
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းယူထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ငါးကြောင်းဖြင့် ထိုးစစ်ဆင်နေရာ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေသည်ဟု ကောလင်းခရိုင်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
မြို့တောင်ဘက်တွင် အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသုံးကြောင်း၊ မြောက်ဘက်တွင် စစ်သား ၃၀၀ ခန့်ပါ နှစ်ကြောင်း စုစုပေါင်းအင်အား ၈၀၀ ကျော်သည် မြို့နှင့် တစ်မိုင်ခွဲ ပတ်ဝန်းကျင်ကို ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပါဝင်သည့် ပူးပေါင်းတပ်များနှင့် ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ စစ်ကောင်စီအထိုင်စခန်းမှ လက်နက်ကိုင် ၅၀၀ ကျော်သည် မြို့တောင်ဘက်ခြမ်းမှ ဝင် ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ တပ်ရင်းမှ စစ်သား ၃၀၀ ကျော်က မြို့မြောက်ဘက်မှ ထိုးဖောက်နေခြင်း ဖြစ်သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၆)တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများကြောင်း၊ စစ်ကောင်စီဘက်မှ လေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG လက်အောက်ခံ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့က မနက်ခင်းမှစပြီး တိုက်ပွဲပြင်းထန်၊ လေကြောင်းနဲ့တိုက်ခိုက်မှု နှစ်ကြိမ်လာရောက် ဗုံးကြဲ၊ စစ်ကြောင်း ငါးကြောင်းထိုးနေတယ်။ ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်နေပါတယ်” ဟု သူက ယနေ့ မွန်းတည့်ချိန်တွင် ပြောသည်။
ယမန်နေ့ တစ်ရက်အတွင်း ကောလင်းမြို့တောင်ဘက် တစ်မိုင်ခွဲအကွာ ဇီးခုံကျေးရွာအနီး အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနှင့်လည်းကောင်း၊ မြို့အနောက်တောင်ဘက် တစ်မိုင်ခွဲအကွာ ညောင်ပင်သာနှင့် ကျောက်ကာရွာအကြား အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြင့်လည်းကောင်း တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။
ကိုးတောင်ဘို့စစ်တပ်စခန်းမှ လာသော စစ်သားများအနက်မှ ၁၅၀ ခန့်သည် ကောလင်းမြို့တောင်ဘက် ၄ မိုင်ခွဲအကွာ ဝါးရုံခုံရွာအနီး ရောက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲများဖြစ်သောနေရာများအနီးမှ ဇီးခုံ၊ ဆီဆုံ၊ ဂုဏ်ညှင်းလျှို၊ ဝါးရုံခုံရွာတို့ကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ကြောင်း PDF ဘက်က ပြောသည်။
နိုင်ငံအနှံ့ ရပ်ကွက်၊ ကျေးရွာ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။
ကောလင်းမြောက်ခြမ်းအခြေအနေ
ကောလင်းမြို့နယ်မြောက်ခြမ်းကို စီးနင်းနေသည့် အင်အား ၃၀၀ နီးပါးရှိ စစ်ကြောင်းများသည် ယမန်နေ့ ညနေတွင် ကောလင်းမြို့မြောက်ဘက် ၁ မိုင်ခွဲအကွာရှိ အင်ပုတ်ကုန်းရွာအတွင်း စုစည်းလိုက်ကြပြီး မြို့ကို ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ဒေသသတင်းရင်းမြစ်များကို ကိုးကား၍ ကာကွယ်ရေးအဖွဲ့များဘက်က ပြောသည်။

ယခုရက်ပိုင်း ပြင်းထန်နေသည့်တိုက်ပွဲများအတွင်း စစ်သား ၈၀ ကျော် သေဆုံးခဲ့သော်လည်း နောက်မဆုတ်ဘဲ မြို့အနီး ချဉ်းကပ်လာကြောင်း ကန့်ဘလူမြို့နယ်မှ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
“မြို့ကို နည်းနည်း ကပ်လာတဲ့ အနေအထားတော့ရှိတယ်၊ ကိုယ့်လူတွေလည်း တတ်နိုင်သလောက် ခုခံနေတယ်။ မနေ့ကတော့ မြို့နှုတ်ခမ်းတွေကို ဗုံးကြဲချတာ။ အခုလည်း ပစ်သံတွေ ကြားနေရတာပဲ” ဟု ယနေ့ မွန်းတည့်အချိန်တွင် ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးသည်ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယမန်နှစ် နိုဝင်ဘာလဆန်းကလည်း ကောလင်းမြို့ကို တိုက်ခိုက်ရန် လာသည့် အင်အား ၂၅၀ ခန့်ပါ ပြည်သူ့စစ်နှင့် စစ်သားများပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်သဖြင့် ၈၁ ဦး သေဆုံးကာ PDF ဘက်မှ လက်နက်ကြီးလက်နက်ငယ် အများအပြားသိမ်းယူနိုင်ခဲ့ဖူးသည်။
ထိုစဉ်က သေဆုံးခဲ့သော ပြည့်သူ့စစ်များမှာ ကန့်ဘလူပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသ၏ လက်အောက်မှ ဖြစ်ပြီး လယ်ကန်သင်းစပ်အနီး အများအပြား သေဆုံးနေကြသည့် ရုပ်သံဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီသည် ထိုဒေသတွင် အင်အား ပြန်စုစည်းခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်သား အင်အား ၅၀၀ ကျော်ကို ကန်ဘလူမြို့သို့ ပို့ဆောင်ခဲ့သည်၊ ထိုဒေသတွင် ဒေသအခြေစိုက်တပ်များ၊ ပြည့်သူ့စစ် ခေါ် ပျူစောထီးများ ရှိပြီးဖြစ်သည်။
ထို့နောက် အဆိုပါ ပျူ၊ စစ်သားအင်အားများကို ဇန်နဝါရီလကုန်ခန့်တွင် ကန့်ဘလူမြို့မြောက်ဘက် မိုင် ၄၀ ခန့် အကွာရှိ ကိုးတောင်ဘို့ရွာ စစ်တပ်အထိုင်စခန်းနှင့် ဝန်းသိုမြို့သို့ ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီးနောက် ကောလင်းမြို့သိမ်းနိုင်ရေးအတွက် မြို့မြောက်ဘက်နှင့် တောင်ဘက်မှ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များက လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့က သိမ်းယူခဲ့ခြင်းဖြစ်ပြီး NUG အစိုးရ၏ အုပ်ချုပ်ရေးဖြင့် လည်ပတ်နေသည့်မြို့ဖြစ်သည်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းမှ ခမ်းပတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့ကို NUG လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။
အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်ခဲ့သည့် စစ်ပွဲများတွင် အရေအတွက် ထောင်နှင့်ချီ လက်နက်ချခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့ပေါင်းများစွာ လက်လွှတ်ရကာ ရှုံးနိမ့်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှ NUG သိမ်းပိုက်ထားသည့် မြို့များကို တိုက်ခိုက်ရယူရန် အရှိန်မြှင့်လာသည်။
စစ်ကောင်စီထောက်ခံသူများကလည်း ကောလင်းမြို့ကို သိမ်းယူရန် အွန်လိုင်းတွင် လှုံ့ဆော်နေကြသည်။
ခမ်းပတ်၊ ရွှေပြည်အေးမြို့တို့ကို ပြန်လည်သိမ်းယူနိုင်ရေး စစ်ကောင်စီက တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းစစ်မြေပြင်တွင် အကြီးအကျယ် အရှုံးပြနေစဉ် တရုတ်၏ ဖိအားကြောင့် နှစ်ဖက် အပစ်ရပ်ရန် သဘောတူညီနိုင်ခဲ့သဖြင့် စစ်ကောင်စီတပ် များစွာ အသက်ရှူချောင်သွားသည်။
သို့သော်လည်း မြို့တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသော ရခိုင်စစ်မြေပြင်သို့ စစ်ကူမပို့နိုင်သေးဘဲ NUG ထိန်းချုပ်မြို့ ပြန်ရရေး အားစိုက်ထုတ်နေခြင်း ဖြစ်သည်။