သတင်း

မြင်းခြံမြို့နယ် ကျေးလက်ဒေသ နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက် မြစ်ရိုးတစ်လျှောက်တွင် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို မီးတင်ရှို့ခဲ့သည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက် မြစ်ရိုးတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်က မီးတင်ရှို့သဖြင့် ရွာ ၅ ရွာမှ နေအိမ် ၃၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တပ်က ဧပြီ ၂၀ ရက်နေ့တွင် ဆင်ချောင်း (တောင်ရွာ) မှ အိမ်ခြေ ၆၀ ကျော်၊ ဆင်ချောင်း (မြောက်ရွာ) မှ အိမ်ခြေ ၇၀ ကျော်နှင့် ညောင်တိုရွာမှ နေအိမ်များကိုလည်းကောင်း၊ ဧပြီ ၂၁ ရက်နေ့တွင် ကိုင်းရွာမှ အိမ်ခြေ ၂၀၀၊ ရန္တပိုရွာမှ အိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ စိုင်းဂျာလူက ပြောသည်။

ညောင်တိုရွာ၊ ရန္တပိုရွာတို့မှ မီးလောင်သွားသည့် အိမ်အရေအတွက်ကို မသိရသေးပေ။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြင်းခြံမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြင်းခြံခရိုင် အမှတ်(၂) PDF တပ်ရင်းနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်များက ဒေသအတွင်းမှ စစ်ရေးပစ်မှတ်လေးခုကို ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ ဖွဲ့ထားသော ရွာတချို့ကို သိမ်းပိုက်ခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၂) PDF တပ်ရင်းမှူး ဗိုလ်သိကြားက ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေး ကြည်ရွာတွင် အထိုင်ချသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မြင်းခြံမြို့ ခမရ (၁၅)၊ ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောနှင့် ဆီမီးခုံရဲစခန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးနှင့် ဒရုန်းတို့ကို သုံးပြီး တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“အရင်တုန်းက မိုင်းဆွဲရတယ်။ ပစ်ပြီးတော့ ပြေးရတယ်။ အခုတော့ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စခန်းကြီးတွေကို ဝင်သိမ်းတယ်။ ပထမဆုံးစသိမ်းတာက ကိုင်းရွာ စစ်တပ်အထိုင်စခန်းကို သိမ်းတယ်။ ပြီးတော့ ညောင်တိုပျူရွာကို သိမ်းတယ်။ အခုနောက်ဆုံး ကြည်ရွာကို ထပ်သိမ်းတယ်။ နောက်ထပ်လည်း ဆက်တိုက် စစ်ရေးအစီအစဉ်တွေချထားပါတယ်” ဟု သူက ဆိုသည်။

ကြည်ရွာတွင် စစ်သားများ၊ စစ်တပ်က လက်နက်တပ်ဆင်ထားသည့် ပျူစောထီးများ စုစုပေါင်းအင်အား ၈၀ အထိုင်ချပြီး ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောများကို ကုန်လမ်းကြောင်းမှ ကာပေးထားသည့်စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။ တိုက်ပွဲဆက်တိုက်ဖြစ်နေသည့် ထိုနေရာ၏ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်တို့ တည်ရှိနေသည်။

ဧပြီ ၂၀ ရက်နေ့က ကြည်ရွာကို တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ အကျအဆုံးရှိပြီး ၆၀ မမ စိန်ပြောင်း၊ MA 3 မောင်းပြန်ရိုင်ဖယ်နှစ်လက်သိမ်းပိုက်ရရှိခဲ့သည်၊ တော်လှန်ရေးတပ်များဘက်မှလည်း စစ်ဆင်ရေးအရာရှိတစ်ဦး ကျဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သည်ဟု ဗိုလ်သိကြားက ပြောသည်။

မြင်းခြံ ခမရ (၁၅) ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့သလို ဆီမီးခုံဆိပ်ကမ်းရှိ သင်္ဘောနှစ်စီးအနက် တစ်စီး ထိခိုက်သွားသည်ဟု သတင်းရရှိထားကြောင်း သူက ဆိုသည်။

ထိုတိုက်ခိုက်မှုများအပြီး မြင်းခြံမြို့မြောက်ဘက် ၈ မိုင်ခန့်အကွာ တလုပ်မြို့တွင် အထိုင်ချထားသည့် စစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဧပြီ ၂၀ နေ့လယ်ပိုင်းမှစတင်၍ ဧရာဝတီမြစ်တစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။

ဧပြီ ၂၀ မှ ၂၂ အထိ တလုပ်မြို့မြောက်ဘက် ဆင်ချောင်း၊ ညောင်တို၊ ရန္တပို၊ ကိုင်းနှင့် ဂင်ဂဲ့ရွာတို့ကို စီနင်းဝင်ရောက်ခဲ့ကာ ယမန်နေ့တွင် ဂင်ဂဲ့ရွာအနီးတွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်၊ ယခုအခါ ထိုစစ်ကြောင်းသည် ငါန်းဇွန်မြို့နယ် ဆီမီးခုံမြို့ကို ဦးတည်နေသည်ဟု သိရသည်။

“ဆင်ချောင်းရွာကို စဝင်တယ်ပေါ့။ စဝင်ဝင်ချင်းမှာပဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်ရောက်တယ်။ အဲ့ဒီမှာ တပ်ရင်းတပ်ဖွဲ့တွေက အပြန်အလှန်ပစ်ခတ်မှု နည်းနည်းလုပ်နိုင်ခဲ့တယ်။ အဲ့ဒီမှာ သာလွန်အင်အားကြောင့် နောက်ဆုတ်ခဲ့ရတယ်” ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ စိုင်းဂျာလူက ပြောသည်။

စစ်ကြောင်းဝင်သည့် ကျေးရွာများမှ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆေးဝါးနှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေကြောင်း သူက ပြောသည်။

ထိုစစ်ကြောင်းသည် ဧပြီ ၂၁ နေ့လယ်တွင် ကိုင်းရွာကို မီးတင်ရှို့ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်ညွန့်ရွှေကို သတ်ဖြတ်ကြကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ကိုင်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒေါ်ညွန့်ရွှေကို PDF ခေါင်းဆောင်ရဲ့အမေဖြစ်တယ်ဆိုပြီး နားထင်ကို သေနတ်နဲ့ ပစ်သတ်သွားတာပဲ။ အဲ့ဒီကလေးလေးကတော့ ယူကျုံးမရဖြစ်နေတာပေါ့။ ပစ်သတ်ပြီး ထားခဲ့တော့ အခုတော့ ဘုန်းကြီးနဲ့ သရဏဂုံတင်ပြီးတော့ သင်္ဂြိုဟ်ပြီးသွားပါပြီ” ဟု သူက ဆိုသည်။

ကိုင်းရွာသည် ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရပြီး ဒေသခံတို့မှာ စစ်ကောင်စီရန်ကို ကြောက်၍ နီးစပ်ရာဆွေမျိုးများထံ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်နှင့် ယခုလ ဧပြီလအတွင်း မြင်းခြံမြို့နယ်တွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က နေအိမ်အများအပြားမီးရှို့သွားသလို ဒေသခံ ၁၄ ဦးထက်မနည်းကိုလည်း သတ်ဖြတ်သွားကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီက ထိုဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသလို ၎င်းတို့က ပြည်သူတို့ကို အကာအကွယ်ပေးနေကြောင်း ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူ့နေအိမ်ပေါင်း ၈၃,၇၄၆ လုံး ဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar အဖွဲ့၏ ၂၀၂၄ မတ်လကုန်အထိ မှတ်တမ်းပြုချက်အရ သိရသည်။

စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြန့်ကြက်ထားပြီး အစစ်အဆေးတင်းကြမ်းသည့် မြင်းခြံခရိုင်တွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက စစ်တပ်အထိုင်ချနေရာနှင့် လှုပ်ရှားစစ်ကြောင်းများကို မကြာခဏတိုက်ခိုက်နေသည်။

မြင်းခြံခရိုင်သည် အာဏာသိမ်းပြီးနောက် ကနဦးပေါ်ပေါက်လာသော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှု အားကောင်းခဲ့သလို အာဏာရှင်အမြစ်ဖြတ်ရန် ရည်ရွယ်သည့် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အရှိန်မသေသွားပေ။

ထိုခရိုင်တွင် NUG လက်အောက်ခံ PDF တပ်ရင်း ၈ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။ မြို့နယ်အတွင်း တိုက်ပွဲများ အရှိန်မြင့်ရန် ရည်မှန်းနေသော်လည်း ခဲယမ်းအားနည်းချက်ရှိနေကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များက နယ်စပ်ဒေသရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေချိန် နိုင်ငံအလယ်ပိုင်းတွင်လည်း ဗုံးသီးချခြင်း၊ မိုင်းဆွဲခြင်းနှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏရှိနေသည်ဟု တောင်သာ၊ မြင်းခြံ၊ နွားထိုးနှင့် ငါန်းဇွန် မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

Show More

Related Articles

Back to top button