သတင်း

တောင်ငူမြို့မှ အမျိုးသားတစ်ဦး စစ်ထဲဝင်ရန် မဲပေါက်ပြီးနောက် အဆုံးစီရင်သွား

ပဲခူးတိုင်း၊ တောင်ငူမြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် စစ်မှုထမ်းရန် မဲပေါက်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်မှုထမ်းရန် မဲပေါက်ပြီး‌နောက် ပဲခူးတိုင်း၊ တောင်ငူမြို့မှ လူငယ်အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဧပြီ ၉ ရက် နံနက်က ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ တောင်ငူမြို့၊ အမှတ် ၁၆ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်း (ခ) ကောက်ကောက် ဖြစ်သည်၊ ၎င်းသေဆုံးပြီး နောက်တစ်နေ့ (ဧပြီ ၁၀) တွင် နာရေးပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းအတောအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ မဲပေါက်တယ်လို့ လာပြောတယ်။ အဲ့ဒါ သူလည်း စိတ်ညစ်ပြီး အရက်တွေဘာတွေ သောက်တယ်ပြောတယ်၊ နောက် စိတ်ဓာတ်ကျပြီးတော့ တစ်နေ့က မနက်က ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချပြီး သတ်သေသွားတာ” ဟု ကိုအေးချမ်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

ကိုအေးချမ်း သေဆုံးချိန်တွင် ဇနီးနှင့် ကလေးငယ်နှစ်ဦး ကျန်ရစ်သည်။

ရုတ်တရက် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုက အလွန်ကြေကွဲဝမ်းနည်းနေပြီး မီဒီယာများနှင့် စကားပြောလိုစိတ်မရှိကြောင်း နီးစပ်သူများက ဆိုကြသည်။

ကိုအေးချမ်း သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်မှုမထမ်းလို၍ ကိုအေးချမ်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ကြောင်း‌ နောက်ထပ်မြို့ခံတစ်ဦးကလည်း အတည်ပြုသည်။

မြို့ပေါ်ရှိ စီးပွားရေးတောင့်တင်းပြီး၊ စစ်မှုမထမ်းလိုသော မိသားစုများကို ပစ်မှတ်ထားကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အကျပ်ကိုင်ကာ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟုလည်း ထိုသူက ဆိုသည်။

“မြို့ပေါ် စီးပွားရေးတောင့်တင်းတဲ့ အသိုင်းအဝိုင်းမှာ ပိုရိုက်ခတ်တယ်၊ ငွေညှစ်တာတွေလည်း ကြားရတယ်” ဟု အထက်ပါ တောင်ငူမြို့ခံ အမျိုးသားက ပြောသည်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မီးလောင်စခန်းရွာမှာ မွတ်စလင်လူငယ်အမျိုးသားတစ်ဦးမှာလည်း မတ်လကုန်ပိုင်းက စစ်မှုထမ်းရန် ခေါ်ဆောင်သွားခံရပြီး ၄ ရက်အကြာတွင် သေဆုံးခဲ့သည်။

သေဆုံးသူမှာ စစ်မှုထမ်းရန် မဲပေါက်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ကိုကိုလတ် ခေါ် အမာနွတ်လာ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံ၌ သေဆုံးသွားခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မကြုံစဖူး စစ်သည်အင်အား ပြုန်းတီးလာသည့် စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ တွင် အသက်သွင်းခဲ့သည်။

ထို့နောက် အသက် ၁၈ မှ ၃၅ နှစ်ကြား လူငယ်အမျိုးသားများကို စစ်ကောင်စီက စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းများ ပြီးခဲ့သည့် မတ်လအတွင်း စတင်ခဲ့သည်။

စစ်သင်တန်းများကို သင်္ကြန်ပြီးမှ စမည်ဟု စစ်ကောင်စီက ပြောထားသော်လည်း မြေပြင်တွင် စစ်သင်တန်းများ စတင်နေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button