အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကောလင်းမြို့အနီးမှ စစ်စခန်းကို တော်လှန်ရေးအင်အားစု ထိုးစစ်ဆင်

စစ်ကောင်စီတပ် ပြန်ရသွားသော ကောလင်းမြို့၏ အရှေ့ဘက် သစ်ဖုလတောင်စခန်း တိုက်ခိုက်ခံနေရ​ပြီး တိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းတွင် မော်တော်ယာဉ် ရာနှင့်ချီ ပိတ်မိနေသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနီးရှိ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ရွှေဘို-မြစ်ကြီးနားလမ်းဘေးမှ ထိုစခန်းသည် ဖေဖော်ဝါရီ ၁၀ တွင် တော်လှန်ရေးမဟာမိတ်တပ်များ၏လက်ထဲမှ စစ်တပ်ကပြန်သိမ်းခဲ့သည့် ကောလင်းမြို့၏ အရှေ့ဘက် ၁၃ မိုင်အကွာတွင် တည်ရှိသည်။

မဟာမိတ်များက ၃ လကြာ ထိန်းချုပ်ခဲ့သည့် ကောလင်းမှ ဆုတ်ခွာသွားရာ စစ်တပ်က လူနေရပ်ကွက်များကို မီးတင်ရှို့ရာ မြို့၏ ၈၀ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီကမူ ကောလင်းမြို့တွင်း မီးရှို့ခြင်း၊ လုယက်ခြင်းများကို ကျူးလွန်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ဖူးသည်။

စစ်တပ်က ယမန်နေ့ ညနေပိုင်းက သစ်ဖုလတောင်စစ်စခန်းအနီးမှ ကျောက်တန်းကျေးရွာထဲသို့ တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိသည်ဟု ကောလင်းမြို့နယ် ပကဖနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“ညနေ ၄ နာရီလောက်ကနေ ည ၇နာရီထိ ပစ်တယ်၊ ဗုံးသီးတွေရော စက်သေနတ်တွေရာ ပစ်တာလို့ သိရတယ်… ဟောင်ဝစ်ဇာ ၁၀ ချက်ထိ ပစ်တယ်..နေအိမ်ခြောက်လုံးကတော့ ပြာကျသွားတယ်” ဟု သူက ဆိုသည်။

ကျောက်တန်းရွာကပ်လျက်ရှိ သစ်ဖုလတောင်တွင် စစ်ကောင်စီက လွန်ခဲ့သည့် ၂ နှစ်ကျော်က စပြီး အထိုင်စခန်းဆောက်လုပ်ကာ အင်အားအများအပြား တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲငါးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ရှိခဲ့ပြီး ဝန်းသိုမြို့နှင့် ကန့်ဘလူမြို့နယ် ကို့တောင်ဘို့ အထိုင်စခန်းများမှလည်း စစ်ကူများ ထွက်လာနေကြောင်း ကောလင်းခရိုင်ပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

သစ်ဖုလတောင်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ရွှေဘို-မြစ်ကြီးနားလမ်းတွင် မော်တော်ယာဉ် ရာနှင့်ချီ ပိတ်မိနေကြောင်း ထီးချိုင့်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေ တော်တော်ဖြစ်နေတယ်၊ ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေ တော်တော်လေးကို ပိတ်မိနေတယ်၊ တော်တော်ကို များတယ်၊ အင်းတော်ဘက်ထိ အတန်းလိုက်ကြီးဖြစ်နေတာ၊ လေးရက်လောက်တောင် ရှိပြီ” ဟု သူက ဆိုသည်။

စစ်ကောင်စီက ကောလင်းမြို့ကို ထိန်းချုပ်ထားသော်လည်း အနီးပတ်ဝန်းကျင်ရှိ ပင်လည်ဘူးမြို့၊ ရွှေဘို- မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းကို ကောလင်းခရိုင် PDFတပ်ရင်းများက အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button