သတင်း

ပျူစောထီးတပ်များဖွဲ့ရန် ပဲခူးတိုင်းတွင် အတင်းအကျပ် စီစဉ်နေ

ပဲခူးတိုင်း မြို့နယ်များတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့များ ပေါ်ပေါက်စေလိုသည့် စစ်တပ်က ကျေးရွာများကို ဖိအားပေးနေသည်ဟု KNU နှင့် PDF များက ပြောသည်။

နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းရန်အတွက် စစ်ကောင်စီက အတင်းအကျပ် လူသစ်စုဆောင်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။

ပူးပေါင်းဆောင်ရွက်မှုမရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးမြှိုက်ခဲ့ကြောင်း၊ စစ်မှုထမ်းရမည့်အရေး ကင်းလွတ်ခွင့်အတွက် ကျပ်သိန်းဆယ်ဂဏန်း ပေးနေရကြောင်း သတင်းရရှိသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မအူကွင်းရွာနှင့် တောင်ခမောက်ရွာ အခြေအနေ (ဓာတ်ပုံ − ပေးပို့)

ပဲခူးတိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ရန် ဖိအားပေးမှုကို ပေါင်းတည်၊ အုတ်ဖို၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ ညောင်လေးပင်၊ ဝေါ၊ ကျောက်တံခါး စသည့် မြို့များအတွင်း တွေ့ရကြောင်း KNU နှင့် ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များက အတည်ပြုသည်။

ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်ရမည့်သူများမှာ ၁၈ နှစ်မှ အသက် ၆၀ အတွင်း အမျိုးသားများ ဖြစ်သည်၊ တစ်ရွာလျှင် အရေအတွက် ၁၀ ဦး မှ ၃၀ အထိ စာရင်း မဖြစ်မနေပေးရမည်ဟု သိရသည်။

“ရွာမှာ စစ်သင်တန်းတက်ချင်တဲ့သူလည်း မရှိဘူးပြောတော့ သူတို့လိုရင် ခေါ်မယ်လို့တော့ ပြောတယ်၊ ဒါနဲ့ အုပ်ချုပ်ရေးမှူးက ည ၈ နာရီကျော်လို့ အပြင်မှာ တွေ့ရင်တော့ဆွဲ၊ ရွာထဲတော့ ဝင်မဆွဲပါနဲ့ဆိုပြီး ညှိထားကြတယ်” လုံခြုံရေးအရ ရွာအမည် မဖော်ပြလိုသည့် လူသစ်စုဆောင်းခံရသောရွာမှ ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ စက်တင်ဘာလအတွင်းက စစ်ကောင်စီထံမှ လက်နက်များ လက်ခံနေသည့် တောင်ငူနှင့် ပြည်မှ ပျူစောထီးများ (ဓာတ်ပုံ – စစ်ကောင်စီ)

စစ်ကောင်စီသည် ညပိုင်းအပြင်ထွက်သူများကို ပစ်မှတ်ထားဖမ်းဆီးနေသည်၊ ၎င်းနေထိုင်သည့်ကျေးရွာတွင် ၃ ဦးထက်မနည်း ပျူစောထီးတပ်ထဲ ဝင်ရန် ဖမ်းဆီးခံခဲ့ရပြီးနောက် လူလတ်ပိုင်းအမျိုးသားများ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်ဟု သူကိုယ်တိုင် ရမည်းသင်းမြို့နယ်သို့ တိမ်းရှောင်လာသူတဦးက ပြောသည်။

“ခုတောင် လမ်းမှာ တွေ့တဲ့သူ ခေါ်နေတာ။ နောက်ဆို ပေါ်တာဝင်ဆွဲမှာလို့ အသံလည်း ကြားတော့ ပြေးလာတာ။ ရွာမှာ အသက်ကြီးကြီး အဘိုးကြီး၊ ကလေးတွေနဲ့ အမျိုးသမီးတွေပဲ ကျန်တော့တာ” ဟု အသက် ၄၀ကျော်အရွယ် အမျိုးသားက ဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်ထိန်းရဲတို့သည် ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြားရှိ ကားလမ်းဘေးရှိ ရွာများ၏ခေါင်းဆောင်များကို အစည်းအဝေးခေါ်ကာ ပျူစောထီးတပ်အတွက် လူသစ်စုပေးရန် အမိန့်ပေးခဲ့သည်ဟု သက်တမ်းရှည် ကရင်တော်လှန်ရေးတပ် KNU က ဇန်နဝါရီ ၁၄ တွင် သတင်းထုတ်ပြန်သည်။

“ရွာ ၁ ရွာကို ပြည်သူ့စစ် ၂၀ စီ ဝင်ရမယ်။ ပြည်သူ့စစ်ထဲကို မဝင်ဘူးဆိုရင် ကင်းစောင့်ရမယ်။ ကင်းမစောင့်ရင် ဖမ်းဆီးပြီး ကျေးရွာအတွင်းကို လေယာဉ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် နယ်ထိန်းရဲ ဦးဝင်းမင်းအောင်က လုပ်ငန်းရှင်များအားလုံး တစ်ဦးလျှင် ၁ သိန်းစီ ပေးဆောင်ရမည်ဟု တောင်းရမ်းခဲ့ကြောင်း” အမည်မဖော်လိုသူ ဒေသခံတစ်ဦးကို ကိုးကားပြီး KNU ခလယ်လွီထူခရိုင်၊ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

အလားတူ သာဂရမြို့ သရက်ကုန်းရွာမှ စစ်တပ်ထောက်ခံသူ ဦးမျိုးတင့်၊ ဒေဝကွက်သစ်ရွာမှ ဦးဇော်လွင်၊ ဆက်သေတောင်ရွာမှ ဥက္ကဋ္ဌ ဦးကျော်စိုးတို့မှာ ပြည်သူစစ်ဖွဲ့စည်းရေးအတွက် ဖိအားပေးနေကြောင်း ဒေသခံနှစ်ဦးနှင့် ရေတာရှည်မြို့ တော်လှန်ရေးအဖွဲ့ဝင်တို့ကလည်း အတည်ပြုပြောဆိုသည်။

စွပ်စွဲခံရသူများထံမှ သီးခြားတုံ့ပြန်ချက်ရရှိရန် Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများထဲတွင် ပြည်သူစစ်ထဲ မဝင်လိုသူများသည် စစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်ရရန် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေရကြောင်း၊ တစ်အိမ်ထောင်လျှင် ကျပ် ၁၀ သိန်းခန့် ပေးရန် ညှိနှိုင်းခြင်း ဖြစ်ကြောင်း ထိုဒေသမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒေသခံများ ပြည်သူ့စစ်ထဲသို့ ဝင်ရောက်ခြင်းကို ရှောင်ရှားကြရန် ထုတ်ပြန်ထားသည်။

၂၀၂၃ စက်တင်ဘာလအတွင်းက စစ်ကောင်စီထံမှ လက်နက်များ လက်ခံနေသည့် တောင်ငူနှင့် ပြည်မှ ပျူစောထီးများ (ဓာတ်ပုံ – စစ်ကောင်စီ)

ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် ပဲခူးတိုင်း ဝေါမြို့နယ်တွင် ရွာကြီးလျှင် ၁၅ ဦး၊ ရွာငယ်လျှင် ၁၀ ဦးနှုန်း စာရင်းပေးရမည်၊ လူမပေးနိုင်သည့်အိမ်များ ငွေ ၂ သောင်းခန့် လစဉ် ပေးဆောင်ရမည်ဟု အုပ်ချုပ်ရေးပိုင်းက ကြေညာထားသည်ဟု သိရကြောင်း ယင်းနယ်မြေအတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သာယာဝတီအခြေစိုက် PDF အဖွဲ့ဖြစ်သည့် သာယာဝတီ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK- PDF) ၏အဆိုအရ ၎င်းတို့သည် ဇန်နဝါရီ ၁၃ ရက်နေ့က အုတ်ဖိုမြို့နယ် ဝိုင်းအုပ်စုအပိုင် ကမ်းနီကျေးရွာနှင့် ဆင်တဲကုန်းကျေးရွာမှ ပြည်သူ့စစ်သင်တန်းတက်ရန် စုဆောင်းခံနေရသည့် ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီလက်ထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ဆန့်ကျင်လျှင် မီးမြှိုက်

ပျုစောထီးတပ်ဖွဲ့ရန် စာရင်းမပေးဘဲ ဆန့်ကျင်ခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ မြောက်ဘက် ပဲခူးရိုးမတောင်ခြေရှိ မအူကွင်းနှင့် တောင်ခမောက်ရွာများကို စစ်တပ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

ထိုလုပ်ရပ်သည် တပ်မ ၆၆ လက်အောက်ခံ အင်အား ၅၀ ခန့်ရှိသည့် စစ်ကြောင်း၏ လက်ချက်ဖြစ်ပြီး မအူကွင်းရွာမှ အိမ်ခြေ ၃၃ လုံး၊ တောင်ခမောက်ရွာမှ အိမ်ခြေ ၇၂ လုံး မီးလောင်ခဲ့သည်ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ် ၃၆၀၁ တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။

လူဦးရေ ၄၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီကမူ ထိုအမှုနှင့် ပတ်သက်ပြီး နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ကာ ငြင်းဆိုထားသည်။

တော်လှန်ရေးအဖွဲ့ အမည်ခံ သောင်းကျန်းသူများက “မီးရှို့ဖျက်ဆီး” ခြင်းသာဖြစ်ကြောင်း “သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး” ဆိုသူကို ကိုးကားပြီး စစ်ကောင်စီတပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မအူကွင်းရွာနှင့် တောင်ခမောက်ရွာ အခြေအနေ (ဓာတ်ပုံ − ပေးပို့)

လက်ရှိတွင် စစ်ကောင်စီတပ်က ပေါင်းတည်မြို့နယ် ပဒက်မြောင်နှင့် ကိုင်းကွင်းရွာသို့ ရောက်ရှိနေပြီး အိမ်ထောင်စုစာရင်းများ တောင်းခံနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မအူကွင်း၊ တောင်ခမောက်၊ ပဒက်မြောင်နှင့် ကိုင်းကွင်းရွာတို့သည် ပေါင်းတည်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးရိုးမနှင့် ကပ်လျက်တွင် တည်ရှိသည့် ရွာငယ်များ ဖြစ်သည်။

စစ်တပ်က ထိုရွာများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့သည်ဟုဆို စွပ်စွဲကာ မကြာခဏဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားပြီး ရွာကို မီးရှို့ ဖျက်ဆီးလေ့ရှိသည်။

အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် လက်နက်ကိုင်အင်အား လိုအပ်သဖြင့် ပြည်သူ့စစ်အဖွဲ့များကို ဒေသအသီးသီးတွင် ဖွဲ့စည်းလျက်ရှိသည်။ ဤအတောအတွင်း တပ်မှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးသူ၊ လက်နက်ချသူ များပြားလာသည့်အပြင် သေဆုံးဒဏ်ရာရသူလည်း များပြားလာနေသည်။

ဤအခြေအနေတွင် ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းသည့် လှုပ်ရှားမှုကို ပဲခူးတိုင်းအတွင်း တွေ့လာရခြင်း ဖြစ်သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးခါစတွင် စစ်ကောင်စီဘက်တော်သား ပျူစောထီး လက်နက်ကိုင်အဖွဲ့တချို့ ပေါ်ပေါက်လာပြီး ထိုအဖွဲ့များက အာဏာသိမ်းမှု ဆန့်ကျင်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

နောက်ပိုင်းတွင် စစ်ကောင်စီ တိုးချဲ့ဖွဲ့စည်းသည့် ပြည်သူ့စစ်အဖွဲ့များကိုလည်း အများက ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုလာကြသည်။

ထိုအဖွဲ့များသည် စစ်တပ်၊ ရဲတို့နှင့် လက်တွဲဆောင်ရွက်ရပြီး အတူတကွ စခန်းချ၊ စခန်းထိုင်နေကြသည်ကို ယနေ့တိုင် တွေ့ရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်မူ ပျူစောထီးအဖွဲ့များ ပေါ်ပေါက်လာနိုင်ရေးအတွက် စစ်ကောင်စီ အားကိုးရသူမှာ ဦးဝါသဝ ဆိုသူ ဖြစ်သည်။

ပျူစောထီးခေါင်းဆောင်အဖြစ် လူသိများသည့် ဦးဝါသဝ၏ ကြိုးပမ်းမှုကြောင့် ကန့်ဘလူမြို့နယ်တွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပျူအဖွဲ့များ ပေါ်ပေါက်လာသည်ဟု သိရသည်။

မက်လုံးတစ်ခုခုကြောင့် ပျူစောထီးအဖွဲ့ဝင် ဖြစ်လာရသူများ ရှိသလို တချို့မှာ ရွာကို စစ်ကောင်စီ ရန်ပြုလာနိုင်ခြေရှိသဖြင့် စစ်ကောင်စီအလိုကျ ဖွဲ့စည်း လှုပ်ရှားပေးနေကြသည်ဟု သိရသည်။

အာဏာသိမ်း စစ်ကောင်စီကမူ ပြည်သူများက လုံခြုံရေးလိုအပ်ချက်အရ တောင်းဆိုလာသဖြင့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးနေသည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။

စိုးမိုးနယ်မြေ အများအပြားရှိလာသော၊ တပ်စခန်းအများအပြား သိမ်းပိုက်ရရှိထားသော တော်လှန်ရေးအဖွဲ့များကလည်း လူအင်အား လိုအပ်သဖြင့် တပ်သားသစ် စုဆောင်းနေကြသည်။

Show More

Related Articles

Back to top button