သတင်း

ကန့်ဘလူရှိ ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ လက်နက်ခဲယမ်းများရ

ပြည်သူ့စစ်အားကောင်းသည့် ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအခြေပြုပျူစောထီးစခန်းတစ်ခုကို PDF ခရိုင် တပ်ရင်း ၂ ခုက ဝင်တိုက်ရာ စစ်ကူနှင့် လက်နက်ကြီးပစ်ကူတို့ကြောင့် ပြန်ဆုတ်ခဲ့ရသော်လည်း လက်နက်ခဲယမ်းများရရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာတွင် ရှိသော ပြည်သူ့စစ် (ပျူစောထီး) စခန်းကို ဖေဖော်ဝါ ရီ ၁၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမသိမ်းနိုင်ခဲ့သော်လည်း ၁၀ ဦးခန့် သေဆုံးသလို သေနတ် ၇ လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ကန့်ဘလူမြို့၏ မြောက်ဘက် ၄ မိုင်ကျော်အကွာတွင် တည်ရှိသည့် အဆိုပါ ပျူစောထီးစခန်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်အစောတွင် ကန့်ဘလူအခြေစိုက် PDF ခရိုင်တပ်ရင်း အမှတ် (၃) နှင့် (၄) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“စခန်းကို သိမ်းဖို့ စစ်ဆင်ရေးလုပ်တာပါ၊ ရွာရဲ့ရှေ့မှာက ခွေးကုန်း (စစ်ကောင်စီတပ်စခန်း) ဆောက်ထားတာ၊ အဲ့ဒီခွေးကုန်းထက် ရွာထဲက ပျူတွေကို ရှင်းလင်းနိုင်ဖို့ လုပ်တာပါ” ဟု ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်း၏ တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ပြောသည်။

ကန့်ဘလူမြို့ပေါ်မှ အမှတ် (၆၀၀၆) အမြောက်တပ်ရင်းမှ ပစ်ကူပေးခြင်း၊ အနီးဝန်းကျင် လိတ္ထူကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများ စစ်ကူရောက်လာခြင်းများ ရှိခဲ့သည့်အတွက် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်။

“၆၀၀၆ ကလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်တာရော၊ လိတ္ထူက စစ်ကူလာတာရောကြောင့် ပြန်ဆုတ်ခဲ့ရတယ်၊ အချိန်နည်းနည်းရရင်ကို ပျူစခန်းကို ရှင်းလင်းနိုင်ခဲ့မှာ” ဟု အထက်ပါ တပ်ရင်း ၄ တပ်ဖွဲ့ဝင် အမျိုးသားက ဆိုသည်။

တိုက်ပွဲအပြီး ပြောင်းချောသေနတ် ၂ လက်၊ ကာဘိုင်သေနတ် ၅ လက်နှင့် ခဲယမ်းများ၊ ပြည်သူ့စစ်ယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း ပျူစောထီး ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ PDF တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု သူက ဆိုသည်။

ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီ၏ ပြည်သူ့စစ်ခေါ် ပျူစောထီးတို့ အားကောင်းရာ မြို့နယ်များအနက် တစ်ခုဖြစ်ပြီး အထူးသဖြင့် ဦးဝါသဝ ဦးဆောင်၍ ပျူစောထီးအားကောင်းလာရေး လုပ်ဆောင်နေပြီး၊ အင်အားချဲ့ထွင်လာသည့် ဒေသဖြစ်သည်။

လတ်တလောတွင် ကန့်ဘလူမြို့နယ် ချပ်သင်းဒေသနှင့် ကောလင်းမြို့နယ်တို့အကြားတွင်လည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိနေကြာင်း ဒေသခံတို့အဆိုအရ သိရသည်။

အထူးသဖြင့် တော်လှန်ရေးအင်အားစုများ သိမ်းယူထားသည့် ကောလင်းမြို့ကို သိမ်းနိုင်ရေး စစ်တပ်က မြို့ မြောက်ဘက်နှင့်တောင်ဘက်ညှပ်ကာ အင်အား ထောင်ဂဏန်းဖြင့် ထိုးစစ်ဆင်နေရာ မြို့တွင်း၌ စစ်သားများ ရောက်ရှိတပ်စွဲထားကာ PDF ပူးပေါင်းတပ်များကလည်း ပြန်လည်တိုက်ခိုက်နေသည်။

စစ်တပ်ဘက်ကလည်း ၎င်းတို့ပြန်လည်နေရာယူထားသော နေရာများကို ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) တွင် ကောလင်းမြို့နှင့်ပတ်သက်ပြီး သတင်းအတိအကျမရသေးပေ။

ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များက လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့က သိမ်းယူခဲ့ခြင်းဖြစ်ပြီး NUG အစိုးရ၏ အုပ်ချုပ်ရေးဖြင့် လည်ပတ်နေသည့်မြို့ဖြစ်သည်။

Show More

Related Articles

Back to top button