သတင်း

စစ်တပ်ပြန်သိမ်းထားသည့် ကောလင်းတွင် တိုက်ပွဲဆက်ဖြစ်၊ အိမ်များ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် တိုက်ပွဲများဖြစ်နေသလို မြို့အရှေ့ခြမ်းရှိ စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားရာဂဏန်းဖြင့် တစ်ရွာဝင် တစ်ရွာထွက် စီးနင်းမီးရှို့နေသည်။

စစ်ကောင်စီက ပြန်သိမ်းထားသော စစ်ကိုင်းတိုင်း ကောလင်းမြို့အနီးတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက် သေဆုံးမှု များပြားကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ရွှေဘို-မြစ်ကြီးနားလမ်းအနီးရှိ သစ်ဖုလတောင် စစ်တပ်စခန်းအနီးတွင်လည်း တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ကောလင်းမြို့၏ အရှေ့ဘက် ၁၃ မိုင်အကွာရှိ ထိုစခန်းမှ စစ်သား ၁၂၀ ခန့်က စစ်ကြောင်းထိုးလာသဖြင့် မတ် ၂ ရက်မှစ၍ ကပ်လျက်ရွာဖြစ်သော ခံသာကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကောလင်းခရိုင်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၄ ရက်နေ့ နံနက်တွင် ထိုစစ်ကြောင်းက ရွာမြောက်ဘက်သို့ ပြန်ထွက်သွားသဖြင့် ခံသာကျေးရွာအတွင်း ဒေသ ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ရှင်းလင်းစဉ် စစ်သားအလောင်း ၃ လောင်း၊ မောင်းပြန်သေနတ်တစ်လက်၊ ငါးကြင်းမြီးစက်သေနတ် တစ်လက်၊ ကင်းထောက်ဒရုန်း ၁ စီးနှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိသည်ဟု သိရသည်။

ကာကွယ်ရေးအဖွဲ့ဝင်တချို့လည်း သေဆုံးကြောင်းသိရပြီး အခြေအနေအသေးစိတ် မသိရသေးပေ။

သုံးရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လေတပ်က ဗုံးကြဲခဲ့သလို ခံသာကျေးရွာမှ နေအိမ် အလုံး၂၀ နှင့် အထက်တန်းကျောင်းမှ စာသင်ဆောင်နှစ်ဆောင် ပျက်စီးခဲ့ကြောင်း၊ စစ်သားများမီးရှို့သဖြင့် နေအိမ် ၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုကြသည်။

ယနေ့ နံနက်တွင် ခံသာကျေးရွာမြောက်ဘက် နှစ်မိုင်အကွာရှိ ညောင်ပင်သာရွာတွင် အဆိုပါ စစ်ကြောင်း ရောက်ရှိနေကာ နေအိမ်များကို မီးတင်ရှို့နေကြောင်း ကောလင်းခရိုင် PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတာပဲ။ သစ်ဖုလ (စစ်တပ်စခန်း) ပတ်ပတ်လည် ရွာတွေ ပတ်မီးရှို့နေတာ ဆိုတော့ တိုက်ပွဲတွေကတော့ ရှိနေဦးမှာ” ဟု သူက ဆိုသည်။

သစ်ဖုလတောင် စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းယူရန် တိုက်ခိုက်ခဲ့ သော်လည်း စစ်ကူများ ရောက်ရှိလာသဖြင့် မအောင်မြင်ခဲ့ပေ။

ထိုမြို့ရှိ ကျေးရွာများ မီးလောင်သွားခြင်းမှာ တော်လှန်ရေးအဖွဲ့များကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက မတ်လ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မတ်လ ၄ ရက်နေ့ ည ၈နာရီခန့်မှ စတင်ပြီး ကန့်ဘလူရိုင်နှင့် ကောလင်းခရိုင် PDF တပ်ရင်းများက ကောလင်းမြို့အစွန်ရပ်ကွက်များဖြစ်သည့် မင်းတဲကြီး၊ မင်းဂျမ်း၊ စိုင်ဒူးနှင့် ဆေးမင်းခုံ ရပ်ကွက်များအတွင်း တိုက်ခိုက်ခဲ့သလို မြို့မြောက်ဘက် သုံးမိုင်အကွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အောင်ချမ်းသာရွာကိုလည်း တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကောလင်းမြို့ပေါ်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးပေ။

PDF များနှင့် မဟာမိတ်အဖွဲ့များ ၃ လကြာ ထိန်းချုပ်သိမ်းပိုက်ခဲ့သည့် ခရိုင်အဆင့် ကောလင်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့ပြီးနောက် လူနေရပ်ကွက်များကို မီးတင်ရှို့ရာ မြို့၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားပြီဖြစ်သည်။

ကောလင်းမြို့နယ်တွင်းတိုက်ပွဲများကြောင့် မြို့ပေါ်မှ ဒေသခံများနှင့် သစ်ဖုလတောင်ပတ်ဝန်းကျင် ဒေသခံ စုစုပေါင်း သုံးသောင်းခန့်ထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြာင်း ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button