သတင်း

တိုက်ကြီးမြို့ဒေသခံတစ်ဦး စစ်မှုထမ်းရန် ခေါ်ခံရပြီး ၄ ရက်အကြာတွင် သေဆုံး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မီးလောင်စခန်းရွာမှ အမျိုးသားတစ်ဦး စစ်မှုထမ်းရန် ခေါ်ဆောင်သွားခံရပြီး ၄ ရက်အကြာတွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ စစ်မှုထမ်းရန် မဲပေါက်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ကိုကိုလတ် ခေါ် အမာနွတ်လာဖြစ်ပြီး မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံ၌ သေဆုံးသွားသည်ဟု အမည် မဖော်လိုသည့် ဒေသခံနှစ်ဦးက ပြောသည်။

အဆိုပါမွတ်စလင်အမျိုးသားသည် မတ် ၂၈ နံနက် နံနက်တွင် တိုက်ကြီးမြို့ပေါ်တွင် သွေးစစ်ကာ အခြား သင်တန်းသားသစ်များနှင့်အတူ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ တပ်ရင်းတစ်ခုကို လိုက်ပါ သွားကြောင်း သူနှင့် နီးစပ်ခဲ့သူတစ်ဦးက ပြောသည်။ 

“ရောက်ရောက်ချင်း သင်တန်းပေးရင်း လူအင်အားပြဖို့ ခေါ်သွားတယ်။ အကအခုန်နဲ့ ဖျော်ဖြေရေးနဲ့ပေါ့။ သူတို့ (စစ်သားအဖြစ် စုဆောင်းခံရသူတွေကို) ပျော်အောင်လို့ ပျော်ပွဲရွှင်ပွဲလုပ်ပေးတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုသူသည် အရက်သောက်တတ်သော်လည်း ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း၊ စစ်ဆေးရုံတွင် အရက်ဖြတ် ဆေးထိုးကာ အခြားပိုးသတ်ဆေးနှင့် Glucose (ဂလူးကို့စ်) ပုလင်းကြီးများ ချိတ်ပေးကြောင်း သိရသည်။

ဆေးရုံတက်နေစဉ် မိသားစုက သွားရောက်တွေ့ဆုံရန် ကြိုးပမ်းသော်လည်း စစ်စည်းကမ်းအရဟု ဆိုကာ တွေ့ခွင့်မပေးကြောင်း၊ မတ်လ ၃၁ နေ့လယ်အထိ ဖုန်းအဆက်သွယ်ရခဲ့ကြောင်း ထိုသူက ဆိုသည်။ 

“ဗိုလ်မှူးတွေကို တောင်းတောင်းပန်ပန်နဲ့ ဘာသာရေးအရ ဗိုက်တွေဘာတွေ မခွဲပါနဲ့ဆိုပြီး ဖုန်းနဲ့ပဲ ပြောရတာပေါ့။ အဆင့်ဆင့် အထက်ကို အကြောင်းကြားပြီး ရပ်ကျေးဥက္ကဋ္ဌ ထောက်ခံချက်တွေယူပြီး အမာနွတ်လာ အသုဘကို ပြန်ထုတ်လာတယ်။ ပြီးတော့ သင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

 ကျပမ်းအလုပ်သမားတစ်ဦးဖြစ်သည့်ထိုသူတွင် ၄ နှစ်အရွယ်နှင့် ၃ လသားအရွယ် သားနှစ်ဦး၊ ဇနီး ဖြစ်သူတို့ ကျန်ခဲ့ကြောင်း သိရသည်။ 

အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရန် စစ်ကောင်စီက စာရင်းကောက် ယူခြင်း၊ မဲနှိုက်ခြင်းများ ပြီးခဲ့သည့် မတ်လအတွင်း စတင်ဆောင်ရွက်ခဲ့သည်။ 

အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် သင်္ကြန်ရုံးပိတ်ရက်များအပြီး မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်အပြီးတွင် စတင်ခေါ်ယူမည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုသော်လည်း လက်တွေ့တွင်မူ စစ်မှုထမ်းစာရင်းထဲ ပါဝင်နေသူများကို အလျင်စလိုခေါ်ယူနေကြောင်း သိရသည်။ 

စစ်မှုထမ်းခေါ်ယူမှုကို ၆ လခန့်ရပ်ဆိုင်းသည်ဟု ကောလဟလမျိုးစုံကြောင့် သင်တန်းတက်ရန် အချိန်ကြာ ဦးမည်ဟု ထင်နေချိန် ကိုကိုလတ်ကို စစ်ကောင်စီက အလျင်စလိုခေါ်ဆောင်သွားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

၎င်းသေဆုံးသွားခြင်းမှာ စစ်တပ်ကြောင့်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုကိုလတ်သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးဌေးအောင်ကို ဆက်သွယ်သော်လည်း တုန့်ပြန်ခြင်းမရှိပေ။ 

အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်း ရမည်ဖြစ်ကာ ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်နိုင်သည်ဟု ပြဌာန်းထား သည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။စစ်တပ်ထဲ အတင်းအကျပ် ခေါ်နေခြင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံ ခိုလှုံမည့် လူငယ် များရှိနေသည့် နည်းတူ ပြည်ပသို့ ရရာ နည်းလမ်းဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသူများလည်း ရှိနေသည်။

Show More

Related Articles

Back to top button