သတင်း

မုန်လိုင်ခက်ဒုက္ခသည်စခန်း ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရဟု အာဆီယံပြော

ဒုက္ခသည် ၂၈ ဦး သေဆုံးသည့် ကချင်ပြည်နယ် စစ်ရှောင်စခန်း ပေါက်ကွဲမှုကို ဗုံးဖြင့် တိုက်ခိုက်မှုဟု အာဆီယံက ကြေညာချက်ထုတ်ကာ ကန့်ကွက်သဖြင့် စစ်ကောင်စီက မကျေမနပ်ဖြစ်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကချင်ပြည်နယ်၊ လိုင်ဇာမြို့ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတွင် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရခြင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းကမူ ဗုံးဖြင့် တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောလိုက်ပြီး ထိုလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာလိုက်သည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းသည် တရုတ်နိုင်ငံနှင့် ချောင်းတစ်ခုသာ ခြားသည့် KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ မြောက်ဘက် ၂ မိုင်အကွာတွင် တည်ရှိပြီး အောက်တိုဘာ ၉ ညသန်းခေါင်ယံအချိန် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးရှောင် ၂၈ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော်(AA) ၏ တပ်စခန်းတစ်ခုလည်း ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် ထိုညက လိုင်ဇာမြို့ပေါက်ကွဲမှုတွင် သေဆုံးသူ ၂၉ ဦး ရှိခဲ့သည်။

ထိုပေါက်ကွဲမှု၊ တိုက်ခိုက်မှုမှာ စစ်ကောင်စီ၏ လက်ချက်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောဆိုကြသော်လည်း အာဆီယံထုတ်ပြန်ချက်တွင်မူ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဖော်ပြမထားဘဲ အကြမ်းဖက်မှု ရပ်တန့်ရန်သာ ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသော အာဆီယံအဖွဲ့၏ ကြေညာချက်တွင် ထိုဖြစ်ရပ်ကို “ဗုံးဖြင့်တိုက်ခိုက်မှု” ဟု ဖော်ပြထားသဖြင့် စစ်ကောင်စီက မကျေမနပ်ဖြစ်နေသည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုကြေညာချက်ကို ကန့်ကွက်ကြောင်း ယမန်နေ့ရက်စွဲဖြင့် တန်ပြန်ကြေညာချက်ထုတ်ခဲ့သည်။

စစ်ကောင်စီက ထိုဖြစ်ရပ်မှာ စစ်ရှောင်စခန်းအနီး KIA လက်နက်တိုက်မှ အမိုနီယမ်နိုက်ထရိတ် (ယမ်း) များ ပေါက်ကွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အခင်းဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၁ တွင်  သတင်းထုတ်ပြန်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ အလားတူ အသိပေးထားပြီး ကြေညာချက်မထုတ်ရန် ပြောဆိုထားသော်လည်း အာဆီယံက မလိုအပ်ဘဲ ကြေညာချက်ထုတ်ခဲ့သည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အာဆီယံသည် ထိုအသိပေးချက်များကို ကိုးကားခြင်း မရှိဘဲ ပြည်တွင်းပြည်ပ သတင်းဌာနများကို ကိုးကားထားသည့်အတွက်လည်း ကန့်ကွက်သည်ဟု ဆိုသည်။

မုန်လိုင်ခက်တွင် ထိခိုက်သေဆုံးသွားသူများကို စာနာကြောင်း စစ်ကိုင်းတိုင်း ကလေးမြို့မှ ဒေသခံအချို့က စစ်ကောင်စီ၏ အဖမ်းအဆီးများကြားထဲမှ အောက်တိုဘာ ၁၇ တွင် လူထုချီတက်ပွဲ ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ – ကလေးမြို့ ပင်မသပိတ်အင်အားစု)

အလားတူအခင်းဖြစ်ပြီးနောက် ထိုအဖြစ်အပျက်ကို “အမြောက်ပစ်ခတ်မှု” ဟု တရုတ်အစိုးရပိုင် China Radio International မြန်မာပိုင်းစာမျက်နှာက သုံးနှုန်းခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသတင်းကို အွန်လိုင်းစာမျက်နှာမှ ဖယ်ရှားပစ်ခဲ့သည်။ ဖယ်ရှားရသည့် အကြောင်းရင်းကို မသိရသေးပေ။

KIA က ထိုအဖြစ်အပျက်မှာ စစ်ကောင်စီ၏ နည်းပညာမြင့် မောင်းသူမဲ့ဒရုန်းများနှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ‘ယမ်းသိုလှောင်ရုံပေါက်ကွဲမှု’ ဆိုသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကိုလည်း KIA ဘက်က ငြင်းဆန်သည်။

“အဲဒီနေရာမှာ လက်နက်ခဲယမ်းသိုလှောင်ထားတဲ့ ဂိုဒေါင် မရှိပါဘူး။ ဗုံးကျတဲ့နေရာမှာ ဘောလုံးကွင်းရှိတဲ့နေရာဖြစ်ပါတယ်။ လမ်းမကြီးဘေးမှာ ရှိတာ။ လက်နက်သိုလှောင်ထားတာလဲ မရှိဘူး။ အဲဒီနေရာမှာ ဘာမှမရှိဘူး။ သူတို့စွပ်စွဲတာ ဘာမှ မှန်ကန်မှုမရှိပါဘူး” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၁၁ နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကို အထောက်အထားများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ ကောက်ချက်ချနိုင်ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို ၂၀၂၃ အောက်တိုဘာ ၉ ရက် ညပိုင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးသူများနာရေးကို လိုင်ဇာသုသာန်တွင် ၂၀၂၃ အောက်တိုဘာ ၁၀ ရက်တွင် ပြုလုပ်စဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီသည် နိုင်ငံအနှံ့မှ ခုခံတွန်းလှန်သူများကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိရာ မုန်လိုင်ခက်ဖြစ်ရပ်ကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများသေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုမျိုး မကြာခဏ ပြုလုပ်လေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ် ၃၀ ကျော် အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရသည်။

ယမန်နှစ် ၂၀၂၂၊ အောက်တိုဘာ ၂၃ ရက်တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနမ့်ပါရွာကို စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ရာ လူပေါင်း ၆၀ ကျော် သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာရသွားခဲ့သည်။

၂၀၂၂၊ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ကလေး ၇ ဦး၊ လူကြီး ၅ ဦး သေဆုံးခဲ့ရသည်။

အရပ်သားများကို ပြန်လည်ပြီး လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်နေသည့် လေတပ်အရာရှိများ အပါအဝင် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များကို အနောက်နိုင်ငံများက အမည်ပျက်စာရင်းသွင်းထားသော်လည်း အာဆီယံနိုင်ငံများကမူ စစ်ကောင်စီနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများ ထူထောင်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အာဆီယံ လေတပ်ခေါင်းဆောင်များ ညီလာခံကို စစ်ကောင်စီ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ် ဦးဆောင်ပြီး နေပြည်တော်တွင် ကျင်းပခွင့်ရခဲ့သည်။

ထိုအစည်းအဝေးကို မလေးရှားနှင့် လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားတို့က သပိတ်မှောက်ခဲ့သော်လည်း ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက လူကိုယ်တိုင် တက်ရောက်ခဲ့သည်။ ဖိလစ်ပိုင်၊ စင်ကာပူတို့ကမူ အစည်းအဝေးတွင် ကြိုတင်ရိုက်ကူးထားသောရုပ်သံပေးပို့ခြင်းဖြင့် ပါဝင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button