စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေထွက်လာပြီးနောက် တပ်သားသစ် ၆၀၀၀ ရရှိထားကြောင်း မြန်မာ-ထိုင်းနယ်စပ် လွိုင်တိုင်းလျန်ဒေသအခြေစိုက် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ RCSS/SSA က ဧပြီ ၂၂ တွင် ထုတ်ပြန်ချက်မှတစ်ဆင့် ကြေညာလိုက်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အာဏာသိမ်းပြီးကတည်းက နေပြည်တော်တွင် ဗိုလ်ချုပ်ကြီးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး တပ်မတော်ဟု ခေါ်ဝေါ်သုံးစွဲနေခဲ့ရာမှ ယခုအခါ ၎င်းက “စစ်ကောင်စီ” ဟု ပထမဆုံးအကြိမ်အဖြစ် အဆိုပါထုတ်ပြန်ချက်တွင် စတင်သုံးနှုန်းခဲ့သည်။
၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည့် RCSS သည် အင်အား ၈၀၀၀ အထက်ရှိသည်ဟု ခန့်မှန်းချက်များရှိသည်၊ သို့ရာတွင် စစ်ကောင်စီက အရွယ်ရောက်သူတိုင်း စစ်ထဲမဝင်မနေရစနစ် ပြဋ္ဌာန်းပြီးနောက် RCSS ၏အင်အားသည် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တစ်ဟုန်ထိုး တက်သွားခဲ့သည်။
RCSS သည် ယခင်က တပ်သားသစ်ရရှိမှုနှင့် ပတ်သက်၍ သတင်းဖော်ပြလေ့မရှိသော်လည်း စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေထွက်လာပြီးနောက် တပ်သားသစ် ၆၀၀၀ ရရှိထားကြောင်း ကြေညာခဲ့သည်။
၎င်းတို့သည် ဆန္ဒအရ ရှမ်းတပ်ထဲဝင်လာသူများဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက Myanmar Now ကို ပြောသည်။ RCSS တွင် အမြုတေစစ်မှုထမ်း၊ ကတိကဝတ်အမှုထမ်းနှင့် ဒေသစစ်မှုထမ်း ဆိုသည့် စစ်မှုထမ်းအုပ်စု (၃) စုရှိပြီး ယခုရထားသည့် တပ်ဖွဲ့ဝင်သစ် ၆၀၀၀ သည် အဆိုပါစစ်မှုထမ်း အုပ်စု (၃) စုမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဆိုသည်။
“အင်အားကြီးမှ ကိုယ့်ရည်မှန်းချက် အကောင်အထည်ဖော်နိုင်တာပေါ့။ ဒါကြောင့် RCSS က တပ်သားသစ် စုတာပါ။ အခုချိန်ကတော့ နည်းနည်းလွယ်တာပေါ့။ အစိုးရစစ်တပ်ထဲ အားလုံးဝင်ရမယ်ဆိုတော့ စကစတပ်ထဲ မဝင်ချင်လို့ RCSS ထဲ ပြေးဝင်တော့ RCSS ထဲမှာ စစ်သားများတာပေါ့” ဟု စစ်ရေးလေ့လာသူအမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် RCSS သည် ဒေသန္တရအဆင့်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် အုပ်ချုပ်ရေးကို ဖော်ဆောင်နေသည်ဟုလည်း RCSS ဘက်က ပြောသည်။
“ပြည်တွင်းပြဿနာက အဓိကက ၂ ချက်ရှိတယ်၊ ဒီမိုကရေစီရယ်၊ ဖက်ဒရယ်ရယ်။ ဖက်ဒရယ်သွားမယ်ဆို – အဆင့် ၃ ဆင့် ရှိတယ်၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်။ ဒီဒေသန္တရအဆင့်ကို နိုင်ငံရေးဆွေးနွေးသဘောတူပြီးမှ လုပ်ရမှာမဟုတ်ပါဘူး၊ ပြည်နယ်နဲ့ သက်ဆိုင်သူတွေက စုပေါင်းမူလပိုင်ရှင်ဖြစ်တဲ့အတွက် ဒေသန္တရအဆင့်ကို ကိုယ်တိုင်ဖော်ဆောင်ရမှာ ဖြစ်တယ်” ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။
ထောင်နှင့်ချီသည့် စစ်သားသစ်များဖြင့် RCSS မည်သို့ ဆက်လက်လုပ်ဆောင်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး စောင့်ကြည့်ရမည့် ကိစ္စဖြစ်ကြောင်း စစ်ရေးလေ့လာသူ အမျိုးသားတစ်ဦးက မှတ်ချက်ပေးသည်။
“လက်ရှိ RCSS ရဲ့ သဘောထားအရဆိုရင် စစ်တပ်နဲ့ တိုက်မယ့်သဘောတော့မရှိဘူး။ ဒါပေမဲ့ စစ်တပ်အားနည်းလာရင်၊ စစ်တပ်အင်အားချည့်နဲ့လာရင်တော့ နေရာဝင်ယူဖို့ ပြင်နေတယ်နဲ့တူပါတယ်” ဟု အမည်မဖော်လိုသည့် အထက်ပါသုတေသီက ဆိုသည်။
RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျန်တွင် ဌာနချုပ်ဖွင့်ထားပြီး လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း ရပ်တည်နေကာ စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်သည့် အင်အားစုများအကြား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းနေသည့် အဖွဲ့ဖြစ်သည်။
RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ ၁၇၁ စစ်ဒေသနှင့် နယ်မြေထိစပ်နေသလို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့်လည်း လှုပ်ရှားနယ်မြေ ထိစပ်မှုရှိသည်။
၎င်းသည် မြို့ပြထက် ရှမ်းလူမျိုးများနေထိုင်ရာ ကျေးလက်ဒေသကို စိုးမိုးထိန်းချုပ်ထားသည်။
ရှမ်းစစ်တပ်နှစ်တပ် RCSS နှင့် SSPP
ရှမ်းလက်နက်ကိုင်များထဲတွင် RCSS အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဆိုသည့် လက်နက်ကိုင်တပ်ဖွဲ့လည်း ရှိသေးသည်။
SSPP ကို ၁၉၇၁ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် အခြေစိုက်သည်။ SSPP သည် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်များဖြစ်ကြသည့် ရခိုင်တပ် AA, တအာင်းတပ် TNLA, ကိုးကန့်တပ် MNDAA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။
RCSS သည် တအာင်းတပ် TNLA, SSPP တို့နှင့် ပြီးခဲ့သည့်နှစ်များအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။
သို့သော်လည်း RCSS နှင့် SSPP သည် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် သဘောတူလက်မှတ်ထိုးထားသည်။ နယ်မြေခွဲဝေရေးအတွက် ရှမ်းတပ်နှစ်တပ်အကြား သဘောတူထားခြင်းမရှိပေ။
RCSS သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရှမ်းပြည်တွင်းနေထိုင်သူများ စစ်မှုထမ်းရမည်ဆိုသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ဖူးသည်။
ရှမ်းဘာသာစကားဖြင့် ရေးထားသည့် ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ လူမျိုး၊ ကျား၊ မ မရွေး အမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်နိုင်ရန် RCSS/SSA ထံ စစ်မှုထမ်းရမည်ဟု ပါရှိသည်။
ပြည်ပသို့ ရောက်ရှိနေသူများသည်လည်း RCSS ထံတွင် စစ်မှုလာထမ်းရမည်ဖြစ်ပြီး နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက ကျန်ရှိနေသည့် နေအိမ်ဥစ္စာများကို သိမ်းဆည်းမည်ဟု RCSS ထုတ်ပြန်ချက်တွင် ဖော်ပြကြောင်း ရှမ်းပြည်နယ်သတင်းများဖော်ပြနေသည့် သျှမ်းသံတော်ဆင့်သတင်းဌာနက ရေးသားဖူးသည်။