ- မိတ္ထီလာ- ကျောက်ပန်းတောင်း- ညောင်ဦးလမ်းပိုင်းကိုသာ အသုံးပြုခဲ့သည်။ ထိုလမ်းသည် မြင်းခြံလမ်းထက် အချိန် နှစ်ဆကြာမြင့်နိုင်သည်ဟု သိထားရသည်။ 

မွန်းလွဲချိန်တွင်  မိတ္ထီလာကို ကျော်လာပြီးနောက် ကျောက်ပန်းတောင်းလမ်းပိုင်းပေါ်မှ လက်ပံပြားရွာတွင် ဆိုင်ကယ်အနားပေးရင်း ခရီးတစ်ထောက် နားသည်။  လက်ပံပြားရွာ၏နာမည်ကျော် လက်ပံပြားကြက်ကြော်အကြောင်းကို ကြားဖူးနေတာကြာလှသဖြင့် မြည်းစမ်းကြည့်ချင်မိသည်။ 

ထမင်းဆီဆမ်းနှင့်တွဲဖက် စားသုံးရာတွင် အလွန်စားကောင်းသည်ဟု ကြားဖူးသည်။  ထိုကြားဖူးသည့် အကြောင်းသည် မမှားခဲ့ပေ။ အမှန်ပင် ထမင်းမြိန်ခဲ့ရသည်။ လက်ပံပြားရွာ ဇနီးမောင်နှံ၏ သဒ္ဓါရက်ရောမှုက စံပြုရသည်။ အညာပဲဟင်းရည်၊ ကန်စွန်းရွက်ကြော်ပူပူလေး စသည်တို့ကို အခမဲ့ ချကျွေးသည်မို့  ပိုမိုသဘောခွေ့ရသည်။ လက်ဖက်ကို ကြက်သွန်နီဖြင့်သုပ်ထားသည်ကို တွေ့ရသဖြင့် ထူးဆန်းသလိုဖြစ်မိသည်။  အညာဓလေ့ပဲဖြစ်မည်ဟု စိတ်ထဲကတွေးမိလိုက်သည်။ 

“ခရီးသွားတွေက အတော်ပါးသွားပြန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ပဲစည်ကားခဲ့တာ” ဟု ဆိုင်ရှင်အမျိုးသမီးက ပြောသည်။ 

“ဒါပေမဲ့လည်း ဧည့်သည်ရှိရှိ၊ မရှိရှိ ဒီအလုပ်ပဲရှိတော့ ဆိုင်တော့နေ့တိုင်းဖွင့်ထားတယ်”ဟု ပြောဆိုသည်။ 

လက်ပံပြားတွင် ပုဂံညောင်ဦးခရီးသွားများကို မှီတင်းပြီး ဒေသထွက်အစားအစာတို့ ရောင်းချကြသည်။ တစ်ရွာလုံးနီးပါး ထိုကြက်သားကြော်ရောင်းသည့်လုပ်ငန်းဖြင့်သာ အသက်မွေးကြသည်ကိုတွေ့ရသည်။ 

သို့သော် လက်ပံပြားရွာသည် ဟိုယခင်ကလို စည်စည်ကားကား လှုပ်လှုပ်ရှားရှား မရှိ။ တစ်ရွာလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဈေးဆိုင်များသည်လည်း လူသူကင်းမဲ့နေကြသည်။ 

ဆိုင်ကယ်လည်းအတန်သင့် အနားပေးပြီးနောက် ခရီးဖင့်မည်စိုး၍ ကျွန်တော် ခရီးပြန်စသည်။  

ဆောင်းအကုန် နွေဦးပေါက်လာပြီဖြစ်သဖြင့် အညာမြေသည် ပူပြင်းခြောက်သွေ့သောရနံ့တို့ဖြင့် ဆီးကြိုနေသည်။ မိတ္ထီလာ – ကျောက်ပန်းတောင်းကိုဖြတ်၍ ညောင်ဦးကိုဦးတည်ထားသည့်ခရီးစဉ်တွင် ကတ္တရာလမ်းဘေးတစ်လျှောက် ဖုန်တထောင်းထောင်းထနေပြီး လက်ပံပင်ကြီးအချို့မှ လက်ပံပွင့်တို့ မြေပြင်ပေါ်ရဲရဲနီ ကြွေဆင်းနေသည်။  ထိုအရာသည်ပင် အညာ၏အမှတ်အသားတစ်ခု။  လေရူးတိုက်တိုင်းဝေ့တက်လာသည့် ဖုန်လုံးကြီးများအောက်တွင် ရွာဓလေ့ နွားလှည်းလေးများကို တွေ့မြင်ရသည်။ ထို့နောက် တမာပင်တန်းများ၊ ခပ်လှမ်းလှမ်းမှမြင်ရသည့် ထန်းတောများနှင့်အတူ ပေါက်ပန်းပင်ကြီးများကို ငေးမောရသည်ကား သက်ဝင် ပန်းချီကားသဖွယ်ပင်။ 

အညာအငွေ့ အပြည့်ပါသည့် ရှုခင်းများကိုကြည့်ရင်း ဆိုင်ကယ် မောင်းနှင်လာသည့် ကျွန်တော့်ကို ရုတ်တရက်အဟန့်အတားတစ်ခုက ဆီးကြိုလေသည်။  လက်နက်ကိုင် စစ်သား ၁၀ ဦးခန့်ရှိနေသည့် စစ်တပ်ဂိတ်။ 

“ဘယ်သွားမှာလဲ၊  ဘယ်ကလာတာလဲ”ဟု စစ်သားတစ်ဦးက မေးသည်။ ဘန်ကာထဲမှ စစ်သားအချို့ကလည်း ကျွန်တော့်ကို စူးစမ်းအကဲခတ်နေကြသည်။  

ပုဂံညောင်ဦးသို့ အလည်အပတ်လာရောက်ခြင်းဖြစ်ကြောင်း ကျွန်တော် တည်တည်ငြိမ်ငြိမ်ဖြင့် အဖြေပြုသည်။ 

“ဒါက ညောင်ဦးလမ်းမဟုတ်ဘူး။ မင်းတို့ လမ်းမှားလာပြီ။ ဒါက ချောက်ဘက်၊ မကွေးဘက်ကို သွားတဲ့လမ်း”ဟု ထိုစစ်သားက ပြောရင်း ကျွန်တော့်ကိုလမ်းညွှန်သည်။  

ထိုအချိန်မှ ကျွန်တော်လမ်းမှားလာသည်ကို သတိမူမိလိုက်ပြီး နောက်ကြောင်းပြန်လှည့်ရတော့သည်။ 

စစ်တပ်အုပ်စိုးသည့် မြို့ကြီးများတွင် နေထိုင်ခဲ့ဖူးသည့် ကျွန်တော့်အဖို့ အစစ်အဆေးထူထပ်သည့် လမ်းများပေါ် ရင်တထိတ်ထိတ်နှင့် မကြာခဏ သွားလာဖူးသဖြင့် မလုံခြုံမှုသည် အနည်းငယ်ရိုးအီနေပြီဖြစ်သည်။ သို့သော် ယခုလို တနယ်တကျေးတွင် စစ်တပ်ဂိတ်၏ရုတ်တရက် မေးမြန်းခံရမှုကြောင့် အနည်းငယ်ကြက်သီးထမိသည်။  စစ်ရေးပြင်းထန်သည့် မကွေးတိုင်းဘက်သို့ မှားယွင်းဦးတည်မိသည့် လမ်းပိုင်းမို့ အခန့်မသင့်လျှင် ကြမ်းကြမ်းတမ်းတမ်း  စစ်ဆေးခံရနိုင်ပြီး ဖမ်းဆီးခံရနိုင်ဖွယ် ရှိနေသည်မဟုတ်ပါလား။  

ပြန်ပေးဆွဲမှုများနှင့် ခြောက်ကပ်သွားသော ပုဂံ

ညောင်ဦးလမ်းပိုင်း နောက်ကြောင်းပြန် မောင်းနှင်လာသောကျွန်တော့်ကို ခြောက်ကပ်တိတ်ဆိတ်နေသည့်  လမ်းများက ကြက်သီးထဖွယ် ဆီးကြိုနေသည်။ 

ပြီးခဲ့သည့် နှစ်လခန့်က  ခရီးသွားများ ပြန်ပေးဆွဲခံရသည့် သတင်းဆိုးများကြောင့် ပုဂံ-ညောင်ဦးလမ်းပိုင်းသည် ယခင်နှင့်မတူဘဲ သိသိသာသာ ခြောက်ကပ်တိတ်ဆိတ်သွားသည်။ ဒေသဓလေ့ အငွေ့အသက်များဖြင့် သပ်ရပ်လှပစွာ ဆောက်လုပ်ထားသည့် ထန်းရည်ဆိုင်လေးများသည်လည်း ယခုအခါ ဧည့်သည်မရှိဘဲ လူသူကင်းမဲ့နေသည်။ အရာရာသည် လိုအပ်သည်ထက် ပိုတိတ်ဆိတ်နေသည့်နှယ်။

နေရောင်အောက်တွင် ဝေဝေဆာဆာရှိနေတတ်သော ထန်းတောတန်းကြီးများသည် ယခုမူ လေတိုးသံမှလွဲ၍ ဘာသံမျှမကြားရ။ ခရီးသွားများစည်ကားခဲ့စဉ်က ဆူညံအသက်ဝင်နေမည်ဖြစ်သော ထန်းရည်ဆိုင်လေးများ၏ ဝါးကပ်မိုးအောက်တွင် ယခုအခါ ဖုန်မှုန့်များနှင့်တိတ်ဆိတ်မှုကသာ နေရာယူထားသည်။ လမ်းမထက်၌လည်း ဖြတ်သန်းသွားလာသည့် ယာဉ်အနည်းငယ်မှလွဲ၍ ခြောက်ကပ်နေသည့် မြင်ကွင်းက စိတ်မသက်သာဖွယ်ရာ ဖြစ်သည်။ 

ညောင်ဦးမြို့ထဲသို့ ကျွန်တော်ဝင်ရောက်လာချိန်တွင် ပုဂံ၏မြင်ကွင်းက ယခင်နှင့်မတူဘဲပြောင်းလဲနေခဲ့သည်။  မြို့အဝင်တွင် စစ်တပ်စခန်းနှင့်ဌာနဆိုင်ရာအဆောက်အုံများကို တွေ့မြင်ရပြီး၊ မြို့ပတ်ပတ်လည်တွင်လည်း လက်နက်ကိုင်စစ်သားများက ပင့်ကူအိမ်သဖွယ်နေရာယူထားကြသည်။  ဘုရားစေတီများကြားတွင် တပ်စွဲထားသည့်အခြေအနေမရှိသော်လည်း ပုဂံမြို့ဟောင်းနှင့်မြို့သစ်ဆုံရာ မြို့လယ်ခေါင်မီးပွိုင့်တွင် တပ်စွဲနေရာယူထားခြင်းက ရုပ်ဆိုးအကျည်းတန်သည်။

ခရီးသွားလုပ်ငန်းဒေသ ပုဂံညောင်ဦးသည် ဧည့်သည်အနည်းဆုံးကာလကို ကျော်ဖြတ်နေရသည်။  (ဓာတ်ပုံ – Myanmar Now)

အဓိကလမ်းမကြီးဘေးရှိ ဟိုတယ်ကြီးအချို့အပါအဝင် ပုဂံမြို့အတွင်း ခရီးသွားဟိုတယ်အများစု လုံးဝပိတ်သိမ်းထားကြသည်။ ဖွင့်ထားသည့်ဟိုတယ်အချို့တွင်လည်း လူသူနည်းပါးလွန်းသည်ကို တွေ့မြင်ရသည်။ 

လောကနန္ဒာ၊ အလိုတော်ပြည့်၊ ဗူးဘုရား အထင်ကရ နေရာများတွင်လည်း အမှတ်တရပစ္စည်းရောင်းချသူတို့က ဧည့်သည်  တစ်ဦးတလေ ရောက်လာလျှင် “အားပေးပါအုံး” ဟု  စုပြုံတောင်းဆိုတတ်သဖြင့် ဧည့်သည်လာလျှင် ကျယ်လောင်ဆူညံနေတတ်သည်။ 

“ခါတိုင်း စနေတနင်္ဂနွေဆိုရင်ကို ဧည့်ကနည်းနည်းရှိသေးတယ်။ အခု စနေတောင် ဧည့်ကလုံးဝမလာတော့ဘူး”ဟု လောကနန္ဒာဘုရားအနီး ပုစွန်ကြော်၊ ငါးကြော်ရောင်းချသည့် အမျိုးသမီးကြီးက ပြောသည်။ 

ဘုရားပေါ်သို့ တက်လာသောအခါ စေတီအနီး ဓမ္မာရုံကဲ့သို့စောင်းတန်းအဆောက်အအုံတစ်ခုအောက်တွင် ရဲတပ်သားအချို့ကိုတွေ့ရသည်။ 

လောကနန္ဒာဘုရားစေတီတွင် မြစ်ပြင်မှလေထုကို ရှူရှိုက်နေချိန်တွင် ဘုရားရင်ပြင်အစွန်မှနေ၍ မြစ်ပြင်ကြီးကို မျက်နှာမူထားသည့်အမျိုးသားနှစ်ဦး  စကားလက်ဆုံကျနေသည်ကို တွေ့ရသည်။ ဧရာဝတီမြစ်ကြီးကို မှီတင်းပြီး စားသောက်နေထိုင်နေရသည့် ဒေသခံတို့ စားဝတ်နေရေးမပြေလည်မှု၊ စစ်ရေးနိုင်ငံရေးအခြေအနေဆိုးများအကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။ 

ခေတ်ဟောင်း ခေတ်သစ် နရသူများ  

ယူနက်စကို စာရင်းဝင်သော ပုဂံတွင် နိုင်ငံခြားသားဧည့်သည်များကို မတွေ့ရတော့ပေ။ ထို့အပြင် လွန်ခဲ့သည့် တစ်လကျော်ခန့်တွင် ခရီးသွားများနှင့် စည်ကားခဲ့သည့် ပုဂံသည် ယခုဆိုလျှင် ရုတ်ချည်းဆိုသလို လူသူကင်းမဲ့ပြီး ခြောက်ကပ်နေခဲ့သည်မှာ အံ့ဩဖွယ်ဖြစ်နေသည်။ 

ခရီးသွားရာသီဖြစ်သည့် လွန်ခဲ့သည့် တစ်လကျော်ဒီဇင်ဘာလအတွင်းက မြင်းလှည်းသံများ၊ ခရီးသွားများ၏ စကားပြောသံများနှင့် ဆူညံနေသည့်ပုဂံလမ်းမများသည် ယခုမူတိတ်ဆိတ်နေပြန်သည်။  

နောက်တစ်နေ့တွင် ပုဂံ၏နေထွက်ချိန်မတိုင်မီ   ဘုရားစေတီအချို့ကို ကျွန်တော် သွားရောက်လည်ပတ်ဖြစ်ခဲ့ပြန်သည်။  စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏဆိုသလို လာရောက်ကာ ယတြာချေလေ့ရှိသည့် “ထီးလိုမင်းလို”ဘုရားကိုလည်း  ဖူးမြော်လေ့လာဖြစ်ခဲ့သည်။ 

ထိုဘုရားတွင်လည်း ယမန်နေ့က အခြေအနေကဲ့သို့ပင် ခရီးသွားနည်းပါးနေသည်ကိုတွေ့ရသည်။ 

ထိုဘုရားတွင် စစ်ခေါင်းဆောင်  ဘုရားထီးတင်လှူဒါန်းကြောင်း နာမည်ကမ္ဗည်း ရေးထိုးထားသည်ကို တွေ့မြင်ရသည်။  ထီးနန်းကို လိုချင်၍ “ထီးလိုမင်းလို”ဘုရားတွင် ဘုရားထီးတင်ယတြာချေခဲ့ခြင်းဟု အချို့က ယူဆကြသည်။ 

ထုထည်ကြီးမားလွန်းသည့် နာမည်ကျော် ဓမ္မရံကြီးဘုရားသို့လည်း ဝင်ရောက်လေ့လာဖြစ်ခဲ့သည်။  ထိုဘုရားသည် ထီးနန်းအတွက် “အဖကိုသတ်၊ အစ်ကိုကိုသတ်၊ မိဖုရားကိုသတ်”ခဲ့သည့် “နရသူ”ဘုရင်ကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။  နရသူသည် ပြည်သူများကို ဖိနှိပ်အုပ်ချုပ်ခဲ့သူဖြစ်သည်။ 

ဘုရားတည်သည့် လုပ်ငန်းခွင်တွင် အုတ်တစ်ချပ်လပ်ရုံမျှဖြင့် အသက်များစွာတို့ကို စတေးခဲ့သည်ဟု ဆိုကြရာ ထိုဓမ္မရံကြီးဘုရား၏ထုထည်ကြီးမားလှသည့် အုတ်ရိုးကြီးများကို ငေးကြည့်ပြီး ကျွန်တော့်စိတ်ထဲတွင် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများနှင့် ထပ်တူကျနေသည်ဟု သတိပြုမိလိုက်သည်။ 

အာဏာမက်မောမှုကြောင့် ပြည်သူများစွာတို့၏အသက်ပေါင်းများစွာကို သတ်ဖြတ်ပြီး နိုင်ငံကိုအကြောက်တရားဖြင့်အုပ်ချုပ်နေသည့် လက်ရှိစစ်ခေါင်းဆောင်သည်လည်း နရသူဘုရင်ကြီး၏ လမ်းအတိုင်းလိုက်နေခြင်းဖြစ်သည်။  သမိုင်းဘီးသည် တကျော့ပြန်လည်လာသကဲ့သို့ပင်။  လက်ရှိစစ်ခေါင်းဆောင်သည်လည်း ခေတ်သစ်နရသူတစ်ဦးအဖြစ် ပြည်သူ့သွေးနှင့်မျက်ရည်တို့ပေါ်တွင် အာဏာတည်မြဲရေးကို တည်ဆောက်နေခြင်းဖြစ်သည်။ 

ပုဂံမှအပြန်လမ်းတွင် ထိုအတွေးတို့ဖြင့် ကျွန်တော် စိတ်လေးလံနေမိခဲ့သည်။ 

ရှေးဟောင်းအမွေအနှစ်များသည် ခိုင်မာစွာကျန်ရစ်နေခဲ့သည်။ ထို့အတူ အာဏာရူးခဲ့သူတို့၏ အမည်းစက်များသည်လည်း သမိုင်းတွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။  နရသူသည် ကြမ္မာဆိုးဖြင့် နိဂုံးချုပ်ခဲ့ရသည်။ ယခု  ခေတ်သစ်နရသူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ကံကြမ္မာသည်လည်း …။

Related Articles

Back to top button