သတင်း

လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ အစိုးရဌာနများ ရုံးစိုက်ရာ ခရိုင်အဆင့်မြို့ကို တော်လှန်ရေးအဖွဲ့များ ပထမဆုံးအကြိမ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များက လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၆) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်လိုက်သည်ဟု သိရသည်။

တောတောင်များ ဝန်းရံနေပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်ရှိ ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းကတည်းက အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ နောက်ဆုံးခုခံနေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းမှ စစ်သားများ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံခဲ့သည့်အတွက် တော်လှန်ရေးအင်အားစုများ၏ မြို့သိမ်းတိုက်ပွဲ အပြီးသတ်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်စွဲရာ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့ကာ ခရိုင်အဆင့်ရှိမြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ကောလင်းမြို့တိုက်ပွဲကို PDF နှင့် မဟာမိတ်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ အသေးစိတ် မသိရပေ။ မြို့ကို မည်သို့ ဆက်လက်ထိန်းချုပ်ထားမည်ကို NUG ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

“ပထမဆုံးသောမြို့သိမ်းတိုက်ပွဲမှာ ခရိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒီကောလင်းမြို့သိမ်းတိုက်ပွဲနဲ့ ဆက်စပ်ပြီး ကျန်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲသွားဖို့ရှိတယ်” ဟု ဦးမောင်မောင်ဆွေက ပြောသည်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တပ်ရင်း ၁ မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း “အခုကတော့ ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျ(သေ)တာ ရှိတယ်။ (စစ်ကောင်စီ) လေယာဉ်ကြောင့် ဒေသခံတွေ သေတာတွေလည်း ရှိတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ဦးမယ်”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀ ကျော် သေသည်၊ ဖမ်းဆီးရမိသူများရှိသည်၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးဒဏ်ရာရသည်၊ တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု စုံစမ်းသိရှိရသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။

NUG ၏ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ အမျိုးသားတစ်ဦးက “ ဒီနေ့မှ တစ်မြို့လုံး သိမ်းနိုင်တာ၊ ..(စစ်သား)တွေ ထွက်ပြေးသွားလို့၊ ..(စစ်သား) ခြောက်ယောက် အလံဖြူပြပြီး ဝင် (လက်နက်ချ) လာတယ်” ဟု ပြောသည်။

ကောလင်းမြို့တွင်းတိုက်ပွဲ သုံးရက်မြောက်နေ့ (နိုဝင်ဘာ ၅) မွန်းလွဲပိုင်းတွင် မြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ကာ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများ၊ ချုပ်နှောင်ခံထားရသူများကို ကယ်တင်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အသေးစိတ်အချက်အလက်များကို ဆက်လက် အတည်ပြုနေသည်။

တော်လှန်ရေးအဖွဲ့များ မြို့တွင်းတိုက်ပွဲဆင်နွှဲနေချိန်တွင် စစ်ကောင်စီက နေ့စဉ်ရက်ဆက် လေကြောင်းမှ တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်မှုများရှိသဖြင့် မြို့မှ ထွက်ပြေးလိုသည့် ဒေသခံများကို ဘေးလွတ်ရာ ပို့ပေးရသည့် ဖြစ်စဉ်များလည်းရှိကြောင်း အထက်ပါ ကောလင်း PDF တပ်ဖွဲ့ဝင်က ပြောသည်။

NUG ကာကွယ်ရေး ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက “လေကြောင်းပစ်ကူပေးတာက စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အဆင့်လောက်ပဲ ရှိတော့တယ်။ စစ်ရေးအခြေအနေကို ပြောင်းလဲနိုင်တဲ့ အဆင့်မရှိတော့ဘူး” ဟု ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်အရ လူဦးရေ ၁၅၀၀၀၀ နီးပါးရှိ ကောလင်းမြို့မှ ဒေသခံတချို့ ကိုယ့်အိုးကိုယ့်အိမ်တွင်သာ ခိုလှုံနေထိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။ မြို့ခံမည်မျှ စွန့်ခွာထွက်ပြေးခဲ့သည်၊ မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်တို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီထံမှ သိမ်းဆည်းရရှိသည့် လက်နက်များကို ခင်ကျင်းပြသထားစဉ်။ ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ

တိုက်ပွဲအတွင်း ကောလင်းမြို့မှ ထွက်ပြေးလာသည့် မိသားစုတစ်စုမှ အမျိုးသားတစ်ဦးက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ နိုဝင်ဘာ ၃ ရက်တွင် ၄ ကြိမ်၊ နောက်ရက်များတွင် ၇ ကြိမ်၊ ၁၀ ကြိမ်အထိ အနည်းဆုံးရှိခဲ့ကြောင်း ပြောသည်။

“မြို့ထဲမှာလဲ လူသိပ်မကျန်တော့ဘူး။ ရှိတော့ရှိသေးတယ်။ လုံးဝမထွက်တော့ဘူးဆိုပြီး နေတဲ့သူတွေ။ များသောအားဖြင့် ဘုန်းကြီးကျောင်းတွေမှာ ကျန်သေးတယ်။ ..(ပြေးတဲ့သူတွေက)

အသက်စွန့်ပြီး ပြေးရတာ။ သေလူလို့ သတ်မှတ်ပြီး ထွက်မှပဲ မဟုတ်ရင်တော့ ပိတ်မိပြီး သေရင်လဲ သေနိုင်တယ်ဆိုပြီးလေ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံး ကောလင်းမြို့ကို စစ်ကောင်စီက လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတို့ ဖြတ်တောက်ထားခဲ့သည်။ ကောလင်းမြို့အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက ယနေ့ နံနက်ပိုင်းအထိ နှုတ်ဆိတ်နေဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းကာ ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ ၁၀၂၇ အမည်ဖြင့် စစ်ဆင်ရေးဆင်နွှဲခဲ့ရာ ၁၀ ရက်ဝန်းကျင်အတွင်း စစ်ကောင်စီထိန်းချုပ် မြို့ ၄ မြို့နှင့် စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုစစ်ဆင်ရေးနှင့် တစ်ပြိုင်နက် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင်လည်း တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေကြသည်။

၂၀၂၃ အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၆ ရက်အတွင်း တော်လှန်ရေးအဖွဲ့ သိမ်းပိုက်ရရှိသည့်မြို့များ။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် တပ်ကို စွန့်ခွာခဲ့သည့် စစ်မှုထမ်းသက် ၂၀ ရှိ ဗိုလ်ကြီးဇင်ယော်က တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားနိုင်စွမ်းအပေါ် ကျေနပ်အားရကြောင်း ပြောသည်။

“(နိုင်ငံအလယ်ပိုင်းမှာ) ကောလင်းကတော့ ပထမဆုံးခြေလှမ်းပေါ့။ ရှမ်းမြောက်ကနေ ဖော်ဆောင်တဲ့ ခြေလှမ်းက နွေဦးတော်လှန်ရေးကို တော်လေးအကျိုးပြုတယ်။ ..(စစ်ကောင်စီက) ရှမ်းမြောက်မှာ ခံစစ်ကို အလူးအလဲ ပြင်ရတဲ့ အချိန်မှာ စစ်သ‌ဘောအတိုင်း ကျန်တဲ့နေရာတွေ လစ်ဟာလာတာ။ ရှမ်းမြောက်ရဲ့ ကြိုတင်ပြင်ဆင်တဲ့ တိုက်စစ်က စစ်ကိုင်းထဲကို အရှိန်အဟုန်နဲ့ ဝင်လာတာ”။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ အရှိန်အဟုန်ကောင်းစွာဖြင့် တော်လှန်နေကြသည်။

နိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှ တောင်ပိုင်းစွန်း တနင်္သာရီတိုင်းအထိ စစ်ကောင်စီထိန်းချုပ် ဧရိယာများ တဖြည်းဖြည်း ယုတ်လျော့လာနေသည်။ ထိုသို့ စစ်မျက်နှာများစွာ ဖွင့်ထားရချိန်တွင် မြေပြင်တပ်များ အထိနာနေသည့် စစ်ကောင်စီက လေကြောင်းကိုသာ အားပြုတုံ့ပြန်နေရာ အရပ်သားထိခိုက်သေဆုံးသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button