သတင်း

ရွှေဘိုမြို့နယ် ပျူစောထီးအထိုင်စခန်းကို ကာကွယ်ရေးအဖွဲ့များသိမ်း

စစ်ကိုင်းတိုင်းအလယ်ပိုင်း ရွှေဘိုမြို့နယ်ရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုက ယမန်နေ့ ( ဖေဖော်ဝါရီ ၁၃) တွင် တိုက်ခိုက်သိမ်းယူစဉ် နှစ်ဖက်ထိခိုက်မှုများရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

မြို့တောင်ဘက် ၆ မိုင်ကျော်အကွာ စစ်သားနှင့် ပျုစောထီး ၄၀ ခန့် တပ်စွဲထားသည့် ရွာသာရွာရှိ အထိုင်စခန်းဖြစ်သည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပျူစောထီးနှင့် စစ်သားများ၏ ခံစစ်နှင့် ဘန်ကာများ အားကောင်းသဖြင့် ကနဦးတွင် မထိုးဖောက်နိုင်ခဲ့ကြောင်း၊ မနက် ၅ နာရီခန့်တွင် အင်အားဖြည့်တင်းပြီးနောက် ထပ်မံတိုက်ခိုက်ရာ သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းနှင့် ဘန်ကာများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇​ ဦးခန့် သေဆုံးသည်၊ ကပ်လျက်ရှိ ပလိုင်းရွာ စစ်တပ်စခန်းသို့ ဆုတ်ခွာသွားသူတို့က အလောင်းများ၊ လက်နက်များ ယူဆောင်သွားသည်ဟု မြေပြင်တိုက်ခိုက်ရေး ရဲဘော်များကို ကိုးကားပြီး ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်အားကို သုံးပြီး ဘန်ကာတွေထဲ ထိုးဖောက်ဝင်ရောက်ရတာ၊ ရန်သူ ထိခိုက်တာများပြီးတော့ အလောင်း ၇ လောင်းကိုပါ ထမ်းပြီး ပလိုင်းရွာ စစ်အထိုင်စခန်းဆီ ထွက်ပြေးသွားတာ” ဟု သူက ဆိုသည်။

စခန်းအတွင်းမှ ပျူစောထီးများကိုင်လေ့ရှိသည့် ပြောင်းချောသေနတ်တစ်လက်၊ ခဲယမ်းနှင့် အသုံးအဆောင်တချို့ သိမ်းယူနိုင်ခဲ့သည်၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃  ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် ရွာသို့ ဦးတည်ကာ ရွှေဘိုမြို့ပေါ်မှ စစ်သား ၁၂၀ခန့် စစ်ကြောင်းထိုးလာသဖြင့် လမ်းကြောင်းတစ်လျှောက်ရှိ ရွာများမှ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း သိရသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယခုလပိုင်းအတွင်း ပျူစောထီးအမာခံနယ်မြေဖြစ်သည့် ကန့်ဘလူမြို့နယ်တွင်လည်း ပျူစောထီးအထိုင်စခန်းများကို  ဆက်တိုက်တိုက်ခိုက်ခဲ့သည်၊ တင်ငုတ်ကြီးရွာအင်ကြင်းစုရွာ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးပြီး တော်လှန်ရေးအင်အားစုက လက်နက်၂၁ လက်အထိ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ကန့်ဘလူမြို့နယ်ရှိ ပျူစောထီးအင်အားကို အသုံးချကာ စစ်ကိုင်းတိုင်းအတွင်းရှိ အမျိုးသားညီညွှတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများကို တိုက်တိုက်ခိုက်နေသည်။ 

Show More

Related Articles

Back to top button