သတင်း

နတ်မောက်မှ လူငယ် ၃၀ ခန့် အဖမ်းခံရ၊ စစ်ထဲဝင်ရန် ခံဝန်ထိုးပြီး တချို့ ပြန်လွတ်လာ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့တွင် ကျေးရွာများမှ လမ်းသွားလမ်းလာများ၊ လယ်ယာလုပ်ငန်းခွင်ဝင်ရန် သွားလာနေသူများ အပါအဝင် လူငယ် ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း ၁၄ ဦးကို ဆက်ဖမ်းထားသည်ဟု မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်မှုထမ်းဥပဒေ အသက်သွင်းကြောင်း ကြေညာကာ တပ်သားသစ် အတင်းအကျပ် စုဆောင်းပြီးနောက် သင်္ကြန်အပြီး မြို့နယ်တချို့တွင် အလားတူ လုပ်ဆောင်နေချိန်တွင် မြို့သစ်မြို့တွင်လည်း ယမန်နေ့ (ဧပြီ ၂၃) ရက် ညပိုင်းမှ စတင်ကာ ကျေးရွာများတွင် လူငယ်များကို ဖမ်းဆီးမှု ဆက်တိုက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဧပြီ ၂၁ ရက် နံနက်ပိုင်းက မန်ကျည်းကုန်း၊ ရွှေပန်းပင်၊ သလင်းကုန်းနှင့် အင်းရွာကြီးတို့မှ ၁၉ ဦး ဖမ်းဆီးခံခဲ့ရသည်၊ ယမန်နေ့ ညပိုင်းတွင် ကိုရန်တောင်၊ ကိုရန်မြောက်၊ ပုဂံမျှော်၊ ကွေ့ကြီးနှင့် ထနောင်းကုန်း၊ နဘဲကုန်းရွာမှ လူငယ် ၁၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မြို့သစ်မြို့နယ် ပကဖအဖွဲ့က ပြောသည်။

နှစ်ရက်တာအတွင်း ဖမ်းဆီးခံရသူများအနက် ၁၆ ဦးကို စစ်မှုထမ်းရန် ခံဝန်ချက်ဖြင့် လက်မှတ်ထိုးကာ ပြန်လွှတ်ပေးလိုက်သည်၊ ၁၄ ဦးမှာ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဟုလည်း သိရသည်။ ဖမ်းဆီးခံရသူများအနက် ကိုရန်မြောက်ရွာမှ ဖမ်းဆီးခံရသူ ၁ ဦးသာ စစ်မှုထမ်းစာရင်းတွင် အမည်စာရင်းပါဝင်ထားသူဖြစ်ကြောင်း သိရသည်။

စစ်သားနှင့်ရဲ အင်အား ၂၀ ခန့်ပါ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီခွဲမှစတင်ကာ မန်ကျည်းရွာအထွက် မြောင်းဘောင်ပေါ်တွင် စောင့်ပြီးဖမ်းဆီးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များကို ကိုးကားပြီး အထက်ပါ ပကဖ တာဝန်ရှိသူက ပြောသည်။

“လယ်ယာလုပ်ငန်းခွင်သွားတဲ့သူတွေရော ခရီးသွားလာတဲ့သူတွေရော ဖမ်းဆီးခေါ်ဆောင်တဲ့နေရာမှာ မန်ကျည်းကုန်းကြီးရွာက ၂ ယောက် ပါသွားတယ်၊ ဒီကနေ့။ သလင်းကုန်းရွာက ၂ ဦး။ ရွှေပန်းပင်ရွာက လမ်းမှာတွေ့တော့ လယ်ထွန်စက် ဒရိုင်ဘာတစ်ဦးနဲ့ ယာဉ်မောင်းအပိုတစ်ဦး၊ လယ်ထွန်စက် လမ်းမှာ မရောက်ခင် လယ်ထဲမှာတင် အဖမ်းခံလိုက်ရတယ်။ လယ်ထွန်စက်ကို လမ်းမှာတင် ထားခဲ့ရတယ်” ဟု သူက ပြောသည်။

ထိုသို့သော ဖမ်းဆီးမှုများကြောင့် ဒေသခံများ စိုးရိမ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

“လူငယ်တွေဆိုရင် တချို့ရွာတွေမှာဆိုရင် ညနေပိုင်း၊ ညဦးပိုင်းမှာဆိုရင် တောထဲမှာ အိပ်ကြတယ်။ ရွာထဲမှာ သိပ်မအိပ်ရဲကြဘူး” ဟု သူက ပြောသည်။

“ဟိုဘက်ရွာ၊ ဒီဘက်ရွာ ကူးလူးဆက်ဆံတာမျိုး၊ မြို့တွေကို အရောင်းအဝယ်ကိစ္စ သွားတာမျိုး ကုန်ပစ္စည်း သွားလာဝယ်ယူရောင်းချတာမျိုးတို့ လူငယ်တွေမှာတော့ လုံးဝ မလုပ်ရဲတဲ့ အနေအထားကို ရှိနေပါတယ်”

နိုင်ငံအနှံ့စစ်မျက်နှာအသီးသီးတွင် ဆက်တိုက်ရှုံးနိမ့်နေသည့် စစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ပြီး သင်တန်းပေးခြင်းများကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းက စတင်လုပ်ဆောင်နေသည်။

စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းတို့ သဘောဆန္ဒအတိုင်း အဓမ္မအတည်ပြုထားသည့် ထိုဥပဒေအရ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည်ဖြစ်သည်၊ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းဥပဒေဖြင့် လူစုပြီး ဆုံးရှုံးနယ်မြေများ ပြန်သိမ်းပြီး တပ်အင်အားချည့်နဲ့မှုကို စစ်မှုထမ်းဥပဒေဖြင့် ဖြည့်တင်းနိုင်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုထားသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များ မီးရှို့ခြင်း ဆက်တိုက် ကျူးလွန်နေရာ အများအပြားက ထိုစစ်တပ်ထဲ ဝင်ရမည်ကို စိုးရွံ့နေကြသည်။

Show More

Related Articles

Back to top button