သတင်း

NUG ၃ လကျော်သိမ်းထားသည့် ကောလင်းမြို့ကို စစ်တပ်ပြန်ရ၊ မြို့မီးလောင်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များနှင့် မဟာမိတ်များသိမ်းပိုက်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီဘက်က နှစ်ပတ်နီးပါးကြာ ထိုးစစ်ဆင်ခဲ့ပြီး မြို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ်လေးဦးထံမှ သိရသည်။

စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်နှင့် မဟာမိတ်များသိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့ကို နှစ်ပတ်နီးပါးကြာ ထိုးစစ်ဆင်ခဲ့ပြီး မြို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ် ၄ ခု ထံမှ သိရသည်။

မြို့တွင်းတိုက်ပွဲများ ပြင်းထန်ခဲ့ကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပူးပေါင်းအဖွဲ့ အလုံးစုံနောက်ဆုတ်ပေးခဲ့ရသည်ဟု NUG အမှတ် (၁) စစ်ဒေသရုံးနှင့် နီးစပ်သူတစ်ဦးက ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် ပြောသည်။

“ကောလင်းကတော့ လုံးဝကျသွားပြီ၊  (စစ်သားတွေက) မြို့ထဲက ဆန်စက်တွေရပ်ကွက်တွေကို မီးရှို့ နေတယ်။ (ကာကွယ်ရေးအဖွဲ့တွေကတော့) မြို့နဲ့ မလှမ်းမကမ်း နေရာတွေမှာပဲ ရှိတော့တာ၊ မြို့တွင်းတိုက်ပွဲတွေကတော့ ပြီးသွားပြီ” ဟု သူက ဆိုသည်။

ကောလင်းနှင့် ကန့်ဘလူဒေသခံ တော်လှန်ရေးခေါင်းဆောင်များကလည်း ကောလင်းမြို့ စစ်ကောင်စီ လက်အောက် ပြန်ရောက်သွားသည်ကို အတည်ပြုပြီး တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့ဟု ဆိုသည်။

“အကုန်တော့ ပေးလိုက်ရပြီ၊ ခဏ နောက်ဆုတ်ပေးလိုက်ရတာ။ လောလောဆယ်တော့ တိုက်ပွဲတွေ ငြိမ်နေသေးတယ်” ဟု ကန့်ဘလူခရိုင်မှ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်မှ တောတောင်များ ဝန်းရံနေသည့် ကောလင်းမြို့သည် စစ်ကောင်စီလက်ထဲမှ NUG နှင့် မဟာမိတ်တို့ သိမ်းပိုက်နိုင်ခဲ့သည့် ပထမဆုံးသော ခရိုင်အဆင့်မြို့ဖြစ်သည်။

ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်

ကောလင်းမြို့ကို စစ်ကောင်စီသိမ်းယူပြီးနောက် မြို့ကို မီးတင်ရှို့နေကြောင်း ကောလင်းခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၁၃ တွင် မြို့တွင်းရပ်ကွက်တချို့ မီးရှို့ခံရကြောင်း အွန်လိုင်းသတင်းဌာနများက သတင်းထုတ်ပြန်ကြရာ စစ်ကောင်စီကလည်း ကောလင်း မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တို့၏လက်ချက်သာဖြစ်သည်ဟု နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။

အရပ်သားများကို သတ်ဖြတ်မှု၊ ရပ်ရွာမီးရှို့မှု ဖြစ်စဉ်အများအပြားကို စစ်ကောင်စီက ထိုသို့ ကမန်းကတန်း တုံ့ပြန်လေ့ရှိသည်။

ကောလင်းမြို့မကျရန် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်းက အမှတ် ၁ စစ်ဒေသ စစ်ဒေသမှူးအဖြစ် ဦးဆောင်ပြီး KIA, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF), ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ဒေသတွင်းမှ လက်နက်ကိုင်တော်လှန်ရေးတပ်များ ပူးပေါင်းခုခံခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ထိုးစစ်တွင် အင်အား ၈၀၀ မှ ၁,၀၀၀ ကြားထိ ပါဝင်သည်၊ စစ်သားများအပြင် ဒေသခံများကို စုဖွဲ့ထားသည် ပျူစောထီး ခေါ် ပြည်သူ့စစ်များဖြင့် အားဖြည့်ထားသည်ဟု သိရသည်။

ထိုးစစ်မှာ ကောလင်း၏မြောက်ဘက်ရှိ ဝန်းသိုမြို့၊ တောင်ဘက်ရှိ ကန့်ဘလူမြို့တို့ဘက်မှ လာသည်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကနဦးတွင် မဟာမိတ်အဖွဲ့ ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အထိနာခဲ့ကြောင်း အထက်ပါ အမှတ် (၁) စစ်ဒေသရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပွဲစစချင်းတုန်းက ဖြတ်တိုက်တာတွေက ကျွန်တော်တို့အောင်နိုင်မှုတွေရှိတယ်။ စစ်သား ၁၀၀ လောက်အထိ သေတယ်” ဟု ထိုသူက ဆိုသည်။

“တကယ်သိမ်းတဲ့နေ့ကတော့ ကောလင်းမြို့ မြောက်ခြမ်း၊ အနောက်ခြမ်း၊ တောင်ခြမ်းကနေ သုံးဖက်ကနေ ပစ်အားနဲ့ အတင်းဝင်လုံးတာ၊ နောက်ပိုင်းမှာတော့ ကျွန်တော်တို့လည်း ထိတယ်”

ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက လေးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ခဲ့သည်။

ကောလင်းမြို့ကို သိမ်းယူရရှိစဉ် ဘဏ် ၅ ခုမှ ကျပ်ငွေ ၄၄ ဘီလီယံကျော်ကို ထိန်းသိမ်းထားသည်ဟု NUG က နိုဝင်ဘာလကုန်တွင် ထုတ်ပြန်ထားသည်။

ထို့နောက် သုံးလနီးပါးအကြာတွင် စစ်ကောင်စီက မြို့ကို ပြန်လည်သိမ်းယူနိုင်ရေး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ကောလင်း နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီ၊ NUG အစိုးရတို့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ရွှေပြည်အေး၊ မော်လူး၊ ခမ်းပါတ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းနိုင်ခဲ့သည်။ 

ယခုအခါ စစ်တပ်က ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေပြည်အေးမြို့ကို ပြန်ရရန် ကြိုးပမ်းနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button