အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တရုတ်ကျားဖြန့်နှင့် တရုတ်အစိုးရ၏ ဒေသတွင်း ပထဝီနိုင်ငံရေးကစားကွက် အဆက်အစပ်

မြန်မာစစ်တပ်က ကျားဖြန့်အရေးတွင် အမေရိကန်ဝင်လာမည်ကို စိတ်ပူနေသလို ကျားဖြန့်နှိမ်နင်းရေး အကြောင်းပြုပြီး အရှေ့တောင်အာရှ နိုင်ငံများကို ထိုးဖောက်လာသည့် တရုတ်အစိုးရကလည်း စိုးရိမ်နေသည်။

တရုတ်နိုင်ငံသားတို့ဦးဆောင်သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အရှေ့တောင်အာရှဒေသ နိုင်ငံတချို့၏ ဥပဒေစိုးမိုးမှုအားနည်းသော နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတို့တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၊ လုပ်ငန်းရှင်ကြီးများကဲ့သို့ အသွင်ယူပြီး  ရင်းနှီးမြှုပ်နှံ ခြေကုပ်ယူလုပ်ကိုင်လာပုံမှာ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ကျားဖြန့်ဂိုဏ်း များကို ပစ်မှတ်ထား နှိမ်နင်းမှုများအတွင်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုဂိုဏ်းများသည် ယခင်က တရုတ် နိုင်ငံအတွင်း၌ သန္ဓေတည်ပေါက်ဖွားခဲ့ပြီး၊ တရုတ်နိုင်ငံသားအချင်းချင်းကို အဓိကပစ်မှတ်ထား လိမ်လည်ကျူးလွန် ခဲ့ကြသည်။ သို့သော် ယခုအခါ ကျားဖြန့်ဂိုဏ်းများ၏ ပစ်မှတ်သည် အမေရိကန်ပြည်ထောင်စုအထိ ပြန့်နှံ့လာပြီး၊ မကြာသေးမီက အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များအရ အမေရိကန်နိုင်ငံသား အများအပြားသည် ကျားဖြန့် ဂိုဏ်းတို့၏ သားကောင်များ ဖြစ်နေကြပြီး အွန်လိုင်းငွေလိမ်ခံရမှုကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်တည်း  ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှဒေသတွင်း နိုင်ငံဖြတ်ကျော်ပြဿနာကြီးအဖြစ် ထင်ရှားစွာလှုပ်ခတ်ခဲ့သော ကျားဖြန့် ပြဿနာသည် အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့ မဲခေါင်းမြစ်ဝှမ်းနိုင်ငံများတွင် အဓိက ခြေကုပ် ယူပြီး၊ ထိုင်းနိုင်ငံ၏ မိုဘိုင်းဖုန်းနှင့်အင်တာနက် ဆက်သွယ်ရေး၊ အင်တာနက် ဘဏ်လုပ်ငန်းနှင့် သယ်ယူ ပို့ဆောင်ရေးစနစ်များ စသည့် ခေတ်မီအခြေခံအဆောက်အအုံများကို အသုံးချပြီး ကွန်ယက်ဖြန့်ကျက်လှုပ်ရှားနေကြခြင်းဖြစ်သည်။ 

ဒေသတွင်း နိုင်ငံတို့သည် တရုတ်ကျားဖြန့်ဂိုဏ်းများကို ထိထိရောက်ရောက် နှိမ်နင်းလာသည့်အခါ ထောင်သောင်း ချီသော တရုတ်နိုင်ငံသား အများအပြားကို ဖမ်းဆီးရမိခဲ့သည်။ ယင်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများ နှိမ်နင်းမှုသမိုင်းတွင် တရုတ်တစ်နိုင်ငံတည်းက နိုင်ငံသားများကို ဒေသတွင်းနိုင်ငံများတွင် စံချိန်တင် ဖမ်းဆီးမိခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား အများစုသည် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတို့၏ နည်းလမ်းမျိုးစုံဖြင့် သွေးဆောင်ဖျားယောင် လူကုန်ကူးခြင်းခံရပြီး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းကို အတင်းအဓမ္မခိုင်းစေခံရသူများဟု ယူဆရသော်လည်း၊ ကျားဖြန့်ဂိုဏ်းဝင်အများအပြား ရောနှောပါဝင်နေသည်က သေချာလှပါသည်။

ထိုအခါ ဒေသတွင်းနိုင်ငံများ နောက်ထပ်ကြုံတွေ့ရသော ပြဿနာမှာ ဤမျှများပြားသော တရုတ်နိုင်ငံသားများ ထဲတွင် မည်သူက ရာဇဝတ်ဂိုဏ်းသား၊ မည်သူက ကျားဖြန့်ဂိုဏ်းတို့၏ သားကောင်အဖြစ် လိမ်လည်ခေါ်ယူ လူကုန်ကူးခံရသူ စသဖြင့် ခွဲခြားရန် ခက်ခဲလာခြင်း ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိသော သက်ဆိုင်ရာနိုင်ငံတို့သည် ၎င်းတို့နိုင်ငံ၏ တရားဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ် စီရင်ခြင်း ဆိုသည့် တရားရေးလုပ်ငန်းစဉ်များအတိုင်း အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ဘဲ၊ တရုတ်နိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးရန် ဦးစားပေး လုပ်ဆောင်လာကြသည်ကို လေ့လာတွေ့ရှိရသည်။ 

ထိုအခါ တရုတ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ် လိုအပ်လာပါသည်။ တစ်ချိန်က အမည်ဆိုးဖြင့် ကမ္ဘာ ကျော်ခဲ့သော ဂျပန်နိုင်ငံ၏ ရာကူဇာလူဆိုးဂိုဏ်းများထက်ပင် ဆိုးရွားသော၊ နိုင်ငံတကာရာဇဝတ်မှုကြီးများ စာရင်းဝင် ဖြစ်လာသော တရုတ်ကျားဖြန့်ဂိုဏ်းများအရေးက တရုတ်အစိုးရခေါင်းဆောင်များကို ကမ္ဘာ့အသိုက်အဝန်း အကြား လွန်စွာအရှက်ရစေမည်မှာ သေချာသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့်တန်းတူ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ်  လေးစားခြင်းခံရစေရန် တည်ဆောက်ကြိုးပမ်း နေချိန်တွင် ၎င်းတို့၏နိုင်ငံသားများက ကမ္ဘာပတ်ပြီး အွန်လိုင်းငွေလိမ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းက သမ္မတ ရှီကျင့်ဖျင်ကို အိုးမဲသုတ်သကဲ့သို့ ဖြစ်နေသည်။

ကျားဖြန့်ကို အသုံးချပြီး တရုတ်အစိုးရ၏ ဒေသတွင်း လုံခြုံရေးလက်တံများ ဖြန့်ကျက်လာခြင်း

တရုတ်ခေါင်းဆောင်များ အမှန်တကယ် အရှက်ရနေကြသလား ဆိုသည့်အချက်မှာ မသေချာပါ။ သို့သော် ကျားဖြန့် ပြဿနာကို ရင်ဆိုင်နေရပြီး၊ ၎င်းတို့လက်ထဲ ဖမ်းမိထားသော ထောင်သောင်းချီသည့် တရုတ်နိုင်ငံသားများအရေး အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအစိုးရများ အလျင်အမြန် အကူအညီလိုအပ်နေမှုကို ရိပ်စားမိသော တရုတ်ခေါင်းဆောင်တို့သည် ထိုပြဿနာကို အခွင့်ကောင်းယူ၍ ဒေသတွင်းနိုင်ငံများနှင့် တရုတ် နိုင်ငံအကြား ယခင်ကထက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်ဖြင့်  အပြင်းအထန် ကြိုးပမ်းလာ သည်ကို တွေ့နိုင်သည်။ 

တစ်နည်းအားဖြင့် တရုတ်အစိုးရသည် ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ အကြား အလွန်အရေးကြီးပြီး အမှားမခံသော ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများရှိ ရဲတပ်ဖွဲ့များနှင့်ပူးတွဲပြီး တရုတ်ရဲများကို ထိုနိုင်ငံများ၏ ပိုင်နက်နယ်မြေအတွင်း ပူးပေါင်း စစ်ဆင်ရေးများ (Joint Operations) လုပ်ဆောင်ရန် ဖိအားပေးလာခြင်းတို့ကို ယခုနှစ်အတွင်း ခြေမြန်လက်မြန် တိုးချဲ့လုပ်ဆောင်လာသည်။ တရုတ်အစိုးရ၏ ခြေလှမ်းများသည် ကျားဖြန့်ပြဿနာထက် များစွာကျော်လွန်ပြီး၊ ဒေသတွင်း အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ လုံခြုံရေးကဏ္ဍတွင် ထိုးဖောက်ဝင်ရောက် လှုပ်ရှားလာသည်။ အရှေ့တောင်အာရှဒေသတွင်း တရုတ်က အမေရိကန်ထက် ခြေလှမ်းသွက်လာခြင်းလည်း ဖြစ်သည်။ 

တရုတ်အစိုးရသည် ကျားဖြန့်ပြဿနာကို ကောင်းစွာအခွင့်ကောင်းယူ၍ မဟာဗျူဟာ ခြေလှမ်း ၃ ဆင့်ဖြင့် ဆောင်ရွက်လာပါသည်။ ပထမခြေလှမ်းအဖြစ် တရုတ်အစိုးရသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နှင့် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်တာများ (Joint Security Cooperation Centers) ထူထောင်လာသည်။

 ဒုတိယခြေလှမ်းအဖြစ် မြန်မာ-ထိုင်း နယ်စပ်ဒေသ ကရင်ပြည်နယ်အတွင်းရှိ တရုတ်ကျားဖြန့် ဂိုဏ်းများကို နှိမ်နင်းရန်နှင့် ထိုနယ်မြေထဲ ရောက်ရှိနေသော သောင်းနှင့်ချီသည့် တရုတ်နိုင်ငံသားများကို တရုတ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု ယန္တရား (Trilateral Cooperation Mechanism) ကို ထူထောင်လာပါသည်။ 

တတိယခြေလှမ်းအဖြစ် တရုတ်အစိုးရ ဦးဆောင်ပြီး မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံနှင့် ဖွဲ့စည်းထားသော လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Lancang–Mekong Cooperation) အောက်တွင် ၂၀၁၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ သော လန်ချန်-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှု စင်တာ (Lancang–Mekong Integrated Law Enforcement and Cooperation Center – LMLECC) ယန္တရားကို တရုတ်နှင့် မဲခေါင် ၅ နိုင်ငံအကြား ကျားဖြန့် နှိမ်နင်းရေးယန္တရားအဖြစ် အသုံးပြုလာခြင်း ဖြစ်သည်။ အဆိုပါ ၆နိုင်ငံ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ အစည်းအဝေး ကို တရုတ်အစိုးရက ဦးဆောင်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ခေါ်ယူကျင်းပခဲ့သည်။ 

တိုက်ဆိုင်မှုဟု ဆိုရမည်လားမသိ၊ LMLECC အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၂ ရက်နေ့တွင် အမေရိကန်အစိုးရ က “အွန်လိုင်းငွေလိမ်စင်တာများ နှိမ်နင်းရေးတပ်ဖွဲ့” (Scam Center Strike Force – SCSF) ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။   မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် အဓိက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး၊ ဒေသတွင်းမဟာမိတ် ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၏ ဘန်ကောက် မြို့ရှိ Royal Thai Police War Room Task Force နှင့် ပူးပေါင်းဆောင်ရွက်နေပြီဟု အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ကျားဖြန့်အရေးနောက်ကွယ်တွင် တရုတ်နှင့် ထိုင်းအကြား ညှိမရခဲ့သော UWSA ပြဿနာ  

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ထိုင်းနိုင်ငံကို ကြားနိုင်ငံ (Transit Country) အဖြစ် အသုံးချလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနှင့်တရုတ် ပြည်သူများအကြား ကြီးကြီးမားမား လှုပ်ခတ်သွားခဲ့သော ဖြစ်ရပ်မှာ တရုတ်လူမျိုး သရုပ်ဆောင် Wang Xiang ထိုင်းတွင် လူကုန်ကူးခံရခြင်း ဖြစ်သည်။ ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာသော ထိုသရုပ်ဆောင်သည် မဲဆောက်မြို့သို့ ကားဖြင့် ခေါ်ဆောင်သွားခံရသည်၊ ယင်းနောက်  မဲဆောက်တွင် သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်၍  မြန်မာဖက်အခြမ်း မြဝတီမြို့ရှိ KK Park ကျားဖြန့် ဝန်းထဲသို့ ရောင်းစားခံခဲ့ရသည်။ 

ထိုဖြစ်စဉ်သည် တရုတ်အစိုးရ ခေါင်းဆောင်များကို ကမ္ဘာ့အလယ် အကြီးအကျယ် အရှက်ရ၊ အမျက်ဒေါသထွက်စေ မည်မှာ သံသယရှိစရာမလိုပါ။ Wang Xiang ကို ကျားဖြန့်ဂိုဏ်းလက်ထဲမှ ပြန်လည်ကယ်ဆယ်ရန် တရုတ်အစိုးရ သည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လျိုကျုံးရိ (Liu Zhongyi) ကို ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့ပြီး ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်စေခဲ့သည်။ ဤတွင် လျိုကျုံးရိ၏ အပြုအမူများက ထိုင်းနိုင်ငံ၏ အချုပ်အခြာ အာဏာကို မလေးစားဘဲ ထိုင်းအစိုးရ တာဝန်ရှိသူတို့ကို ဖိအားပေးမှုများကြောင့် ထိုင်းသတင်းဌာနများ၏ ဝေဖန်မှု မြင့်တက်ခဲ့သည်။ နောက်ပိုင်း လျိုကျုံးရိသည် ၎င်း၏အပြုအမူနှင့် ပတ်သက်ပြီး ထိုင်းပြည်သူများကို ထိုင်းသတင်းဌာနများမှတစ်ဆင့်  တောင်းပန်ခဲ့ရသည်။

ထိုအချိန်မှစ၍ ကျားဖြန့်နှိမ်နင်းရေးကို အကြောင်းပြုပြီး တရုတ်အစိုးရသည် ၎င်းတို့၏လုံခြုံရေးလက်တံများ ဒေသ တွင်း ဖြန့်ကျက်မှုမဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်သော နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးနှင့် သတင်းအချက် အလက် ဖလှယ်ရေး ပူးတွဲစင်တာ (Joint Cooperation Center) ကို ထိုင်းအစိုးရနှင့် ပူးတွဲ ထူထောင်လာသည်။ 

ဤနေရာတွင် တရုတ်အစိုးရသည် ကျားဖြန့်အရေးကို ရွေးချယ်အသုံးချပြီး ဒေသတွင်းနှင့် ထိုင်းနိုင်ငံကို လွှမ်းမိုး နိုင်ရန် ကြိုးပမ်းလျက်ရှိပုံကို ထိုင်းစစ်တပ်အတွင်းရှိ အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိတချို့က ရှုမြင်ကြောင်း လန်ဒန်အခြေစိုက် Think Tank အဖွဲ့ကြီးဖြစ်သော International Institute for Strategic Studies (IISS) ၏ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “အရှေ့တောင်အာရှဒေသ၏ အွန်လိုင်းငွေလိမ်မှု ပြဿနာ၏ ပထဝီနိုင်ငံရေး” (The Geopolitics of Southeast Asia’s Cyber-scamming Crisis) သုတေသန စာတမ်းတိုတွင် ထောက်ပြလာပါသည်။

IISS သည် စင်္ကာပူနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသော အရှေ့တောင်အာရှဒေသတွင်း အရေးပါသည့် လုံခြုံရေးဆိုင်ရာ ညီလာခံတစ်ခုဖြစ်သော Shangri-la Dialogue ကို ဦးဆောင်ကျင်းပသည် အဖွဲ့ကြီးဖြစ်ပြီး၊ တရုတ်အစိုးရ၏ အဆင့်မြင့် လုံခြုံရေးဆိုင်ရာအရာရှိကြီးများအပါအဝင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင် များနှင့် လုံခြုံရေးကဏ္ဍ ထိပ်တန်းပညာရှင်များစွာ အလေးထားတက်ရောက်ကြရသော ညီလာခံဖြစ်သည်။ 

တရုတ်ကျားဖြန့်ပြဿနာကို တရုတ်အစိုးရ ကိုင်တွယ်ဆောင်ရွက်ပုံ စောင့်ကြည့်လေ့လာနေခဲ့သော IISS ၏ စာမျက်နှာ ၄ မျက်နှာ ပါရှိသော စာတမ်းတိုတွင် ထိုင်း-မြန်မာနယ်စပ်ရှိ တရုတ်ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးတွင် ထိုင်းနှင့် တရုတ်အစိုးရတို့အကြား ညှိနှိုင်းမှုအဆင်မပြေသော အတွင်းရေးအချက်အလက်တချို့ကို ဖော်ပြလာ သည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။

စင်စစ် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဖက်အခြမ်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်လုံခြုံရေး အားနည်းမှုကို အခွင့်ကောင်းယူပြီး၊ ကျားဖြန့်ပြဿနာအပြင် တစ်နေ့တစ်ခြား ကြီးထွားလာသည့် မူးယစ်ဆေးဝါး ကုန်သွယ်မှုပြဿနာ၊ ထိုရာဇဝတ်မှုများနှင့်ဆက်စပ်ပတ်သက်နေသော လူကုန်ကူးမှုပြဿနာသည် ထိုင်းအစိုးရ လက်ငင်းရင်ဆိုင်နေရ နယ်စပ်ဖြတ်ကျော်ပြဿနာကြီးများ ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံသားများ အဓိကပါဝင်ပတ်သက်နေသော ကျားဖြန့်ပြဿနာအတွက် တရုတ်အစိုးရက ထိုင်းအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံလာချိန်တွင်၊ ကျားဖြန့်ပြဿနာနှင့်တပါတည်း ထိုင်း-မြန်မာ နယ်စပ်ရှိ မူးယစ်ဆေးဝါးပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန်၊ တရုတ်-မြန်မာနယ်စပ် ကျားဖြန့်ငွေလိမ်ဂိုဏ်း များကို လက်ခံလုပ်ကိုင်မှုတွင်လည်း ပါဝင်ပတ်သက်ခဲ့ပြီး၊ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးများ အဓိက တင်ပို့နေသော “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) အပေါ် ဩဇာညောင်းသော တရုတ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကို ထိုင်းအစိုးရဖက်က ပြန်လည်တောင်းခံခဲ့သည်။ 

သို့ရာတွင် ထိုင်းအစိုးရက ပြန်လည်တောင်းခံခဲ့သော အကူအညီကို တရုတ်အစိုးရက ပေးရန်ဆန္ဒမရှိပုံကို တွေ့မြင်ရ သောအခါ ထိုင်းစစ်တပ်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိတချို့က တရုတ်အစိုးရသည် ကျားဖြန့် ပြဿနာတစ်ခုတည်းကို ရွေးချယ်ပြီး၊ ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဖက်သတ်တောင်းဆိုလာခြင်း၊ ထိုင်းအစိုးရက UWSA နှင့်ပတ်သက်၍ တောင်းခံသည့် အကူအညီကို အပြန်အလှန်လေးစားမှုဖြင့် တုန့်ပြန်ကူညီ ခြင်း မရှိသည့်အပေါ် စိတ်ကသိကအောင့် ဖြစ်ကြရပုံကို IISS စာတမ်းက သုံးသပ်ဖော်ပြထားသည်။ 

ထိုင်းနှင့် UWSA ပြဿနာသည် မူးယစ်ဆေးဝါးပြဿနာ တစ်ခုတည်းမဟုတ်ဘဲ၊ ထိုင်းနိုင်ငံပိုင်နက် နယ်မြေတချို့ ကို UWSA က ကျူးကျော်သိမ်းပိုက် ထိန်းချုပ်ထားသည်ဟု ထိုင်းအစိုးရက စွပ်စွဲထားသော ပြဿနာလည်း ရှိနေ သည်။ အဆိုပါ သိမ်းပိုက်ထားသော ထိုင်းနယ်မြေထဲမှ UWSA တပ်များ တပ်စွဲထားမှုမှ ပြန်လည်ဆုတ်ခွာပေးရန်   ထိုင်းအစိုးရက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရာဇသံပေးခဲ့ဖူးသည်။ 

UWSA သည် တရုတ်-မြန်မာနယ်စပ်တွင် ၎င်းတို့၏ ဌာနချုပ် တည်ရှိပြီး၊ မြန်မာနိုင်ငံရှိ တရုတ်သစ္စာခံ လက်နက်ကိုင်တပ် (China’s proxy army) ကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် UWSA သည် ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ်အတွင်း ၎င်းတို့ ထိန်းချုပ်နယ်မြေများလည်း ရှိထားပြီး၊ တရုတ်အစိုးရသည် UWSA မှတစ်ဆင့် တရုတ်-မြန်မာနယ်စပ်ဒေသကို ပိုင်ပိုင်နိုင်နိုင် ဩဇာလွှမ်းမိုးထိန်းချုပ်ထားနိုင်ရာမှ၊ ထိုင်း-မြန်မာနယ်စပ်အထိ ဩဇာချဲ့ထွင်လာမည့်အရေး စိုးရိမ်မှုအမြင်များ ထိုင်းနိုင်ငံတွင် ရှိနေနိုင်ပါသည်။ 

“၁၀၂၇ စစ်ဆင်ရေး” တွင် တရုတ်အစိုးရသည် UWSA ကို ကြားခံထား၍ တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် ဂိုဏ်းများကို အောင်မြင်စွာဖြိုခွင်းနိုင်ခဲ့သလို၊ UWSA ကတစ်ဆင့် ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များကို နောက်ကွယ်က ထောက်ပံ့ထိန်းချုပ်ထားနိုင်သည်။ ထို့ကြောင့် ထိုင်အစိုးရသည်  တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊  အပစ်ရပ်စဲရေးအတွက် ထိရောက်စွာ ကြားဝင်ဆောင်ရွက် နိုင်သည့် ဖြစ်စဉ်များကို  အသေအချာ လေ့လာထားပုံရပြီး၊ တရုတ်အစိုးရကို အကူအညီတောင်းခံ ခဲ့ခြင်းလည်း ဖြစ်ပုံသည်။ 

ဤနေရာတွင် ထိုင်းနိုင်ငံ၏ အစဉ်အလာ မဟာမိတ်ဖြစ်သော အမေရိကန်အစိုးရသည် SCSF ကို ဖွဲ့စည်းခဲ့ရာတွင် Drug Enforcement Administration (DEA) ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ရာ ထိုအချက်ကို ထောက်ရှုလျှင်၊ တရုတ်အစိုးရနှင့် ကွဲပြားခြားနားစွာပင် တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းပြဿနာတစ်ခုတည်း ဖြေရှင်းရန် SCSF ကို ဖွဲ့စည်းခဲ့ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ခြင်းမရှိသော မူးယစ်ဆေးဝါး ကုန်သွယ်မှုပြဿနာကိုပါ တပါတည်းဖြေရှင်းရန် ရည်ရွယ်ထားကြောင်း တွေ့ရသည်။ စင်စစ် DEA သည် ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ထိုင်းအစိုးရနှင့် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်နေခဲ့သော အဖွဲ့ ဖြစ်သည်။

ကျားဖြန့်နှိမ်နင်းရေး အမေရိကန်ဝင်ရောက်လာခြင်းအပေါ် တရုတ်၏ဆန့်ကျင်မှု ရုပ်လုံးပေါ်ထွက်လာ

စင်စစ် တရုတ်ကျားဖြန့်အရေးကို အမေရိကန်အစိုးရ မသိချင်ယောင်ဆောင်ခဲ့သည်မှာ နှစ်ကာလအတော်ကြာပြီဟု ဆိုရမည် ဖြစ်သည်။ အကြောင်းမှာ တရုတ်ကျားဖြန့်က တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ်နေခြင်းမှာ တရုတ်ပြဿနာသာ ဖြစ်ပြီး၊ အမေရိကန်နှင့်မဆိုင်သလို အမေရိကန်အကျိုးစီးပွားကို ထိခိုက်ခြင်းမရှိသဖြင့် ကျားဖြန့်ပြဿနာကို လက်ရှောင်ထားခဲ့ခြင်း ဖြစ်နိုင်ပါသည်။ 

သို့သော် မြန်မာ-ထိုင်းနယ်စပ်တွင် အလျင်အမြန်ကြီးထွားလာသော တရုတ်ကျားဖြန့်ဂိုဏ်းများသည် အမေရိကန် နိုင်ငံသားတို့ကိုပါ ပစ်မှတ်ထားမှု များပြားလာသည့်အခါ  SCSF ကို ဖွဲ့စည်းပြီး၊ ဒေသတွင်းမဟာမိတ်ထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်၍ ကျားဖြန့်ဂိုဏ်းများနှိမ်နင်းမှုတွင် အမေရိကန် ပါဝင်လာခြင်း ဖြစ်သည်။

သို့သော်  အမေရိကန် ပါဝင်လာခြင်းကို အလိုမရှိကြောင်း တရုတ်အစိုးရနှင့် မြန်မာစစ်ကော်မရှင်အကြား မကြာသေးခင်က ဆွေးနွေးမှု များတွင် ထည့်သွင်းပြောဆိုကြသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာပါသည်။ အမေရိကန်အစိုးရက SCSF ကို ဖွဲ့စည်းကြောင်း ကြေညာပြီး တစ်လတိတိ ပြည့်ချိန်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လျိုကျုံးရိ နှင့် စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးသည့်နေ့ရက် ရွေးချယ်မှုနှင့် အမေရိကန်ပါဝင်လာမှုကို ဆန့်ကျင်ရန် ဆွေးနွေးခဲ့မှုက တိုက်ဆိုင်မှုမဟုတ်ဘဲ သေသေချာချာ ရွေးချယ်ထားခြင်း ဖြစ်နိုင်သည်။  

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာက လျိုကျုံးရိနှင့် ထွန်းထွန်းနောင် တို့သည် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးကို အကြောင်းပြပြီး “ပြည်ပနိုင်ငံများ ဝင်ရောက် စွက်ဖက်မှုကို လက်မခံရေး” ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ ယင်းသည် အမေရိကန်ကို ရည်ညွှန်းကြောင်း သိသာထင်ရှားလှပြီး၊ အမေရိကန်အစိုးရက SCSF ဖွဲ့စည်းကြောင်း ကြေညာခဲ့ချိန်မှစပြီး၊ စစ်ကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အမေရိကန်တွင် Hidden Agenda ရှိရမည်ဟု စွပ်စွဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်ကို သတိချပ်သင့်ပါသည်။ 

ယင်းသည် ကျားဖြန့်နှိမ်နင်းရေးတွင် အမေရိကန်ပါဝင်လာမှုကို ဆန့်ကျင်ရေး တရုတ် အစိုးရနှင့် စစ်ကော်မရှင် အကြား ဝန်ကြီးအဆင့် ပထမဆုံး လူသိရှင်ကြား ဆွေးနွေးမှုပင် ဖြစ်သည်။ သို့သော် လျိုကျုံးရိ၏ ရပ်တည်ချက်ကို မြန်မာ့အလင်း သတင်းစာတွင် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသလို၊ လျိုကျုံးရိ-ထွန်းထွန်းနောင် တွေ့ဆုံမှုကို ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သော်လည်းကောင်း၊ ဘေကျင်းရှိ တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနက သော်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါ။

နိုင်ငံပေါင်း ၄၀ ကျော်မှ နိုင်ငံသားမျိုးစုံကို လိမ်လည်ဖျားယောင်းခေါ်ဆောင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် အတင်းအကျပ်စေခိုင်းလျက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအဆင့်ထိ အလျင်အမြန် ကြီးထွားလာနေသော တရုတ် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရန် အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံတစ်ခု ပါဝင်လာခြင်းကို ကြိုဆိုသင့်သည်။ အွန်လိုင်း အက်ပလီကေးရှင်းအတု (Fake Application) များကို အဓိကအသုံးပြုပြီး ကမ္ဘာတစ်ဝှမ်း ငွေလိမ်နေ သော ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးတွင် Microsoft,  Apple, Meta စသည့် ကမ္ဘာကျော် အမေရိကန် ကုမ္ပဏီကြီး များကလည်း အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ကျားဖြန့်ပြဿနာသည် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွား တည်ဆောက်သင့်ပြီး၊ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းမည်ဆိုပါက အချိန်တိုအတွင်း ထိရောက်အောင်မြင်မည် ဖြစ်သည်။ တရုတ်ကျားဖြန့်ဂိုဏ်း များ၏ အွန်လိုင်းငွေလိမ်ခြင်းကို ကြုံတွေ့ခံစားနေရသော နှစ်နိုင်ငံပြည်သူများကို နှစ်နိုင်ငံအစိုးရများက ပူးပေါင်း ကာကွယ်ပေးသည့် အလွန်ရှားပါးသော သမိုင်းမှတ်တမ်းတစ်ခုကို အတူတည်ဆောက်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ သို့သော် တရုတ်ကျားဖြန့်ဂိုဏ်းများ အဓိကအခြေစိုက်နိုင်ငံဖြစ်လာသော မြန်မာနိုင်ငံမှ စစ်အာဏာရှင် တစ်သိုက်သည် တရုတ်နှင့် အမေရိကန်ပူးပေါင်းပြီး မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းလာမည့်အရေး တွေးကြောက်စိုးရိမ်မည်မှာ မလွဲဧကန် ဖြစ်နိုင်ပါသည်။

တရုတ်သည် အမေရိကန်နှင့် နယ်ပယ်တိုင်းတွင် ပြိုင်ဆိုင်လျက်ရှိပြီး၊ အမေရိကန်ထက် သာလွန်သော အင်အားကြီး နိုင်ငံတစ်ခု၏ အဆင့်အတန်းကို မျှော်မှန်းတည်ဆောက်နေချိန်၊ လျိုကျုံးရိ-ထွန်းထွန်းနောင် တွေ့ဆုံမှုအတွင်း ဆွေးနွေးချက်များက တရုတ်ကျားဖြန့်ပြဿနာကို အကြောင်းပြုပြီး၊ စစ်ကော်မရှင်သည် တရုတ်ကိုယ်စားလှယ်ကို သွေးထိုးနေခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် အမေရိကန်က ၎င်းတို့ကို ကမ္ဘာ့အလယ် အမည်ဖျက် နှိပ်ကွပ် လာမည့်အရေး တရုတ်ခေါင်းဆောင်များကိုယ်တိုင် စိုးရိမ်နေခြင်းလား မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

စင်စစ် နိုင်ငံတကာသဘောတူစာချုပ်များအရ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ နှိမ်နင်းရေးသည် နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည့်အလျောက် တရုတ်နှင့် အမေရိကန် ပူးပေါင်းနှိမ်နင်း ရမည့်အစား၊ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၌ ဗဟိုချက်သဖွယ် အခြေစိုက်နေသော တရုတ်ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးတွင် မဲခေါင်ဒေသ ၅ နိုင်ငံကို ၎င်းတို့သာလျှင် ဦးဆောင်မည်၊ အမေရိကန်ပါဝင်မည်ကို လက်မခံသော ကျဉ်းမြောင်းသည့် သဘောထား တရုတ်အစိုးရတွင် ရှိထားပြီဆိုလျှင်၊ တရုတ်ခေါင်းဆောင်များ၏ ကျားဖြန့်နှိမ်နင်းရေးသည် ရာဇဝတ်မှု နှိမ်နင်းရေးသက်သက် မဟုတ်တော့ဘဲ၊ အမေရိကန်နှင့် ပထဝီနိုင်ငံရေး အားပြိုင်မှု ကစားကွက်ထဲ ထည့်သွင်း လိုက်ခြင်းပင် ဖြစ်ကြောင်း၊ အဆိုပါ အချင်းအရာသည် ကျားဖြန့်နှင့် တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ အကြား အဆက်အစပ်ကိုပါ သံသယဖြစ်လာနိုင်သည်အထိ ရှိနေပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။ 

Related Articles

Back to top button