သတင်း

ကနီတွင် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်၊ တော်လှန်ရေးအင်အားစု ပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို တော်လှန်ရေးသမားတို့ ထိုးစစ်ဆင်ရာ စစ်တပ်က လေတပ်ကို အားပြု ခုခံရုံသာမက အခြားဒေသမှ စစ်ကူအများအပြားကိုပါ တိုက်ပွဲရှိရာသို့ ပို့ဆောင်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် တိုက်ပွဲ ၁၀ ရက်ကျော် ဖြစ်ခဲ့ပြီးနောက် စစ်တပ်က အင်အားအများအပြား ဖြည့်တင်းလာသဖြင့် တော်လှန်ရေးအင်အားစု မတ် ၁၂ ရက်နေ့တွင် ပြန်ဆုတ်သွားသည်ဟု သိရသည်။

ကနီမြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေစည်းခုံဘုရားကုန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို မတ်လ ၂ ရက်နေ့မှစပြီး တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ကလည်း နေ့စဉ်နီးပါး လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်သည့်အပြင် စစ်ကူအင်အားများထပ်မံဖြည့်တင်းလာသည်ဟု တော်လှန်ရေးခေါင်းဆောင်က ပြောသည်။

“မြို့ကို မရလိုက်ဘူး။ တပ်ဖွဲ့တွေအကုန်လုံး ပြန်ဆုတ်လိုက်ပြီ” ဟု သူက ဆိုသည်။

မြို့သိမ်းနိုင်ရန် ရည်ရွယ်ခဲ့သည့် တိုက်ပွဲအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရဲစခန်းတို့ကို မသိမ်းနိုင်ခဲ့သော်လည်း မြို့တွင်းနေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

“ခဲယမ်းလိုအပ်ချက်ရှိတာကြောင့်မလို့ ပြန်ဆုတ်ပေးလိုက်ရတာပေါ့။ မရ၊ ရအောင်တိုက်မယ်ဆိုရင် ခဲယမ်းက အများကြီးဖြည့်ရဦးမှာပေါ့။ မြို့သိမ်းနိုင်တဲ့အဆင့်တော့ မရလိုက်ဘူး” ဟု အထက်ပါ တော်လှန်ရေးခေါင်းဆောင်က ပြောသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။

စစ်ကောင်စီတပ်ဘက်တွင်လည်း ထိခိုက်သေဆုံးမှု များပြားသည်၊ တချို့ လက်နက်ချကြသည်ဟု တော်လှန်ရေးအင်အားစုက ဆိုသော်လည်း အရေအတွက်အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကနီမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးပြီး ကားဖြင့်သွားပါက တစ်နာရီကျော်သာ ကြာမြင့်သည်။

ချင်းတွင်းမြစ်ကြောင်း ရေနည်းချိန် နွေရာသီမှအပ ကျန်အချိန်များတွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့နယ်များသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာ ပို့ရန် မြစ်ကြောင်းကို စစ်တပ်က ပိုမိုအားပြုလာရာ မြစ်ကမ်းဘေးရှိ ကနီမြို့သည် အချက်အချာကျလာသည်။

ကနီမြို့ပေါ်ရပ်ကွက်များ၊ မြို့အနီးမှ ပြည်သူ့စစ် (ပျူစောထီး) အားကောင်းရာ ရေလယ်ကျွန်းရွာနှင့် ယာကြီး-ကလေးဝလမ်းပေါ်ရှိ တာဝါတိုင် စခန်းကုန်းတို့တွင် စစ်ကောင်စီက တပ်စွဲထားသည်။ ကနီမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းသတင်းများတွင် ကနီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက အင်အားအလုံးရင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မတ် ၂ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုက ကနီမြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး နာရီပိုင်းအကြာ နံနက် ၈ နာရီဝန်းကျင်မှစကာ စစ်တပ်က လေကြောင်းမှ ပြင်းပြင်းထန်ထန် ခုခံသည်။

မုံရွာ၊ ကလေးနှင့် တံတားဦးလေဆိပ်တို့မှ တက်လာသည့် လေယာဉ်များဖြင့် ထိုနေ့ တစ်နေ့တည်းတွင် အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဂျက်ဖိုက်တာ၊ Mi 35 ရဟတ်ယာဉ်၊ Y 12 လေယာဉ် နှင့် Yak 130 တို့ကို အသုံးပြုပြီး နေ့စဉ်နီးပါး ပစ်ခတ်၊ ဗုံးကြဲသည်၊ မြို့ပေါ်ရပ်ကွက်များအနက် ရပ်ကွက် ၂ နှင့် ၃ ဘက်တွင် ထိခိုက်ပျက်စီးမှုများသည်ဟု တော်လှန်ရေးအင်အားစုက ပြောသည်။

“မြို့ထဲမှာတော့ မြို့ပျက်လိုဖြစ်သွားပြီ။ ၅ မိုင်အကွာကတောင်ပဲ အိမ်တွေ၊ သွပ်တွေတောင် တုန်သွားတယ်။ ပေါင် ၅၀၀ လို့ ခန့်မှန်းတယ်။ တချို့ဆို နားတွေလေးတဲ့သူတွေတောင် ရှိတယ်” ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေတပ်က တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်သာမက အနီးအနားကျေးရွာများကိုလည်း တိုက်ခိုက်သည်၊ သက်ကြီးပိုင်းအရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲအစောပိုင်းရက်များတွင် တော်လှန်ရေးအင်အားစုက အသာစီးရထားပြီး မြို့ထဲတွင် နေရာအများစုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

စစ်တပ်က ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်စွဲထားသည့် ရွှေစည်းခုံဘုရားကုန်းကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်လွှတ်ခဲ့ရသည်။

“တကယ့်အခိုင်အမာတွေ ဘန်ကာတွေဆို တကယ့်စပါယ်ရှယ်တွေ၊ လေယာဉ်နဲ့ထုလို့တောင် မပြိုနိုင်တဲ့အနေအထားတွေ။ လုံးဝကို အနီးကပ်တက်လုံးခဲ့ရတာ။ ကတုတ်ကျင်းတွေ၊ တကယ့်ကို အခိုင်အမာပဲ ခံစစ်စခန်းကုန်းတစ်ခုလိုပဲ” ဟု တော်လှန်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

မြို့ပေါ်ရှိ တပ်စွဲထားသည့် နေရာများ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခံနေရသဖြင့် လေကြောင်းနှင့် မြေပြင်စစ်ကူများ ပေးပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကူညီတောင်းသည့် အသံဖိုင်များမှာ မတ် ၆ ရက်တွင် အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ထို့နောက်တွင် စစ်ကောင်စီတပ်က ကနီမြို့နှင့်အနီးရှိ နယ်နိမိတ်ချင်း ထိစပ်နေသည့် ပုလဲမြို့နယ်၊ အင်မထီးရွာမှ ပြည်သူ့စစ် ခေါ် ပျူစောထီးများကို လေကြောင်းဖြင့် သယ်ယူပြီး အင်အား ၁၀၀ ကျော် စစ်ကူအင်အား ဖြည့်တင်းခဲ့သည်။

ထို့ပြင် ရေဦးမြို့နယ်မှ စစ်ကောင်စီ တပ်ဖွဲ့ကိုလည်း ကနီမြို့နှင့် ကပ်လျက်ရှိ ပျူစောထီးအားကောင်းရာ ကျေးရွာသို့  လေကြောင်းမှ ပို့ဆောင်ခဲ့သည်။ ရဟတ်ယာဉ်ဖြင့် ၄ ကြိမ် ချပေးခဲ့သည့် အင်အား ၈၀ နီးပါး ပါဝင်သည်။ ထိုစစ်ကြောင်းမှာ ဒေသခံများကြား နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဘီလူးစစ်ကြောင်းဖြစ်သည်ဟု ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

တိုက်ပွဲရက်ရှည်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုများဘက်မှ လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မားလာပြီး စစ်ကောင်စီ၏ စစ်ကူတပ်ဖွဲ့ဝင်များကို ဖြတ်တောက်ရာတွင် အားနည်းချက်များရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။

“(စစ်တပ်က) မြို့ရဲ့အနောက်ခြမ်းကနေ ပြန်ဝင်လာတာ။ ပထမတစ်သုတ် ရာဂဏန်းလောက်ချတာတွေကတော့ ကိုယ့်ဘက်က တော်တော်လေးစီးနိုင်ခဲ့တယ်။ နောက်တစ်ခေါက်ချတဲ့ ဘီလူးစစ်ကြောင်းက ကျွန်တော်တို့ မချနိုင်ခဲ့တာ။ နောက် ကင်းထားတဲ့ဘက်ကို ကျည်အင်အား မပို့နိုင်ခဲ့တာပေါ့” ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြင်းထန်ခဲ့သည့်တိုက်ပွဲများကြောင့် ကနီမြို့ပေါ် ရပ်ကွက်များနှင့်၊ မြို့အနီးရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Show More

Related Articles

Back to top button