အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်မွေးရပ် နတ်မောက်တွင် လေတပ်လက်ချက်ကြောင့် ကလေးများအပါအဝင် ၅ ဦးသေဆုံး

နိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်း ဗုံးကြဲမှုကြောင့် တစ်အိမ်တည်းနေမိသားစုထဲမှ ကလေးငယ်များ အပါအဝင် အရပ်သား ငါးဦး  သေဆုံးသွားသည်။ 

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ မကွေးတိုင်း နတ်မောက်မြို့နယ်တွင် စစ်တပ်က ဗုံးကြဲသဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအပါအဝင် စုစုပေါင်း ငါးဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

နတ်မောက်မြို့အရှေ့ဘက်  ၁၀ မိုင်ကျော်အကွာရှိ သမှုန်းကုန်းကြီးကျေးရွာကို ယမန်နေ့(ဇွန်လ၂၅ ရက်) ညနေပိုင်းတွင် လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ တစ်အိမ်တည်းနေ မိသားစု သုံးဦး၊ သက်ကြီးပိုင်းအရွယ် အမျိုးသမီး တစ်ဦး၊ သက်လတ်အရွယ် အမျိုးသား တစ်ဦး၊ စုစုပေါင်း အရပ်သား ငါးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညနေ ၄ နာရီ ၂၀ လောက်ဖြစ်တာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပစ်တာ။ ပထမဆုံး ရော့ကတ် (Rocket) နဲ့ ပစ်သွားတာက တစ်စီး၊ ကြဲသွားတာက တစ်စီးပါ။ တိုက်ပွဲမရှိဘဲ အသားလွတ်ကြဲသွားတာ” ဟု နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအဆိပ်သီးက ပြောသည်။

သေဆုံးသူများမှာ သမှုန်းကုန်းကြီးရွာသားများဖြစ်သည့် အသက် ၃၃နှစ်အရွယ် ဒေါ်သန်းသန်းမော်၊ ၎င်း၏သား နှစ်ဦးဖြစ်သည့် အသက် ၁၂ နှစ်အရွယ် မောင်အောင်ဘုန်းခန့်၊ အသက် ရှစ်နှစ်အရွယ် မောင်ညီဘုန်းခန့်တို့ ဖြစ်ကြပြီး၊ ကျန်နှစ်ဦးမှာ အသက် ၆၉ နှစ်အရွယ် ဒေါ်ရီနှင့် အသက် ၃၉ နှစ်အရွယ် ဦးချစ်ဦးတို့ ဖြစ်သည်ဟု နတ်မောက် ပကဖ က ထုတ်ပြန်ထားသည်။

Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံ၊ ရုပ်သံများအရ ခန္ဓာကိုယ်နောက်ကျော ပွင့်ထွက်နေပြီး၊ ရုပ်အလောင်းတစ်ခု၏ ခြေထောက်ပြတ်နေသည်ကို တွေ့ရသည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ နေအိမ် ၁၀လုံး ပျက်စီးသွားသည်ဟု ပကဖဘက်က ဆိုသည်။

ဗုံးကြဲမှုနှင့်ပတ်သက်၍ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် စံညိုဝင်း ကို  Myanmar Now က တယ်လီဖုန်းဖြင့် ယနေ့ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

သမှုန်းကုန်းကြီးရွာသည် အိမ်ခြေ ၁၂၀၀ ခန့်ရှိသည့် စံပြရွာကြီးတစ်ရွာဖြစ်ကာ၊ နောက်ထပ် ဗုံးကြဲခံရမည် စိုးသဖြင့် ရွာသားအချို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့နယ်သည် စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ကျော်သာဝေးပြီး တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသဖြစ်သည်။

စစ်တပ်က နတ်မောက်မြို့ပေါ်တွင်သာ တပ်စွဲထားနိုင်ပြီး မြို့နှင့် ငါးမိုင်ပတ်လည်အကွာထိ တော်လှန်ရေး အင်အားစုများ လှုပ်ရှားနေသည်။

သို့ဖြစ်ရာ တော်လှန်ရေးအင်အားစု အားကောင်းသည့် နတ်မောက်မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် စစ်တပ်က နယ်မြေရှင်းလင်းရေး မြေပြင်စစ်ကြောင်းထိုးနေသလို လေယာဉ်ဖြင့်လည်း မကြာခဏ ဗုံးကြဲလျက် ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button