အက်ဆေး

လက်ခုပ်တီးကြသူများ

လက်ခုပ်သံများ၊ သို့မဟုတ် သြဘာသံများ၊ လက်ခုပ်သြဘာသံများ၊ လူအပေါင်း၏ ကျေနပ်နှစ်သိမ့်စွာ အသိအမှတ်ပြုခြင်း သင်္ကေတများဖြစ်လေသည်။ နှစ်ထောင်းအားရ တသသဖြစ်စေခဲ့သော လူတို့၏ စွဲလမ်းမှုပုံရိပ်များ၊ ရှည်လျားလှသော လက်ခုပ်သံများကို လက်ဖက်ရည်ဆိုင်တွေမှာပင် ကြားနေရသည်။ ပီတိတွေ တရှိန်းရှိန်းထနေကြသည်။ ပြည်သူချစ်သော အနုပညာသည်များကို ပြည်သူတွေက လက်ခုပ်တီး၍ ကောင်းချီးမင်္ဂလာပြုနေကြသံများ၊ သို့မဟုတ် သွေးစည်းသံများ၊ ရှည်လျားလှပါဘိ။ ကြီးကျယ်ခမ်းနားလှပါဘိ။ သြော် …စိတ်လိုလက်ရတီးသော လက်ခုပ်သံများ။

အသေအချာ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် လက်ခုပ်သံတိုင်း၌ အနက်ရှိလေသည်။ ဂယက်ရှိလေသည်။ စကားရှိလေသည်။ တရားရှိလေသည်။ လက်ခုပ်သံတိုင်းကို နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်ဖူးပါသလား။ မဆုံးနိုင်အောင် ရှည်လျားသော အတွေးပုစ္ဆာများနှင့် ဒုတ်ဒုတ်ထိ ရင်ဆိုင်ရဖွယ်ရှိလေသည်။ သို့သော် အတွေးများနှင့် နေထိုင်ရခြင်းကို နှစ်သက်သူဖြစ်ဖို့တော့ လိုပေသည်။ တချို့ကိစ္စရပ်တွေမှာ သင်ကြားပေး၍လည်း မရနိုင်ပါ။ အမှန်တကယ် သင်ကြားပေးနိုင်သော သင်တန်းကျောင်းမျိုးလည်း မရှိနိုင်ပါ။ ကိုယ်ရည်ကိုယ်သွေးနှင့်သာ တိုင်းတာဆုံးဖြတ်ရနိုင်သော ကိစ္စရပ်မျိုးဖြစ်သည်။ လောကတွင် အနက်နဲဆုံး အသိဉာဏ်မှာ စဉ်းစားတွေးခေါ်မြော်မြင်ခြင်းသာဖြစ်သည်။ စကားလုံးများမပါဘဲ တိုက်ရိုက်သိရသည်။ ထိုးထွင်းသိမြင်ခြင်းဖြစ်လေသည်။

လက်ခုပ်သံ၏ အတွင်းသား၌ လျှို့ဝှက်သော အနက်သိပ်သည်းသော မူယာ၊ မာယာများလည်း ရှိနိုင်ပါသေးသည်။ နှစ်စဉ်နှစ်ခြိုက်စွာ အားပေးချီးမြှင့်သော လက်ခုပ်သံများ၊ အားနာပါးနာတီးသော လက်ခုပ်သံများ၊ ဘယာကြောင့်တီးသော လက်ခုပ်သံများ၊ ယဉ်ကျေးမှုအရ၊ ကျင့်ဝတ်အရ လက်ခုပ် သံဋီကာရယ်လို့ ရေးချင်စရာပင်ကောင်း ကောင်းသေးတော့။

လက်ခုပ်တီးခြင်းအလေ့အထ ကမ္ဘာပေါ်တွင် မည်သည့်အချိန်က စတင်ခဲ့သနည်း။ ဗော်လဂါမှ ဂင်္ဂါသို့ လူ့သမိုင်းဖြစ်စဉ်ပြ ဝတ္ထုရှည်ကြီးထဲမှာတော့ ကမ္ဘာဦးကျောက်ခေတ်လူသားတွေက စတင်၍ လက်ခုပ်တီးခဲ့ကြသတဲ့။ သားကောင်များကို ခြောက်လှန့်ရာတွင်လည်းကောင်း၊ လူစုလူဝေးဖြင့် အချက်ပေးရာတွင်လည်းကောင်း လက်ခုပ်တီးခဲ့ကြသတဲ့။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းက လက်ခုပ်တီးခြင်းအလေ့ကို နှစ်နှစ်သက်သက် ကျင့်သုံးလေ့ရှိကြသည်။ သို့သော် နိုင်ငံနှင့်လူမျိုးအလိုက်၊ ယဉ်ကျေးမှုဓလေ့ထုံးစံများအရ မသိမသာ၊ သို့မဟုတ် သိသာစွာကွဲလွဲနိုင်ကြလေသည်။ လူမျိုးတိုင်း၌ လက်ခုပ်တီးသောဓလေ့ရှိကြပါသည်။ ဘာကြောင့်တီးသလဲ၊ လူတစ်ကိုယ် လက်နှစ်ဖက်စီရှိကြသောကြောင့် လက်ခုပ်တီးခြင်းသည် ဘာမှအပန်းမကြီး‌သော အရင်းအနှီးမရှိသော မွေးရာပါတူရိယာပစ္စည်း ဖြစ်နေသောကြောင့်ဟု ထင်ပါသည်။

လူစုလူဝေးရှိသော နေရာတိုင်းလိုလိုမှာ (ခြွင်းချက်တော့ရှိပါသည်။) လက်ခုပ်သံများကို ကြားရနိုင်ပါသည်။ နိုင်ငံရေးတရားပွဲများ၊ ကျန်းမာရေးဟောပြောပွဲများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပို့ချမှုများ၊ ဥရောပလွှတ်တော်များ၊ ဘောလုံးပွဲများစသဖြင့် နေရာဌာန အနှံ့မှာဖြစ်ပါသည်။ မြန်မာ့ရိုးရာ စိန်အိုးစည်သီချင်း၌ လက်ခုပ်တီးတာ မြန်မာ့နည်းပါဟု ပါလိုက်သေးသည်။ အမှန်တော့ သီချင်းရေးဆရာ၏ ပမာဒလေခခြင်းဖြစ်ပါသည်။ လက်ခုပ်တီးခြင်းသည် မြန်မာလူမျိုးတစ်မျိုးတည်း၏ ကိုယ်ပိုင်နည်းနာတစ်ရပ်မဟုတ်ပါ။ ကမ္ဘာ့လူမျိုးစုကြီးတစ်ရပ်လုံး၏ ကမ္ဘာ့နည်းဖြစ်လေသည်။

အချက်ပေးခြင်း လူစုခြင်းအပါအဝင် လက်ခုပ်တီးခြင်းဖြင့် အပေါင်းလက္ခဏာသက်ရောက်မှု တစ်ခုခုကို ရရှိစေနိုင်သည်။ လက်ခုပ်သြဘာသံကို ကြားရခြင်းဖြင့် စင်မြင့်ပေါ်မှ သီချင်းဖြင့် ဖျော်ဖြေနေသူ၊ သို့မဟုတ် နိုင်ငံရေး၊ လူမှုရေးအကြောင်းအရာ တစ်ခုခုကို ဟောပြောနေသူအဖို့ အားတက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်း စသော တွန်းအားများကို ဖြစ်ပေါ်စေပါသည်။ ဖျော်ဖြေမှုကို မကြိုက်၍ဖြစ်စေ၊ ဟောပြောမှုကို မနှစ်သက်၍ဖြစ်စေ လက်ခုပ်သံဖြင့်ပင် ဆန့်ကျင်ကန့်ကွက်ခြင်း တစ်မျိုးကိုလည်း ပြုလုပ်နိုင်လေသည်။ သီချင်းဆိုမရအောင် သို့မဟုတ် ဟောပြောလို့မရအောင် စည်းချက်ဝါးချက် မကိုက်ညီစွာ လေးလေးတွဲ့တွဲ့တီးခြင်း၊ မညီမညာရှည်ရှည်မျောမျောတီးခြင်း၊ ကပေါက်တိ ကပေါက်ချာ တီးခြင်းဖြင့် ဆန့်ကျင်ကန့်ကွက်ခြင်းကို ဖော်ပြနိုင်လေသည်။ လှိုင်းလုံးကြီး ကမ်းစပ်သို့ လိမ့်လာသလို တိုးရာမှကျယ်၊ ကျယ်ရာမှ တဖြည်းဖြည်း ပြန်တိုးသွားသော နည်းဖြင့်လည်း ပရိသတ်အများစုကြီးက မိမိခံစားမှုကို ဖွင့်ထုတ်ပြန်နိုင်လေသည်။ ထို့ကြောင့် လက်ခုပ်သံဖြင့် အပေါင်းလက္ခဏာ ကောင်းချီးသြဘာပေး၍ ရနိုင်သလို အနုတ်လက္ခဏာ အပြစ်ပေး၍လည်း ရနိုင်ပါသည်။

ပြောရလျှင်… လက်ခုပ်သံ၌ ဆွဲဆောင်ဖြားယောင်းမှုရှိပါသည်။ ညွတ်နူးလိုစိတ်ရှိပါသည်။ သူငယ်ချင်းဝတ္ထုတိုဆရာကတော့ ပြောဖူးသည်၊ လူဟာ ကိုယ့်ကို မြှောက်ပင့်နေမှန်းသိရင်တောင် တစ်ဝက်တော့ သဘောကျနေတတ်သေးတယ်၊ အဲ… ကိုယ့်ကို မြှောက်မှန်းမသိရင်တော့ အပြည့်အဝ သဘောကျတတ်တယ်တဲ့။ အမှန်တရားနှင့် အတော်နီးစပ်သည့် မှတ်ချက်ဟု ဆိုချင်ပါသည်။

မြန်မာပြည်အနှံ့အပြား၌ လက်ခုပ်သံများကြားရနိုင်ပါသည်။ စင်မြင့်ဖျော်ဖြေပွဲများ၊ ဆုနှင်းသဘင်များ၊ စာပေဆုပေးပွဲများ၊ ဘောလုံးပွဲများ၊ ယုတ်စွအဆုံး မျက်လှည့်ပွဲများ၌ပင် လက်ခုပ်သံများ ကြားရတတ်ပါသည်။ သို့သော် လူစုလူဝေးရှိသောနေရာတိုင်း၌ လက်ခုပ်သံများ ကြားရလေ့ရှိသည် ဆိုလျှင် ရာခိုင်နှုန်းပြည့် မှန်ကန်မည်မဟုတ်ပါ။ ခြွင်းချက်တော့ ရှိနေပါသည်။ ဥပမာ မြန်မာလူမျိုးတို့၏ ထေရဝါဒဗုဒ္ဓဘာသာတရားပွဲများ၊ ဤလောကုတ္တရာဆိုင်ရာ တရားပွဲများ၌ လက်ခုပ်သံများ ကြားရမည်မဟုတ်ပါ။ လက်ခုပ်သံများအစား သာဓု သာဓု သာဓု (ကောင်းလေစွ ကောင်းလေစွ) ဟု ကြားရဖို့သာ ရှိပါသည်။ တရားပွဲများ၌ လက်ခုပ်လက်ဝါးတီး၍ အားပေးခြင်းအမှုကို ရိုင်းစိုင်းသောအပြုအမူအဖြစ် လူတွေက အစဉ်အဆက်လိုက်နာကျင့်သုံးနေကြလေသည်။

မြန်မာ့ဓလေ့၌ လက်ခုပ်တီးခြင်းကို လူ့ကျင့်ဝတ်အရ တင်းတင်းကျပ်ကျပ် လိုက်နာသော အခြားနေရာတစ်ခုမှာ အသုဘလိုက်ပါပို့ဆောင်စဉ် အချိန်ဖြစ်လေသည်။ ထိုအချိန်၌ လက်ခုပ်တီးမိလျှင် အကြီးအကျယ် ပြဿနာတက်နိုင်လေသည်။ အခန့်မသင့်လျှင် တုတ်ဆွဲ၊ ဓားဆွဲနှင့် လူသေဆုံးသည်အထိ ရန်ပွဲဖြစ်နိုင်သည်မှာ ဘာကြောင့်လဲ။ လူအများ ဝမ်းနည်းပူဆွေးနေစဉ် မိမိက ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ဟု အဓိပ္ပာယ်သက်ရောက်သွားနိုင်သောကြောင့် တစ်ကြောင်း၊ သေဆုံးသူကို သရော်မော်ကားပြုသည်ဟု ထင်မှတ်သွားနိုင်သောကြောင့် တစ်ကြောင်း လက်ခုပ်တီးခြင်းအမှုကို မည်သူကမျှ မပြုလုပ်ကြချေ။ သို့သော် သင်္ချိုင်းသို့ရောက်ပြီး မြှုပ်နှံသင်္ဂြိုဟ်ခြင်းမပြုမီ (သေဆုံးသူက ထင်ရှားကျော်ကြားသော အနုပညာရှင်ဖြစ်လျှင်) သေဆုံးသူ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်ပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပြီး လက်ခုပ်သြဘာပေးနိုင်ကြပြန်သည်။ ထိုအချိန် လက်ခုပ်တီးခြင်းက သေဆုံးသူ၏ ဂုဏ်ပုဒ်များကို ချီးကျူးဂုဏ်ပြုပါ၏။ သေဆုံးသူ၏ ကြီးကျယ်ခမ်းနားမှုကို မိမိကောင်းစွာ သိရှိပါသည်ဟု အဓိပ္ပာယ်သက်ရောက်သဖြင့် သေဆုံးသူကို ဂါရဝပြုခြင်းတစ်မျိုးဟု ယုံကြည်ကြလေသည်။

အသုဘပို့ဆောင်စဉ်နှင့် အခမ်းအနားကျင်းပနေစဉ် တစ်လျှောက်လုံး လက်ခုပ်သံ တဖြောင်းဖြောင်းကြားရသော လူမျိုးဆို၍ ကမ္ဘာပေါ်၌ အီတလီလူမျိုး တစ်မျိုးတည်းသာရှိလေသည်။ အီတလီလူမျိုးတို့သည် အသုဘအခမ်းအနား၌ သေသူကို လက်ခုပ်တီးပြီး ဂါရဝပြုသော အလေ့ရှိလေသည်။

၂၀၀၅ ခုနှစ်က ကွယ်လွန်ခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ဈာပနကျင်းပပုံကို ကမ္ဘာသို့ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့လေသည်။ အီတလီနိုင်ငံ ဗာတီကန်နန်းတော်သို့ ကမ္ဘာအရပ်ရပ်မှ ကမ္ဘာ့ခေါင်းဆောင်များ ရာနှင့်ချီ၍ တက်ရောက် ဂါရဝပြုကြသည်။ ကမ္ဘာ့ပြည်သူ တစ်သန်းကျော် လိုက်ပါပို့ဆောင်ကြသည်။ ခေါင်းတလားကို ထမ်း၍ လှည့်လည်အပူဇော်ခံစဉ် ဓမ္မတေးများ သံပြိုင်သီဆိုနေစဉ်တစ်လျှောက်လုံး လက်ခုပ်သံတဖြောင်းဖြောင်းကို ရပ်နားသည်မရှိ ကြားနေရလေသည်။ အသုဘအခမ်းအနားတွင် လက်ခုပ်တီးသောလူမျိုး အင်မတန်ရှားပါးလှလေသည်။

သေဆုံးသူမကွယ်လွန်မီ သူ့အတွက်တီးခဲ့သော လက်ခုပ်သံတို့၌ အစစ်အမှန်လက်ခုပ်သံလည်း ပါနိုင်သည်။ ဟန်ဆောင်ပန်ဆောင် တီးခဲ့သည်များလည်း ရှိနိုင်ပါသည်။ အကျိုးမျှော်၍ လက်ခုပ်တီးခဲ့ခြင်းတို့လည်း ရှိနိုင်ပါသည်။ သေဆုံးသူအတွက် လက်ခုပ်တီးခြင်းကတော့ ဘာမှ ပြန်လည်မျှော်ကိုးမရနိုင်တော့သဖြင့် အစစ်အမှန်လက်ခုပ်သံဟု ဆိုချင်ပါသည်။ ထို့ကြောင့် သေဆုံးသူအတွက် လက်ခုပ်တီး၍ ဂါရဝပြုခြင်းသည် အလွန်ကောင်းမြတ်သော အတွေးအယူသာဖြစ်လေသည်။ သေသူကို အသန့်စင်ဆုံးဂုဏ်ပြုခြင်းလည်း မည်သည်။

ဘာပဲဖြစ်ဖြစ်… စဉ်းစားရန်ရှိသည်မှာ လက်ခုပ်တီးခြင်းသည် ထောက်ခံခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် ကန့်ကွက်ခြင်းလည်းဖြစ်နိုင်သည်။ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကို မည်သို့ဆုံးဖြတ်မည်နည်း။ အသံ အရှည်၊ အတို၊ အဖိ၊ အဖော့၊ အနိမ့်အမြင့်တို့နှင့် ခွဲခြားနိုင်မည်လား။ မရနိုင်ဟု ထင်သည်။ သို့ဖြစ်လျှင် မည်သို့ခွဲခြားကြမည်နည်း။ လက်ခုပ်သံကြားရသောအချိန် ကြားရသောနေရာနှင့် ကြားရသည့် အကြောင်းအရာပေါ် ခြုံငုံသုံးသပ်၍သာ ထောက်ခံခြင်း လက်ခုပ်သံလား၊ ဆန့်ကျင်ခြင်း လက်ခုပ်သံလား ခွဲခြားနိုင်ပေလိမ့်မည်။

အမှန်တရားနှင့် ဆက်နွှယ်နေသော လက်ခုပ်သံ၌ စွမ်းအားများရှိကြောင်း ပြောလိုပါသည်။ လက်ခုပ်သံသည် တစ်ဖက်နှင့်တစ်ဖက် တိုက်ရိုက်သတင်းပို့လွှတ်နည်းလည်းဖြစ်သလို တည်ဆောက်စွမ်းအားရော၊ ဖျက်ဆီးရေးစွမ်းအားပါ နှစ်မျိုးစလုံးကို ဆောင်ကြဉ်းနိုင်သောကြောင့် သတိကြီးကြီးဖြင့် ဆင်ခြင်ရန်သာဖြစ်ပါသည်။

လက်ခုပ်သံ၌ စောင့်ကြပ်သော လောကပါလနတ်သားတစ်ပါးရှိနိုင်ပါသည်။ ထိုနတ်သား၌ အခြားအမည်တစ်ခုရှိသေးသည်ဆိုလျှင် ထိုအမည်မှာ အမှန်တရားပင်ဖြစ်ပေလိမ့်မည်။ ထိုအမည်မှလွဲ၍ အခြားမည်သည့်အမည်မှ ထိုနတ်သားနှင့် မထိုက်တန်ချေ။

***

မောင်ခိုင်လတ်

Show More
Back to top button