ဆောင်းပါး

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့သော အဆိုးရွားဆုံးရာဇဝတ်မှုများ

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် နိုင်ငံအနှံ့ ခုခံတော် လှန်သူများကို အပြင်းထန်ဆုံးနှိမ်နင်းနေသည်။ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ် သတ်ရုံသာမက လက်နက်ကိုင်ခုခံတော်လှန်သူများကိုလည်း အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး နည်း လမ်းများဖြင့် ဖြိုခွင်းလျက်ရှိသည်။

တိုင်းရင်းသားဒေသများ အပါအဝင် နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏ မြေလှန်စနစ် စစ်ဆင်ရေးများအတွင် မီးရှို့ခံရသည့်ရွာများ မရေမတွက်နိုင်လောက်ပင် ရှိနေသည်။ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည်များ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများလည်း အမြောက်အမြားရှိသည်။

မြေပြင်စစ်ကြောင်းများ အထိနာလာချိန်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို အဆက် မပြတ်အသုံးပြုခဲ့သည်။ ရဟတ်ယာဉ်များဖြင့် စစ်သားများ သယ်ဆောင်ကာ နေရာချထားခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများအပြင် ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ပျူစောထီးလက်နက်ကိုင်များက ဘာသာရေး အဆောက်အအုံ နှင့် စာသင်ကျောင်းပါမချန် မီးရှို့ဖျက်ဆီးကာ တွေ့ကရာမြင်ကရာကို ဖမ်းဆီးသတ်ဖြတ်နေဆဲဖြစ်သည်။  ၂၀၂၂ ခုနှစ်အတွင်း လူမဆန်သော စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်မှုများအနက် လက်လှမ်းမီသမျှကို စုစည်းဖော်ပြလိုက်ပါသည်။

အနမ့်ပါ ဗုံးကြဲတိုက်ခိုက်မှု

ကချင်ပြည်နယ် ဖားကန့်ဒေသ အနမ့်ပါရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင် စီ၏ တိုက်ခိုက်မှုများအနက် လူအသေအပျောက် အများဆုံးဖြစ်သည်။​ အောက်တိုဘာလ ၂၃ ရက်နေ့က အနန့်ပါရွာတွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အနန့်ပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ အရာရှိများ၊ အနုပညာရှင်၊ စီးပွားရေး သမားများ အပါအဝင် ၆၂ ဦး သေဆုံးကာ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း KIA က အတည်ပြုသည်။ ဖုန်း နှင့် အင်တာနက်ဆက်သွယ်ရေး မကောင်းသည့် ထိုဒေသတွင် အသေးစိတ် ဖြစ်စဉ်ကို စုံစမ်းရန် ခက်ခဲပြီး ထိခိုက်သေဆုံးသည့် လူဦးရေသည် ထိုထက်မက ပိုများဖွယ်ရှိသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ညအချိန်တွင် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တမင်တကာ ဗုံးကြဲတိုက် ခိုက် ခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသနိုင်ရေး သယ်ဆောင် ရာလမ်းကြောင်းများကိုပါ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။

အနန့်ပါရွာ ဖြစ်စဉ်အတွင်း သေဆုံးသွားသူများ။ ဓာတ်ပုံ-ပေးပို့

လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှု

အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများကို မီးမောင်းထိုးပြနေသော ဖြစ်ရပ်များတွင် ကလေးငယ်များ ထိခိုက်သေဆုံး၍ ဒဏ်ရာအကြီး အကျယ်ရစေခဲ့သည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ တိုက်ခိုက်ခံရမှုသည် ထင်ရှားသည်။

စက်တင်ဘာ ၁၆ တွင် လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းတွင် ကလေးငယ်များရှိနေစဉ် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်များဖြင့် ရုတ်တရက် ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည်။ စာသင်ကျောင်းနံရံတွင် သွေးစွန်းခဲ့ရသည့် ထိုဖြစ်စဉ်အတွင်း ကလေးငယ် ၇ ဦးနှင့် ကျေးရွာနေ ဒေသခံ အရပ်သား ၆ ဦးထက် မနည်း သေဆုံးခဲ့ရသည်။ ဒဏ်ရာရကလေးများ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် အရပ်သားအချို့ အပါအဝင် စုစုပေါင်း ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုဖြစ်စဉ်အပြီး တစ်လကျော်ကြာသည်အထိ ၁၀ ဦးသာ ပြန်လွတ်မြောက်လာခဲ့ပြီး ကျန်ကလေးငယ် ၂ ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် ရန်ကုန်နှင့် မုံရွာဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။ လက်ယက် ကုန်းရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ပြန်လည်လွတ်မြောက်လာသည့် ကလေးငယ်များလည်း စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေရဆဲဖြစ်သည်။

စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုအပြီး ကျန်ရစ်သည့် ကလေးငယ်တို့၏ သင်ထောက်ကူပစ္စည်းများ

မုန်တိုင်ပင်ရွာ စီးနင်းခံရမှု 

စစ်ကောင်စီ ကျူးလွန်ခဲ့သည့် ဆိုးဝါးရက်စက်သော စစ်ရာဇဝတ်မှုများထဲတွင် စစ်ကိုင်းတိုင်း ရေဦးမြို့ နယ်အတွင်းမှ မုန်တိုင်ပင်ရွာဖြစ်စဉ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မေလ ၁၀ ရက်က စစ်ကောင်စီ ဘက် စစ်ကြောင်းထိုးလာစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် အပြန်အလှန်ပစ်ခတ်ကြကာ တော်လှန်ရေးအဖွဲ့များ ပြန်ဆုတ်ချိန်တွင် စစ်တပ်က ရွာကိုဝင်စီးခဲ့သည်။ 

စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်ပြီး ဝင်ရောက်လာရာ ဒေသခံရွာသူရွာသားသည် ဘေးလွတ်ကင်းမည်ဟု ယူဆရသည့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ပြေးဝင်ပုန်းရာမှ ရာနှင့်ချီပြီး ဖမ်းဆီးခံရသည်။ ဖမ်းဆီးရမိသူများအနက် အမျိုးသားများကို ငါးယောက်တစ်တွဲ လက်ပြန်ကြိုးတုပ် ကာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

ရွာကို ဝင်စီးပြီး နောက်တစ်ရက်တွင် ဖမ်းဆီးထားသူများကို အတွဲလိုက်ခေါ်ထုတ်ကာ သတ်ဖြတ်ခဲ့သည်။ စုစုပေါင်း လူ ၂၈ ဦး သတ်ဖြတ်ခံရသည်။ 

ထို့နောက်ပိုင်း ဒေသခံကောက်ရသည့် စစ်သားတစ်ဦး၏လက်ကိုင်ဖုန်းအတွင်းမှ ဓာတ်ပုံနှင့် ဗီဒီယိုမှတ် တမ်းများအရ မုန်တိုင်ပင်ဖြစ်ရပ်နှင့် ဆိုင်သော အထောက်အထားများ ပေါ်ထွက်လာခဲ့သည်။ အတန်းလိုက် လက်ပြန်ကြိုးတုပ်ခံထားရသူများ၏ ဓာတ်ပုံများအပြင် ရုပ်သံဖိုင်တွင်လည်း စစ်သားသုံးဦးက ဒေသခံ များကို ဖမ်းဆီးသတ်ဖြတ်ရသည့်အပေါ် မြိန်ရေယှက်ရေ အပြန်အလှန်ပြောဆိုနေကြသည်။ 

ဆိုးဝါးလှသည့်  ထိုဖြစ်စဉ်အတွင်း မုန်တိုင်ပင်ရွာခံများတွင် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် ဒေါ်သင်း ကြည်လည်း ပါဝင်သည်။ မေ့ပျောက်နိုင်မည် မဟုတ်ဘဲ တစ်သက်နှင့်တစ်ကိုယ် ကြုံတွေ့ရမည် မစဉ်းစား ဖူးကြောင်း သူက ပြောသည်။

မုန်တိုင်ပင်ရွာမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများ ၃၀ နီးပါးအနက် ၁၆ ဦး။ (ဓာတ်ပုံများ – Supplied) 

 


ရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်မှု


စစ်ကိုင်းတိုင်းအတွင်း ရွာစင်လှည့်စစ်ကြောင်းထိုးနေသည့် စစ်တပ်၏ အရုပ်ဆိုးအကျည်းတန်လှသော ရာဇဝတ်များတွင် စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ်အတွင်း ရင်ပေါင်တိုင်ရွာ စီးနင်းခံရမှု လည်း ပါဝင်သည်။


ရင်ပေါင်တိုင်ရွာအတွင်း ငါးရက်တစ်ခါ ဖွင့်လှစ်သော ဈေးနေ့တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် ဦးစွာ ပစ်ခတ်ပြီးနောက် စစ်သားများချထားကာ အကြမ်းတမ်းဆုံး ဝင်ရောက်စီးနင်းခဲ့သည်။ ဩဂုတ်လ ၁၁ ရက် နေ့ဖြစ်သည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့ဘက်မှ တက်လာသည့် ရဟတ်ယာဉ်သုံးစီး ရုတ်တရက်ရောက်ချိန်တွင် ဒေသခံအများစု ရွာအတွင်း ပိတ်မိခဲ့ကာ တစ်နာရီနီးပါး ကြာ တရစပ်ပစ်ခတ်စီးနင်းခြင်းခံရသည်။ 


သုံးရက်ကြာတပ်စွဲပြီးနောက် စစ်တပ်ပြန်ထွက်သွားချိန်တွင် အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် ရုပ်အလောင်း ၁၈ လောင်း တွေ့ရှိခဲ့ရသည်။ ဒေသခံ ၂၀ ကျော်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရပြီး နောက်ရက်အတန်ကြာမှ ပြန်လည်လွတ်မြောက်ခဲ့သည်။


ရင်ပေါင်တိုင်ရွာကို လေကြောင်းမှ တိုက်ခိုက်အပြီး တွေ့ရသည့် အပျက်အစီးများ။ (ဓာတ်ပုံ – ပေးပို့)

အိုးအိမ်ဆုံးရှုံးသူ၊ နေရပ်စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည်များ


စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၁ ဒသမ ၄ သန်းကျော် ရှိလာနေကြောင်း ကုလသမဂ္ဂက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။ 


အာဏာသိမ်းပြီးနောက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံအနှံ့တွင် ပြည်သူ့အိုးအိမ်ပေါင်း ၃၈,၀၀၀ ပျက်စီးခဲ့ရကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN-OHCHR)ကလည်း ဒီဇင် ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းအတွင်းရှိ ကျေးရွာများမှာ အများဆုံး မီးရှို့ဖျက်ဆီးခံရသည်။


ထို့အပြင် မြန်မာနိုင်ငံ တောင်ပိုင်း ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည် ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စသည့် ဒေသများရှိ တိုင်းရင်းသားများလည်း စစ်ကောင်စီတပ်များ၏ ရက်စက်ဆိုးဝါးမှုဒဏ်ကြောင့် နေရပ်စွန့်ခွာပြီး နီးစပ်ရာ တောတောင်များ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရသည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် အချက်အလက်များ အရ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂၆၆၉ ဦး ရှိကာ၊ လူပေါင်း ၁၃,၀၀၀ ကျော် ဖမ်းဆီးခံထားရ သည်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button