သတင်း

ကောလင်းမြို့ဧရိယာထက်ဝက်ကျော် စစ်ကောင်စီလက်ထဲပြန်ရောက်

အမြဲတမ်းစစ်သားနှင့် ပျူစောထီး (ပြည်သူ့စစ်) ၈၀၀ မှ ၁၀၀၀ ကြားပါဝင်သည့် စစ်တပ်သည် ကောလင်းကို ထိုးစစ်ဆင်နေရာ မြို့ဧရိယာတဝက်ကျော်ကို ပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၆ ရက်နေ့ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်များနှင့် မဟာမိတ်များ သိမ်းပိုက်ခဲ့သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့ဧရိယာထက်ဝက်ကျော်ကို ပြန်လည်သိမ်းယူထားသည်ဟု သိရသည်။

မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ကောလင်းမြို့တွင် ရပ်ကွက် ၈ ခုရှိသည့်အနက် ယနေ့ (ဖေဖော်ဝါရီ ၁၃) နံနက်ပိုင်းအထိ တော်လှန်ရေးအဖွဲ့များက ရပ်ကွက် ၃ ခုနှင့် မြို့ပြင်ဧရိယာများကို ထိန်းချုပ်ထားပြီး ကျန်ဧရိယာများတွင် စစ်တပ်က ဝင်ရောက်နေရာယူထားသည်ဟု သိရသည်။

 “မြို့ပေါ်နေရာအနှံ့အပြားမှာတော့ အပြန်အလှန် တိုက်ပွဲတွေတော့ ထိတွေ့မှုတွေတော့ ဖြစ်နေတယ်”

“တိုက်ပွဲရဲ့ သဘာဝအရ သူတက်လိုက် ကိုယ်ဆုတ်လိုက်၊ ကိုယ့်ဘက်တက်လိုက် သူဆုတ်လိုက် အဲ့လိုမျိုးဖြစ်နေတုန်းပဲ” ဟု အမှတ် ၁ စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်လည်းဖြစ်၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုင်းတာဝန်ခံလည်းဖြစ်သည့် ကိုဩဇာက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်မှ တောတောင်များ ဝန်းရံနေသည့် ကောလင်းမြို့သည် စစ်ကောင်စီလက်ထဲမှ NUG နှင့် မဟာမိတ်တို့ သိမ်းပိုက်နိုင်ခဲ့သည့် ပထမဆုံးသော ခရိုင်အဆင့်မြို့ဖြစ်သည်။

ထိန်းချုပ်မြို့မကျစေရေးအတွက် ခုခံစစ်ပွဲတွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်းက အမှတ် ၁ စစ်ဒေသ စစ်ဒေသမှူးအဖြစ် ဦးဆောင်ပြီး KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ဒေသတွင်းမှ လက်နက်ကိုင်တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေကြသည်။

စစ်ကောင်စီ၏ ထိုးစစ်တွင် အမြဲတမ်းစစ်သားနှင့် ဒေသခံများကို စုဖွဲ့ထားသည် ပျူစောထီး ၈၀၀ မှ ၁၀၀၀ ကြားပါဝင်သည်ဟု တော်လှန်ရေးသမားများက ခန့်မှန်းထားပြီး ယခုလ ၃ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် မြို့မြောက်ဘက်ရှိ ဝန်းသိုဘက်မှ အင်အား ၃၀၀ ခန့် နှင့် မြို့တောင်ဘက်ရှိ ကန့်ဘလူဘက်မှ အင်အား ၅၀၀ ခန့်ပါသည့် စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ကူပေးနေကြောင်းလည်း စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ကိုဩဇာက ပြောသည်။

“ကျွန်တော်တို့ ပြောက်ကျားစစ်နဲ့ ကျွန်တော်တို့က ဖြန့်ခွဲပြီးတော့ ရန်သူ့ရဲ့ အဟုန်ကို ဖြတ်တောက်နေတာ”

သို့သော် လက်ရှိတွင် ဝန်းသိုဘက်မှ လာသည့် စစ်ကြောင်းသာ ကောလင်းမြို့ထဲ ရောက်ရှိနေသည်ဟု အတည်ပြုနိုင်သည်။​

မြို့တွင်းသို့ ဝင်လာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက ပြင်းထန်သည့် တိုက်ပွဲများဖြင့် ခုခံနေသည့်တိုင် တစ်မြို့လုံးကို ၎င်းတို့ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။

ကောလင်းဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Kawlin Revolution- KR အဖွဲ့ကလည်း ယနေ့ (ဖေဖော်ဝါရီ ၁၃) ရက် နံနက်ပိုင်းတွင် ကောလင်းမြို့၏ အဓိကကျသည့် နေရာများကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားပြီဟု နံနက် ၈ နာရီဝန်းကျင်တွင် သတင်းထုတ်ပြန်သည်။

ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက လေးရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်ခဲ့သည်။ ထို့နောက် သုံးလနီးပါးအကြာတွင် မြို့ကို ပြန်လည်သိမ်းယူနိုင်ရေး စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ ၄ မြို့အနက် ကောလင်းမြို့ကို စစ်ကြောင်းထိုးနေသည့်တစ်ချိန်တည်းတွင်ပင် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေပြည်အေးမြို့ကိုလည်း ပြန်ရနိုင်ရေး စစ်တပ်က ကြိုးပမ်းနေသည်။

၂၀၂၃ နှစ်ဆန်းက ကောလင်းမြို့ အရှေ့ဘက် တံဇူးတံတားအနီး စစ်ဆေးနေသော ကောလင်းပကဖအဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-Kawlin Revolution)

စစ်တပ်၊ ပြည်သူ့စစ်နှင့် စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ရှမ်းနီတိုင်းရင်းသားများတပ်မတော် SNA တို့မှ အင်အား ရာဂဏန်းနီးပါးပါဝင်သော စစ်ကောင်စီတပ်ဖွဲ့သည် ရွှေပြည်အေးမြို့ တောင်ဘက် ကျေးရွာများမှ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ်တွင် လှုပ်ရှားသည့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ရွှေပြည်အေးမြို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကာကွယ်ရေးအဖွဲ့များက ပထမအကြိမ်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် ၃ ရက်အကြာတွင် ပြန်လည်လက်လွှတ်ခဲ့ရသည်။

ထို့နောက် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုများက ဒုတိယအကြိမ် ထပ်မံသိမ်းပိုက်ခဲ့သည်။

ရွှေပြည်အေးမြို့ကို လက်လွှတ်ပြီး နှစ်လအကြာ ဇန်နဝါရီလကုန်ပိုင်းတွင် စစ်တပ်နှင့် ပူးပေါင်းအဖွဲ့များက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့သော်လည်း ၁၀ ရက်အကြာတွင် ပြန်လည် ဆုတ်ခွာခဲ့ရသည်။

ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရွှေပြည်အေးမြို့ကို စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“ရွှေပြည်အေးမြို့ကလည်း မြို့ရဲ့အနောက်ဘက်ကမ်းဖြစ်တဲ့ တမူးဘက်ခြမ်းကို ဆက်သွယ်ဖို့ရော၊ အရှေ့ဘက်ခြမ်းဖြစ်တဲ့ ပင်လည်ဘူး၊ ဗန်းမောက်တွေထိ ဆက်သွယ်ဖို့ အချက်အချာကျတယ်လို့ ပြောလို့ရတယ်။ ရေလမ်းကြောင်းမှာလည်း အရေးပါတဲ့နေရာမှာရှိနေတဲ့အတွက်ကြောင့် သူတို့ဘက်ကတော့ မရမချင်း ပြန်ထိုးမယ့်အနေအထားမှာရှိတယ်” ဟု ခန္တီးခရိုင်အမှတ် ၂ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ရွှေပြည်အေးမြို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် အမှတ် ၁ စစ်ဒေသ၏ ညွှန်ကြားမှုအောက်မှ ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း HPDF 124 မှ ကိုချာလီကပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့နှင့် မော်လူးမြို့ကိုမူ စစ်ကောင်စီစစ်ကြောင်းမထိုးသေးဘဲ တည်ငြိမ်နေဆဲဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်လျက်ရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက ဒီဇင်ဘာလအတွင်း စစ်ကြောင်းထိုးခဲ့သော်လည်း မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

Show More

Related Articles

Back to top button