သတင်း

စစ်တပ်နှင့်နီးသောလုပ်ငန်းများမှ ဝန်ထမ်းများ စစ်မှုထမ်းဆိုင်းငံ့ခွင့်ရမည်

စစ်သားသစ်စုဆောင်းရေးကို သင်္ကြန်အပြီး အရှိန်မြှင့်မည်ဖြစ်သော်လည်း စစ်တပ်နှင့် ဆက်စပ်သော လုပ်ငန်းများမှ ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်ခြင်း မပြုရန် ညှိနှိုင်း၊ တောင်းဆိုနေကြသည်။

သင်္ကြန်ပြီးပြီဖြစ်သဖြင့် စစ်ကောင်စီသည် ကြိုတင်ကြေညာထားသည့်အတိုင်း စစ်သားသစ်စုဆောင်းမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် ပြင်ဆင်နေသည်။

အရပ်သားများ စစ်ထဲမဝင်မနေရစနစ်သတ်မှတ်ခဲ့သည့် စစ်ကောင်စီစစ်မှုထမ်းဥပဒေအောက်မှ လူသစ်ဆင့်ခေါ်မှုများအတွက် နိုင်ငံ့စီးပွားရေး မပြိုလဲစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကဘဏ်၊ ခရိုနီကုမ္ပဏီနှင့် စစ်တပ်စီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများကို စစ်ထဲမသွင်းရန် စစ်ကောင်စီနှင့် ခရိုနီများအကြား အကြိုသဘောတူညီမှုများ ရထားသည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။

ရန်ကုန်အခြေစိုက် စက်မှုဇုန်ဥက္ကဋ္ဌများက စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို မကြာသေးမီက တွေ့ဆုံပြီးနောက် အရေးပါသည့်ဝန်ထမ်းများကို စစ်မှုထမ်းအတွက် ဆင့်ခေါ်ခြင်းမပြုရန် ယာယီသဘောတူခဲ့ကြသည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။

“(တွေ့ဆုံပွဲအပြီး) စက်မှုဇုန်ဥက္ကဋ္ဌတွေ ပြန်ပြောတာက ဒီစစ်မှုထမ်းဥပဒေကိစ္စကို အရမ်း မစိုးရိမ်ဖို့နဲ့ ဖြေလျှော့မှုတွေလည်း ရှိပါသေးတယ်ဆိုပြီး ပြောတယ်” ဟု ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဧပြီလဆန်းပိုင်းတွင် Myanmar Now ကို ပြောသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အခြေစိုက် စစ်ကောင်စီသင်တန်းကျောင်းတွင် ၂၀၂၄ ဧပြီ ၈ တွင် စတင်ဖွင့်လှစ်သည့် စစ်မှုထမ်းသင်တန်း။ (ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ)

ခရိုနီကုမ္ပဏီများ၊ စက်ရုံများက ၎င်းတို့အတွက် အရေးပါသည့် ကျွမ်းကျင်ဝန်ထမ်းများ စစ်မှုထမ်းစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအကျပ်ခေါ်ဆောင်ခြင်း မပြုရေးအတွက် စစ်ကောင်စီထံ အသနားခံစာတင်ရန် စစ်ကောင်စီနှင့် နီးစပ်သည့် UMFCCI ကို တိုက်တွန်းနေသည်။

အလုပ်ဆင်း အလုပ်တက်ချိန်တွင် စက်ရုံဝန်ထမ်းများ အဖမ်းခံရနိုင်သည်ဟု အထည်ချုပ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“စာရင်းပေါက်တာ မဲပေါက်တာက တော်သေးတယ်၊ အခုက ဒီအတိုင်းဆွဲခေါ်တာတွေ ကြုံနေရတာ။ စက်ရုံကနေ အလုပ်ဆင်းသွားတယ်၊ အဲဒီစက်ရုံကနေ ဆင်းသွားပြီးတော့ အိမ်ကို မရောက်သေးခင်၊ လမ်းမှာ အဆွဲခံရတာက ပြဿနာဖြစ်နေတာ” ဟု သူက ပြောသည်။

“အဲဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတော့ UMFCCI ဘက်ကို လုပ်ငန်းရှင်တွေက စုပြီး တင်ပြကြတာရှိတယ်။ အလုပ်သမားသက်သေခံကတ်ပြားလို၊ အာမခံချက်ပေးနိုင်တဲ့ အသိအမှတ်ပြုကတ်တစ်ခုခု လုပ်ပေးဖို့”

စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့ရှိ စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ၂၀၂၄ ဧပြီ ၈ နံနက်ပိုင်းက ပြုလုပ်စဉ်။ (ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ)

ဘဏ်ဝန်ထမ်းများကို စစ်မှုထမ်းခြင်းမှ ဆိုင်းငံ့ထားပေးရန်လည်း ခရိုနီဘဏ်များနှင့် စစ်ကောင်စီတို့အကြား သဘောတူထားသည်ဟု စုံစမ်းသိရှိရသည်။

Mytel နှင့် MEC ကဲ့သို့သော စစ်တပ်စီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများလည်း စစ်မှုထမ်းဆိုင်းငံ့ခွင့်ရမည်ဟု ဆိုသည်။

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် ဖေဖော်ဝါရီလအတွင်းက စစ်တပ်ပိုင် Mytel နှင့် မိတ်ဖက်ကုမ္ပဏီများမှ ဝန်ထမ်း ၁၀၀ ခန့် နုတ်ထွက်စာတင်အပြီးတွင် ၎င်းတို့ကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးရန် စစ်တပ်ဘက်က သဘောတူညီခဲ့ခြင်းဟု Delta News Agency ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Mytel ကုမ္ပဏီ CEO ဘုတ်အဖွဲ့နှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းပြီးနောက် Mytel ကုမ္ပဏီလက်အောက် အလုပ်လုပ်နေစဉ် ကာလပတ်လုံး စစ်မှုထမ်းခွင့်ကင်းလွတ်ခွင့်ရမည်ဟု ဝန်ထမ်းများကို စာထုတ်အကြောင်းကြားခဲ့သည်ဟု အဆိုပါသတင်းတွင် တွေ့ရသည်။

အာဏာသိမ်းမှုဆန့်ကျင်သူဟု စွပ်စွဲသတ်ဖြတ်မှု၊ ရပ်ကွက်ကျေးရွာ မီးရှို့မှုများကြောင့် စစ်တပ် နာမည်အကြီးအကျယ်ပျက်ပြီး လူမုန်းများနေချိန်တွင် လူအင်အား အရေးတကြီးလိုနေသည့်စစ်တပ်က စစ်မှုထမ်းဥပဒေ ထုတ်လိုက်ခြင်း ဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့သည်၊ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြည်ပရန် ကာကွယ်ရေး ရည်ရွယ်သည့် ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

တပ်သားသစ်များစုဆောင်းရန်အတွက် စစ်မှုထမ်းဥပဒေ၏ နည်းဥပဒေအတည်မပြုရသေးသောကြောင့် မစိုးရိမ်ကြရန် စစ်ကောင်စီက မကြာခဏ ဝါဒဖြန့်နေခဲ့သော်လည်း လက်တွေ့တွင် အရပ်သားများ စစ်သင်တန်းတက်နေရပြီဖြစ်သည်။

Show More

Related Articles

Back to top button