သတင်း

မကွေးနှင့် မန္တလေးတွင် စစ်မှုထမ်းရန် နှိုးဆော်သည့် အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံရ

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်ကောင်စီအလိုကျ လုပ်ဆောင်ခြင်းမပြုရန် သတိပေးချက်များ ထုတ်ပြန်လာပြီးနောက် မန္တလေးနှင့် မကွေးတွင် စစ်မှုထမ်းရန် နှိုးဆော်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး ပစ်သတ်ခံလိုက်ရသည်။

အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး စစ်ကောင်စီက စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းများ စတင်ဆောင်ရွက်နေစဉ် မန္တလေးနှင့် မကွေးတိုင်း၌ ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းရန် လိုက်လံနှိုးဆော်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ယခုလ ၁၈ ရက်နေ့ ညပိုင်းက မကွေးတိုင်း စလင်းမြို့မြောက်ဘက်ရှိ ပခက်တိုင်ရွာတွင် အသက် ၅၀ ကျော် အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးသည် စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်နေစဉ် ပစ်သတ်ခံရသည်။

စစ်ကောင်စီလက်အောက်ခံ ထိုအုပ်ချုပ်ရေးမှူးကို ဝင်ရောက်ဖမ်းဆီးစဉ် လက်လုပ်သေနတ်နှင့် စကားပြောစက်တစ်လုံး တွေ့ရှိသဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့သည်ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ် ၁၉ တွင် သတင်းထုတ်ပြန်သည်။

“လက်နက်ကိုင်ဆောင်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပျူတွေသည် စစ်ရေးပစ်မှတ်ပေါ့။ ဒါမှမဟုတ်ဘူး စစ်ကောင်စီရဲ့ဖိအားကို မတတ်သာလို့ မတွန်းသာလို့ နာခံပြီးတော့ ဆော်ဩပေးတယ်ဆိုရင်ကို သက်ညှာတဲ့ အရေးယူမှုတွေနဲ့ စီစဉ်ထားတယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါပေမဲ့ ခုလို လက်နက်ကိုင်ဆောင်တာကြောင့် စစ်ရေးပစ်မှတ်အနေနဲ့ ရှင်းလင်းရတဲ့ကဏ္ဍအထိ ရှိသွားတာပေါ့”

စလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဟောပြော စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိပြီး စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် ဖိအားပေးခံရသဖြင့် စလင်းမြို့နယ်တွင် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူး ၁၀ ဦးခန့် နုတ်ထွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာတွင်လည်း ယခုလ ၁၉ ရက်၊ ညနေ ၆ နာရီခန့်က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည်။

ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာများတွင် လူငယ်လူရွယ်များကို စစ်မှုထမ်းရန် လိုက်လံဆော်ဩနေသည့် သီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပုကို ပစ်သတ်ခဲ့ကြောင်း WTRF (Wundwin Township Revolution Force) အမည်ရှိ  တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

“သူက စစ်မှုထမ်းဥပဒေအတွက် ရွာထဲကလူတွေခေါ်တယ်၊ အစည်းအဝေးလုပ်တယ်၊ ရွာထဲ မဲနှိုက်ရမယ်ဆိုပြီး ပြောတယ်။ မနေ့က ရွာထဲ မဲမနှိုက်တော့ဘဲ ရွာထဲက လူသုံးယောက်နာမည်ကို မြို့နယ်ထွေအုပ်ရုံးကို သွားပေးတယ်။ အဲက အပြန်မှာ ဆော်လိုက်တာပါ” ဟု WRTFမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နိုင်ရေး ကျေးရွာများတွင် လိုက်လံစည်းရုံးနေ၍ ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ပြီး အခြားကျေးရွာများမှ အုပ်ချုပ်ရေးမှူးများလည်း အလားတူလုပ်ဆောင်ခြင်း မပြုရန် ထိုတော်လှန်ရေးအဖွဲ့က သတိပေးထားသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးတွင်လည်း ယခုလ ၁၈ ရက်က မြို့ပေါ်ရပ်ကွက်များတွင် လူဦးရေစာရင်း လိုက်လံကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံအဖွဲ့ကို ချင်းတော်လှန်ရေးအဖွဲ့ CDF Hakha က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပစ်သတ်ခံရသည့် စလင်းမြို့နယ် ပခက်တိုင်ရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ထူး၊ ဝမ်းတွင်းမြို့နယ် သီးကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပု။ (ဓာတ်ပုံ-ပေးပို့)

မန္တလေးနှင့် မကွေးတိုင်းတွင် စစ်မှုထမ်းစာရင်းကောက်နေ

ဝမ်းတွင်းမြို့နယ်၊ သဲတော်ကျေးရွာတွင် မတ် ၁၉ ရက်နေ့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ရွာသားများကို ဆင့်ခေါ်ကာ မဲနှိုက်စေခဲ့သည်ဟု ထိုရွာနေ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ်သာမက မိတ္ထီလာ၊ မလှိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန် စသည့်ဒေသများတွင်လည်း ယခုလဆန်းမှစ၍ အုပ်ချုပ်ရေးမှူးများက စာရင်းများကောက်ယူခြင်း၊ စာရင်းပါသူများကို စစ်မှုထမ်းရန် စည်းရုံးပြောဆိုခြင်း၊ ဆန္ဒအလျောက် စစ်မှုထမ်းသူမရှိသည့်အတွက် မဲနှိုက်ခြင်းများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ရွာဆိုရင် ကျောင်းတက်နေတဲ့ အသက် ၁၅ နှစ်အရွယ်ကလေးတွေလည်း စာရင်းပါတယ်။ ၁၉၉၀ ခုနှစ်မွေးတဲ့သူတွေကနေ နောက်ပိုင်း အကုန်စာရင်းပေါက်တယ်။ ကျွန်တော်တို့ (ကျေးရွာ) အုပ်စုထဲမှာ မဲနှိုက်ရတော့ ၅ ယောက်ခေါ်တယ်” ဟု မလှိုင်မြို့နယ်မှ ရွာသားတစ်ဦးက ပြောသည်။

မဲပေါက်သူများကို အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ယူသွားပြီး ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ဆေးမအောင်သည့်အတွက် ပြန်လာရသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ငါန်းဇွန်မြို့နယ်တွင်လည်း အလားတူဖြစ်စဉ်များ ရှိနေပြီး၊ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် အကျုံးဝင်သူများကို ဆင့်ခေါ်စာများ ပို့နေပြီး ဆင့်ခေါ်ခံရသူများတွင် ကာလရှည် ကျန်းမာရေးမကောင်းသူများ ပါဝင်နေသည်ဟု သိရသည်။

မကွေးတိုင်း စလင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စေတုတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် ကျေးရွာများတွင်လည်း မဲနှိုက်ခြင်း၊ လူစုဆောင်းခြင်း လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်ရွာကို အနည်းဆုံး နှစ်ယောက်ဆိုပေမဲ့ သူတို့က မထင်ရင် မထင်သလို ထည့်တဲ့ပုံစံမျိုးပဲ။ အုပ်ချုပ်ရေးမှူးတွေက သူတို့က လုပ်စားခွင်တစ်ခုလို လုပ်နေတာ။ မလိုက်ချင်ရင် ပိုက်ဆံတောင်းတာ မျိုးရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကတော့ အုပ်ချုပ်ရေးမှူးတွေတော့ သူတို့နဲ့ပတ်သက်တဲ့သူတစ်ယောက်မှ မပါဘူး။ မတည့်တဲ့သူတွေ ထည့်တာပဲ။ အုပ်ချုပ်ရေးမှူးတွေက အဓိက စုဆောင်းသူလို့တောင် ပြောလို့ရတယ်”

စစ်မျက်နှာအသီးသီးတွင် ဆက်တိုက်ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်နိုင်ရန် အပြင်းအထန် အကောင်အထည်ဖော်လျက်ရှိသည်။

စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိကြောင်း၊ သင်္ကြန်အပြီး ဧပြီလတွင် အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ဒေသအသီးသီးရှိ တော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအစပ်ရှိ ၎င်းတို့စစ်ရေးလှုပ်ရှားသော လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့တွင် အဓမ္မ စစ်သားစုဆောင်းခြင်းမပြုရန် ယမန်နေ့ (မတ် ၁၉) က ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ၏ စစ်ဒေသအတွင်းရှိ အုပ်ချုပ်ရေးမှူးများသည် လူထုဆန္ဒကို ဆန့်ကျင် ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားစုဆောင်းပါက ပြင်းထန်စွာအရေးယူသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထားသည်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဆန့်ကျင် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁၉ တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေအပေါ် KNU နှင့် TNLA တို့ ထုတ်ပြန်ချက်။ (ဓာတ်ပုံ-TNLA,KNU)

Show More

Related Articles

Back to top button