သတင်း

စစ်မှုထမ်းရန် ဖိအားပေးသည့် မင်းလှမြို့မှ နာမည်ကြီး ပျူခေါင်းဆောင် ပစ်သတ်ခံရ

စစ်ယူနီဖောင်းဝတ်ကာ လက်နက်အတိုအရှည်ကိုင်ဆောင်သည့် စစ်တပ်ထောက်တိုင်ဖြစ်သလို စစ်မှုထမ်းရန် ဖိအားပေးသည့် ဦးမျိုးမြင့်အောင်ဆိုသူကို သေနတ်ဖြင့် ၁၂ ချက် ပစ်သတ်ခဲ့သည်ဟု မင်းလှပကဖအဖွဲ့က ဆိုသည်။

ပဲခူးတိုင်း၊ မင်းလှမြို့တွင် စစ်မှုထမ်းဥပဒေ အသက်သွင်းရာမှာ ပါဝင်သည့် ပျူစောထီးလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးကို ယမန်နေ့ (မတ် ၂၆) တွင် ပစ်သတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မင်းလှမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ပြောသည်။

ယမန်နေ့ နေ့လယ်တွင် ဦးမျိုးမြင့်အောင် (ခ) အောင်အောင်ကို မင်းလှမြို့၊ အမှတ် (၈) ရပ်ကွက်၊ စက်ကြီးတန်းလမ်း နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“အရင်ဆုံး သေနတ်နဲ့ ၂ ချက်ပစ်တယ်။ အဲဒီလို ၂ ချက်အပစ်ခံရတော့ သူကြောက်လန့်ပြီး အော်ဟစ်ပြီး အိမ်ထဲ ဝင်ပြေးဖို့ ကြိုးစားတယ်။ သူ့ကို နောက်ထပ် သေနတ် ၁၀ ချက် ပစ်လိုက်တော့ အိမ်အပေါက်ဝမှာ မှောက်လျက်ကြီးဖြစ်ပြီး ငြိမ်သွားတယ်” ဟု မင်းလှပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ပြောသည်။

ထိုသူမှာ စစ်ကောင်စီလက်အောက်ခံ နာမည်ကြီး ပျူစောထီးလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသူဖြစ်သည်ဟု ဆိုသည်။

ဦးမျိုးမြင့်အောင် ပစ်ခတ်ခံလိုက်ရစဉ် ဇနီးဖြစ်သူက ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ကတ်ကြေးဖြင့် တိုက်ခိုက်ရန် ပြေးလာသော်လည်း စစ်ရေးပစ်မှတ်မဟုတ်၍ ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း ထိုသူက ပြောသည်။

“သူ့ကို ရှင်းဖို့လုပ်နေတာ ကြာပြီ။ အခုမှ အောင်မြင်တာ။ သူက အရမ်းလည်တယ်။ (လက်နက်တွေကို) အိမ်ထဲ ဝင်ရှာချိန် မရလိုက်ဘူး။ မြို့ထဲမှာဆိုတော့ အမြန်လုပ် အမြန်ဆုတ်ရတာမို့ပါ” ဟု ရဲဘော်မိုးထက်က ဆိုသည်။

ဦးမျိုးမြင့်အောင်ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားသည်ဟု ကြားရကြောင်း ၎င်းက ပြောသည်။

ဦးမျိုးမြင့်အောင်သည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီဝင်တစ်ဦး ဖြစ်ခဲ့ရာမှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဝန်ကြီးတစ်ဦးဖြစ်သော ဒေါ်သက်သက်ခိုင်၏ ပြည်သူရှေ့ဆောင်ပါတီ (PPP) သို့ ပြောင်းရွှေ့ခဲ့ကာ နောက်ပိုင်းတွင် နုတ်ထွက်ထားသည်ဟု သိရသည်။

ပျူစောထီးသင်တန်းတစ်ခုတွင် တွေ့ရသော ဦးမျိုးမြင့်အောင်။ (ဓာတ်ပုံ-မင်းလှပကဖ)

စစ်ကောင်စီက ၎င်းကို လက်နက်အတိုအရှည်တပ်ဆင်ပေးထားသလို စစ်ယူနီဖောင်းနှင့် လက်နက်များကိုင်၍ ဒေသ အခြေစိုက် တပ်ရင်းများမှ စစ်တပ်အရာရှိများ၊ တပ်သားများနှင့် နေထိုင်သွားလာလေ့ရှိကြောင်း Myanmar Now က ကြည့်ခွင့်ရသည့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

နာမည်ကြီး စစ်တပ်ဒေါက်တိုင်တစ်ဦးဖြစ်သလို စစ်ကောင်စီတပ်သားများနှင့်အတူ ပြည်သူများကို ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် ဖိအားပေးခြင်းနှင့် စစ်တပ်ကို သတင်းပေးခြင်းတို့ကြောင့် အရေးယူရပြီး ထိုသို့ဆောင်ရွက်သူများကို ဆက်လက်အရေးယူသွားမည်ဟု မင်းလှပြည်သူကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဦးမျိုးမြင့်အောင် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ မိသားစုကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီ၏ ပဲခူးတိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ စီပွားရေးဝန်ကြီး ဦးတင်ဦးကို မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

စစ်တပ် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ မင်းလှမြို့နယ်ဥက္ကဋ္ဌ အသက် ၄၄ နှစ်အရွယ် ဦးမျိုးမြင့်အောင်ကို သူ၏ နေအိမ်၌ ရှိနေစဉ် ပစ်သတ်ခံရကြောင်း ရေးသားဖော်ပြကြသည်။

အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းများ စတင်ဆောင်ရွက်နေရာ ထိုလုပ်ငန်းစဉ်များတွင် ပါဝင်သူများလည်း လုပ်ကြံသတ်ဖြတ်ခံနေရသည်။

မတ်လတတိယပတ်အတွင်း မန္တလေးနှင့် မကွေးတိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံထားရသည်။

စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်သည်ဟု အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ပါရှိသည်။

စစ်မှုထမ်းအကျုံးဝင်သူ ၁၄ သန်းရှိကြောင်း၊ သင်္ကြန်အပြီး ဧပြီလတွင် အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယနေ့အထိ နိုင်ငံအနှံ့အပြားတွင် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရာမှာ ပါဝင်ဆောင်ရွက်သူ ၃၀ ကျော် သတ်ဖြတ်ခံထားရသည်။

Show More

Related Articles

Back to top button