သတင်း

စစ်ကိုင်းတိုင်း ကောလင်းနှင့် ကန့်ဘလူတွင် တိုက်ပွဲဆက်ပြင်းထန်နေ

NUG သိမ်းထားသည့် ကောလင်းမြို့ကို စစ်တပ်က တန်ပြန်ထိုးစစ် ၇ ရက်မြောက် ဆက်ထိုးနေပြီး နယ်မြေချင်း ထိစပ်နေသည့် ကန့်ဘလူမြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။

စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ရောက်နေသည့် ကောလင်းမြို့ကို ပြန်သိမ်းရန် စစ်တပ်က တန်ပြန်ထိုးစစ် ၇ ရက်မြောက် ဆက်ထိုးနေပြီး နယ်မြေချင်း ထိစပ်နေသည့် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစခန်းတိုက်ခိုက်ခံရကာ တိုက်ပွဲများပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ကောလင်းမြို့တိုက်ပွဲ ၆ ရက်မြောက်နေ့တွင် မြို့တွင်း ထိုးဖောက်လာသည့် စစ်ကာင်စီတပ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၈) ညပိုင်းက မြို့အနောက်ဘက်ရှိ မင်းချမ်းရပ်ကွက်၊ တဲကြီးကုန်းရပ်ကွက်တို့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းယူနိင်ခဲ့ကြောင်း ကောလင်းခရိုင်တပ် ရင်း ၂ တာဝန်ရှိသူတစ်ဦးက ဓာတ်ပုံများနှင့်တကွ သူ၏အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့ပြင် မြို့မြောက်ဘက်ခြမ်းမှ ဝင်ရောက်လာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ မြို့မြောက်ဘက်ကပ်လျက်ရှိ စိုင်းဒူးရွာနှင့် ကျွန်းလှခုံရွာများသို့ ပြန်ဆုတ်သွားသည်ဟု သိရသည်။

ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) မနက်ပိုင်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။

“(စစ်တပ်က) ဆုတ်တော့ဆုတ်ပေမဲ့ လုံးဝကြီး နောက်ကြောင်းပြန်လှည့်တာ ဟုတ်မယ်မထင်ဘူး၊ စောင့်ကြည့်နေဆဲပါဗျ၊ အခုအချိန်အထိ ထိန်းချုပ်ထားပါတယ်။ ဝန်းသိုဘက်ကလည်း လက်နက်ကြီး ‌ပစ်ကူပေးနေတယ်၊ လက်ရှိအနေအထားတော့ ထိတွေ့မှု ဖြစ်နေတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီက ကောလင်းမြို့ကို တိုက်ခိုက်ရန် ကန့်ဘလူမြို့မြောက်ဘက် မိုင် ၄၀ ခန့် အကွာရှိ ကိုးတောင်ဘို့ရွာ စစ်တပ်အထိုင်စခန်းနှင့် ဝန်းသိုမြို့သို့ ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် စစ်ကူစေလွှတ်နေသည်ဟုလည်း သိရသည်။

မြို့တောင်ဘက်မှ အင်အား ၅၀၀ ခန့်၊ မြောက်ဘက်မှ ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

စစ်သားအင်အား အများအပြားဖြည့်ထားသည့် ကိုးတောင်ဘို့စခန်း ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲရှိနေသည်။

PDF တပ်ရင်းများက ကိုးတောင်ဘို့ရွာတောင်ဘက် ၁၂ မိုင်အကွာရှိ ချပ်သင်းရွာ စစ်တပ်အထိုင်စခန်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းမှစတင်ကာ ဝင်ရောက်တိုက်ခိုက်သည်၊ တိုက်ပွဲပြင်းထန်သဖြင့် နှစ်ဖက်ထိခိုက်မှုရှိသည်ဟု သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီး ၅၀ ခန့်ရှိသည့် ထိုစခန်းကို တိုက်ခိုက်စဉ် လေတပ်က နှစ်ရက်အတွင်း ၇ ကြိမ်အထိ တိုက်ခိုက်သည်၊ မြေပြင်စခန်းများကလည်း ဟောင်ဝစ်ဇာအမြောက်များဖြင့်လည်း ပစ်ခတ်သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နှစ်ရက်ဆက်တိုက်ဖြစ်တာ။ ဟောင်ဝစ်ဇာရော၊ ဂျက်ဖိုက်တာတွေ နေ့တိုင်း လာပစ်တာဆိုတော့ မသိမ်းနိုင်ခဲ့ဘူး” ဟု သူက ပြောသည်။

ယမန်နေ့က ချပ်သင်းကျေးရွာအနီး တိုက်ခိုက်ရေးရဟတ်ယာဉ်ကို စက်သေနတ်ကြီးဖြင့် ပတ်ခတ်ခဲ့သဖြင့် ထိခိုက်မှုရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“အောက်ကနေ ပစ်လိုက်တာ၊ မီးခိုးထွက်သွားတယ်၊ လမ်းမှာ ဝိတ်ချတာလား မသိဘူး၊ သူ့အပေါ်က ပစ်လို့ရတာတွေ အကုန်ပစ်ချသွားတာ” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်လများအတွင်း အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်ခဲ့သည့် စစ်ပွဲများတွင် အရေအတွက် ထောင်နှင့်ချီ လက်နက်ချခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့အချို့ လက်လွှတ်ရကာ ရှုံးနိမ့်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှ NUG သိမ်းပိုက်ထားသည့် ခမ်းပတ်၊ ရွှေပြည်အေးမြို့တို့ကို ပြန်လည်သိမ်းယူနိုင်ရေး စစ်ကောင်စီက တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းစစ်မြေပြင်တွင် အကြီးအကျယ် အရှုံးပြနေစဉ် တရုတ်၏ ဖိအားကြောင့် နှစ်ဖက် အပစ်ရပ်ရန် သဘောတူညီနိုင်ခဲ့သဖြင့် စစ်ကောင်စီတပ် များစွာ အသက်ရှူချောင်သွားသည်။

သို့သော်လည်း မြို့တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသော ရခိုင်စစ်မြေပြင်သို့ စစ်ကူမပို့နိုင်သေးဘဲ NUG ထိန်းချုပ်မြို့ ပြန်ရရန် အားထုတ်နေသည်။

Show More

Related Articles

Back to top button