
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင် အာဏာသက်ရောက်ပြီဟု စစ်ကောင်စီ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ကန့်သတ်ထားသည့် အသက်ကျော်လွန်သွားသဖြင့် စစ်ကောင်စီတပ်က ခေါ်တော့မည်မဟုတ်ဟု ထင်မြင်နေကြသူများ စိတ်အေးလက်အေး နေနိုင်ကြမည် မဟုတ်ပေ။
အသက်ကျော်နေသူများကိုလည်း ပျူစောထီးတပ် ခေါ် ပြည်သူ့စစ်အဖွဲ့ထဲ သွင်းနိုင်သည့်စနစ် စစ်ကောင်စီလက်ထဲတွင် ရှိနေသည်။
စစ်ကိုင်း၊ တောင်ငူ၊ ပြည်၊ မြိတ် နှင့် လားရှိုးတို့မှ ပြည်သူများသည် မဲစနစ်ဖြင့် ပျူစောထီးတပ်ထဲ မဝင်မနေရ အခြေအနေကြုံတွေ့နေရသည်မှာ လအတော်ကြာပြီဖြစ်သည်။ ၎င်းတို့ထဲမှအချို့သည် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံရသည်။

စစ်တပ်က တည်ထောင်ပေးထားသည့် အွန်လိုင်းသတင်းစာမျက်နှာများကလည်း လူငယ်တို့ကို ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲသွင်းရန်၊ အသက်ကန့်သတ်ချက်ကျော်လွန်သူတို့ကို ပြည်သူ့စစ်အဖြစ် စစ်ထဲသွင်းရန် ဆော်သြနေကြသည်။
ပျူစောထီးဆိုသည်မှာ
စစ်ကောင်စီက ဖွဲ့ပေးထားသည့် ပြည်သူ့စစ်အဖွဲ့ကို အများက ပျူစောထီးတပ်ဖွဲ့ဟု ခေါ်ကြသည်။
သာမန်အားဖြင့် အာဏာမသိမ်းခင်က ဖွဲ့သည့် ပြည်သူ့စစ်နှင့် အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းဖွဲ့သည့် ပြည်သူ့စစ်ဟုဆိုကာ ၂ မျိုးခွဲနိုင်သည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ငယ်တချို့ စစ်တပ်နှင့် ညှိနှိုင်းပြီး ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့ကြီးများ ဖြစ်လာခဲ့ဖူးသည်။ ပြီးခဲ့သည့်လက ကျားဖြန့်သံသယဖြင့် တရုတ်က နေပြည်တော်ထိ လာရောက် ဖမ်းခေါ်သွားသည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းတို့သည် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသည်။ ဒေသတချို့တွင် ပေါ်တာဆွဲခြင်း ခေါ် အထမ်းသမားအဖြစ် ခိုင်းစေရန် ဖမ်းဆီးခြင်း မခံရစေရန် ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်လာကြပြီး အကာအကွယ်ယူနေကြသူများလည်း ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များကို တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီ ဖွဲ့စည်းသည့် ပြည်သူ့စစ်အဖွဲ့များကိုမူ ပျူစောထီးအဖွဲ့ဟု အများက ရည်ညွှန်းကြသည်။
အာဏာသိမ်းပြီးစအချိန်က ပေါ်ပေါက်လာသည့် ပျူစောထီးအဖွဲ့ငယ်တချို့မှာ ဆန့်ကျင်သူတို့ကို ရန်ပြု သတ်ဖြတ်နေပြီဖြစ်ကြောင်း ၎င်းတို့၏ Facebook Page တွင် ရေးသားခဲ့ကြသည်။ ထို့ကြောင့် စစ်ကောင်စီ ဖွဲ့စည်း လေ့ကျင့်ပေးသည့် ပြည်သူ့စစ်အဖွဲ့များမှာ ပျူစောထီးအဖွဲ့ဟု အများက ခေါ်ဆိုလာကြသည်။
ကန့်ဘလူမြို့နယ် မှော်တောရွာမှ ဦးဝါသဝဆိုသည့် ဘုန်းတော်ကြီးသည် စစ်ကိုင်းတိုင်းပျူစောထီးခေါင်းဆောင်ဟု လူသိများပြီး သူ၏လက်အောက်တွင် ရာနှင့်ချီသော လက်နက်ကိုင်များရှိကြသည်။

ယခုနှစ်ဆန်းမှစပြီး စစ်တပ်သည် ပဲခူးတိုင်းအတွင်းမှ ပြည်သူများကို ပျူစောထီးတပ်ထဲဝင်ရန် ဖိအားပေးခဲ့ပြီး ကျေးရွာအချို့တွင် မဲနှိုက်သည့်စနစ်ဖြင့် လူသစ်စုဆောင်းခဲ့သည်။ ထိုသတင်းကို သက်တမ်းရှည် ကရင်တော်လှန်ရေးတပ် KNU နှင့် ဒေသတွင်း PDF များက အတည်ပြုထားသည်။
ပျူစောထီးအဖွဲ့ဝင်ဖြစ်ရန် အသက်ကန့်သတ်ချက်မရှိသလို စစ်မှုထမ်းကာလသည်လည်း ကန့်သတ်ချက်မရှိပါ။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုသည်မှာ
ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်ထဲဝင်ရန် ဆင့်ဆိုခံရပါက ကာလအပိုင်းအခြား ကန့်သတ်ချက်ရှိသည်။
ထိုဥပဒေအရ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။
စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
သို့သော် ချွင်းချက်အချို့လည်း ရှိနေသည်။
“ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်” ဟုလည်း ပါရှိသည်။
ထို့ကြောင့် ၎င်းတို့သည် စစ်မှုထမ်းကာလပြည့်ပြီးသော်လည်း စစ်တပ်ကပြန်ခေါ်ပါက တပ်ထဲပြန်ဝင်ရမည်ဖြစ်သည်။
နောက်တစ်ကြိမ် စစ်ထဲပြန်ခေါ်ပါက စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို တိတိကျကျဖော်ပြထားခြင်းမရှိပါ။
စစ်တပ်က တည်ထောင်ပေးထားသည့် အွန်လိုင်းသတင်းစာမျက်နှာတို့က အသက်မီသူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲသွင်းရန်၊ အသက်ကန့်သတ်ချက်ကျော်လွန်သူများကို ပျူစောထီး (ပြည်သူ့စစ်) အဖြစ် စစ်ထဲသွင်းရန် ဆော်သြနေကြသည်။
ပဲခူးတိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ရန် ဖိအားပေးမှုကို ပေါင်းတည်၊ အုတ်ဖို၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ ညောင်လေးပင်၊ ဝေါ၊ ကျောက်တံခါး စသည့် မြို့များအတွင်း တွေ့ရသည်။
ဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်ရမည့်သူများမှာ ၁၈ နှစ်မှ အသက် ၆၀ အတွင်း အမျိုးသားများ ဖြစ်သည်၊ တစ်ရွာလျှင် အရေအတွက် ၁၀ ဦး မှ ၃၀ အထိ စာရင်း မဖြစ်မနေပေးရမည်ဟု သိရသည်။
ဤအခြေအနေတွင် အာဏာသိမ်းတပ်၏ ထုတ်ပြန်ချက်အသစ်ကြောင့် လူမုန်းများသည့် စစ်တပ်ထဲ ဝင်ရမည်ကို အများအပြားက စိုးရိမ်နေကြပြီး ရှောင်တိမ်းရန် လေ့လာ စုံစမ်းနေကြသည်။
၂၀၂၁ တွင် အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ ရန်သူဝိုင်းဝိုင်းလည်လာသည့် စစ်ကောင်စီတပ် လူအင်အား အကြီးအကျယ် လိုအပ်နေချိန်တွင် ယခုဥပဒေကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မှ ထွက်ခါနီးအချိန်တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။