သတင်း

ကနီမြို့အနီး စစ်တပ် နယ်မြေရှင်းလင်း၊ ၃ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းတပ်က အရပ်သား ၂ ဦး၊ ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးတို့ကို ခေါင်းဖြတ်သတ်သွားသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် စစ်သားများက အရပ်သား ၂ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးတို့ကို မတ်လ ၁၈ ရက်က သတ်ဖြတ်သွားသည်ဟု သိရသည်။

ကနီမြို့ပေါ်မှ ထွက်လာသည့် အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းသည် မြို့အနောက်ဘက် ကျေးရွာများကို စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဦး၊ အမျိုးသား ၂ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ရဲဘော်မှာ ပိတ်မိနေသည့် ပြည်သူများကို ကယ်ရန် ရွာထဲ ဝင်သွားခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲ့ဒီရဲဘော်လေးကို ခေါင်းဖြတ်ပြီး ဝင်းထရံငုတ်မှာ ချိတ်ထားခဲ့တယ်” ဟု သူက ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တဲတစ်လုံးတွင် ရေဝင်သောက်ကာ ထိုနေရာတွင် တွေ့ရသည့် အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

ထူးရွာနှင့် တောင်ပေါက်ကြားတွင် သတ်ဖြတ်ခံရသည့် ထိုသူတို့၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို သိရှိရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ရုပ်အလောင်းများကို မတ် ၁၉ ရက်နေ့က ကောက်ယူ သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

စစ်တပ်က မြို့အရှေ့ဘက်ရှိ ကျေးရွာများဖြစ်သည့် ညောင်ပင်ဝန်း၊ တန့်ဇယ်ချောင်၊ ရှမ်းမြောင်း၊ မင်းကုန်းကျေးရွာတို့ကိုလည်း စစ်ကြောင်းထိုးနေပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။

မီးလောင်သည့် အိမ်ခြေအရေအတွက်အတိအကျကို စာရင်းကောက်ယူနိုင်ခြင်းမရှိသေးသော်လည်း ညောင်ပင်ဝန်းကျေးရွာမှ အိမ်ခြေ ၁၀၀ နီးပါး၊ တန့်ဇယ်ချောင်ရွာမှ အိမ်ခြေ ၄၀ နှင့် မင်းကုန်းရွာမှ အိမ်ခြေ ၄၀ နီးပါး ပျက်စီးကြောင်း နောက်ထပ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ညောင်ပင်ဝန်းရွာကို မီးရှို့လိုက်ပြီး ညနေကျတော့ တန့်ဇယ်ချောင်ကို ကူးတယ်။ တန့်ဇယ်ချောင်ကိုလည်း ညနေပိုင်း ရှို့တယ်။ နောက်ရက်ကျတော့ မင်းကုန်းကိုလည်း မီးရှို့တယ်”

ကနီမြို့အတွင်း သတ်ဖြတ်ခံရသူများထဲတွင် အရပ်သား ၂ ဦး ပါဝင်မှု၊ နေအိမ်များ မီးရှို့မှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသည့်အပြင် စစ်တပ်ပြန်ကြားရေး အွန်လိုင်းစာမျက်နှာတွင်လည်း ထိုဖြစ်ရပ်များအကြောင်း သတင်းထုတ်ပြန်ထားသည်ကို မတွေ့ရပေ။

စစ်တပ်က ကျေးရွာများကို မြေပြင်စစ်ကြောင်းထိုးခြင်းသာမက တော်လှန်ရေးအင်အားစုများ ဝင်ရောက်လှုပ်ရှားသည်ဟု ယူဆသည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာကို မတ် ၁၉ ရက် နံနက်ပိုင်းတွင် လေတပ်က ပစ်ခတ် တိုက်ခိုက်ခဲ့သည်၊ ယမန်နေ့ (မတ် ၂၀) ညနေပိုင်းတွင်လည်း ကနီနှင့် ဘုတလင်နယ်စပ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ဦး ဒဏ်ရာရသွားကြောင်း စစ်ရှောင်အရေး ကူညီသူတစ်ဦးက ပြောသည်။ 

ထို့ပြင် ခိုင်းနွား ၃ ကောင် နှင့် အဆောက်အအုံတချို့ ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ကနီမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးပြီး ကားဖြင့် သွားပါက တစ်နာရီကျော်သာ ကြာမြင့်သည်။

ကနီမြို့တွင်းတိုက်ပွဲများနှင့် စစ်ရှောင်များ၏ ဒုက္ခ

စစ်တပ်က ကနီမြို့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံနှင့် စာသင်ကျောင်းတို့တွင် အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားရာ ယင်းမာပင်ခရိုင်တပ်ရင်းများ၊ ဆားလင်းကြီး၊ ပုလဲတို့မှ တော်လှန်ရေးအင်အားစုများက ထိုနေရာများကို မတ် ၂ ရက်မှ စတင်ကာ ၁၁ ရက်ကြာ ထိုးစစ်ဆင်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း သေနတ် ၁၁ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကလည်း ထိုမြို့တွင် သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် Y 12 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ် ပြုလုပ်ရာတွင် ဗုံးသီးအလုံးရေ ၁၀၀ ကျော် ကြဲချခဲ့ကြောင်း သိရသည်။

နှစ်ဖက်ထိခိုက်မှု များပြားသော ထိုတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ၁၁ ဦး သေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို စစ်တပ်က သီးခြားထုတ်ပြန်ခြင်း မရှိသေးပေ။

တိုက်ပွဲများကြောင့် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် မြို့အနီးအနားကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်၊ ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ဖျက်ဆီးခံရသည့်အထဲတွင် ဝမ်းစာစပါးလည်း ပါသွားသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံ မဖူးက ပြောသည်။

“လယ်သမားတွေများတော့ စုထားတဲ့စပါးတွေလည်း ပါသွားတယ်။ အကုန်လုံးက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာရပြီး လုပ်ငန်းတွေလည်း ထားခဲ့ရတယ်။ လိုအပ်ချက်တွေက အရမ်းများတယ်။ အမျိုးသမီးအတွင်းခံတွေ လိုအပ်တယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်က မြို့တွင်း ပြန်ဝင်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာများကို စစ်ကြောင်းများထိုးနေကြောင်း၊ လေတပ် လာရောက် တိုက်ခိုက်မှုကြောင့် ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း စစ်ရှောင်အရေးကူညီသူများက ဆိုသည်။

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယနေ့ (မတ်လ ၂၁) စာရင်းအရ နိုင်ငံတစ်ဝန်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၂.၈ သန်းကျော်ရှိသည်။ စစ်ကိုင်းတိုင်း ကလေးနှင့် ကနီမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် လူဦးရေ ၂၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ လိုအပ်နေသည်ဟုလည်း UNOCHA က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ခဲ့ရာမှ လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။ ခုခံလိုသူများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ မြို့ ၄၀ ထက်မနည်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ရှမ်းမြောက်တွင် ယခုနှစ်ဆန်းပိုင်းက အပစ်ရပ်ခဲ့ပြီးနောက် စစ်တပ်က နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအားကောင်းရာ ဒေသများကို ထိုးစစ်အရှိန်မြှင့်နေသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့် မြို့ ၄ မြို့အနက် ကောလင်းကို စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူလိုက်သည့်အပြင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် ထီးချိုင့်နှင့် ကနီတို့ကို လက်မလွှတ်ရရေး အပြင်းထန် ခုခံခဲ့သည်။

Show More

Related Articles

Back to top button