သတင်း

မန္တလေးမြို့ပေါ်ရှိ သင်္ကြန်ရေကစားမဏ္ဍပ် ဖောက်ခွဲခံရ

စစ်ပွဲများ၊ သတ်ဖြတ်မှုများ၊ မီးရှို့မှုများနှင့် မလှမ်းမကမ်းတွင် ရှိသည့် မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် ပျော်ပွဲရွှင်ပွဲ ပြင်ဆင်မှုများကို တော်လှန်ရေးအင်အားစုတချို့က ပစ်မှတ်ထားခဲ့သည်။

ယမန်နေ့ (ဧပြီ ၉ ရက်) တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း ဆောက်လက်စ သင်္ကြန်ရေကစားမဏ္ဍပ်တစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားနှစ်ဖွဲ့က ထုတ်ပြန်သည်။

၇၃ လမ်းပေါ် (၁၀၅ နှင့် ၁၀၆ လမ်းကြား) ဈေးဝယ်စင်တာ၏ မြောက်ဘက် ဝင်ပေါက်ရှေ့တွင် တည်ရှိသော ထိုမဏ္ဍပ် ယမန်နေ့ နံနက် ၉ နာရီခန့်က တိုက်ခိုက်ခံရစဉ် လူအသေအပျောက်မရှိကြောင်း၊ အနီးရှိ အဆောက်အအုံ အနည်းငယ်ထိခိုက်ပျက်စီးသွားကြောင်း မြို့ခံများက ပြောကြသည်။

ကမ္ဘောဇ အာမခံကုမ္ပဏီအဆောက်အအုံတွင် မှန်များ ကွဲသွားသည်ဟု မင်္ဂလာမန္တလေးဈေးဝယ်စင်တာမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“အသံကြီးက အကျယ်ကြီးပဲ။ စင်တာအတွင်းကနေတောင် ကြားရတယ်။ အစက ကားဘီးပေါက်သလိုလို ဘာလိုလိုနဲ့ လူတွေ အုံလာလို့ ထွက်ကြည့်ကြမှ မိုင်းကွဲမှန်း သိရတယ်။ အထိအခိုက်က ဘေးနားအဆောက်အအုံ မှန်ချပ်တွေပဲ ကွဲကုန်တာ” ဟု ထိုအမျိုးသမီးက ပြောသည်။

ထို့နောက် အနီးရှိ အိန္ဒိယကောင်စစ်ဝန်ရုံး၌ အစောင့်ကျနေသည့် စစ်သားနှင့် ရဲများ ချက်ချင်း ရောက်လာပြီး စစ်ကားတစ်စီးလည်း ရောက်လာကြသည်၊ တိုက်ခိုက်ခံရသည့်နေရာအနီး စစ်ဆေးသလို ထိုလမ်းပေါ်ရှိ နေအိမ်များမှ လုံခြုံရေးကင်မရာ (CCTV) များကို ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုတိုက်ခိုက်မှုကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော Special Tesk Force-Mandalay(STF-MDY) နှင့် အောင်စည်တော်စစ်ဆင်ရေးအဖွဲ့ (AST-MDY)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ယမန်နေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် မင်္ဂလာဟိုတယ်၊ စစ်ကောင်စီ လက်အောက်ခံစည်ပင်သာယာဌာနတို့ ပူးပေါင်းဆောက်လုပ်နေသည့် မြို့တော်ဗဟိုမဏ္ဍပ်ထက်ပင် ခမ်းနားသည့် အဆိုပါရေကစားမဏ္ဍပ်ကို မိုင်းဖြင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးမြို့နှင့်ကပ်လျက် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ စစ်ကိုင်းမြို့ကျော်လျှင်ပင် စစ်မီးတောက်နေသည်ကို သိရှိပါလျက် အများစစ်ဘေးရှောင်နေချိန်၊ တော်လှန်ရေးတိုက်ပွဲဝင်နေချိန်တွင် ပျော်ရွှင်နေသူများကို ညှာတာတွေးတောပေးမည်မဟုတ်ကြောင်း ပါရှိသည်။

စစ်ကောင်စီနှင့်ပတ်သက်သည့် မည်သည့်ပစ်မှတ်မဆို တိုက်ခိုက်မှုများ အရှိန်မြှင့်ဆက်လက်လုပ်ဆောင်သွားမည်၊ သင်္ကြန်ကာလတွင် လူစည်ကားသည့်မဏ္ဍပ်များကို အထူးသတိပေးသည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် အထက်ပါရေကစားမဏ္ဍပ်ကို မန္တလေးမြို့ရှိ New Star Light ကုမ္ပဏီက ဆောက်လုပ်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက ယခုနှစ် မန္တလေးသင်္ကြန်ကို စည်ကားအောင်ပြုလုပ်မည်ဟု ကြုံးဝါးထားပြီး၊ မြို့ခံစီးပွားရေးသမားများကိုလည်း သင်္ကြန်အတွက် ပူးပေါင်းပါဝင်ရန် ညွှန်ကြားထားကာ ၎င်းတို့က လုံခြုံရေးတာဝန်ယူမည်ဟု စည်းရုံးထားသည်။

စစ်တပ် အာဏာသိမ်းထားသည့် ၃ နှစ်ကျော်အတွင်း ယခုနှစ်သင်္ကြန်အတွက် မန္တလေးကျုံးပတ်လည်တွင် ရေကစားမဏ္ဍပ် အများဆုံးဆောက်လုပ်ထားပြီး လူစည်ကားသည့် ၇၃ လမ်းပေါ်တွင် ဖောက်ခွဲခံရသည့် မင်္ဂလာမန္တလေးမဏ္ဍပ်အပြင် မြို့၏ အနောက်ဘက် ကမ်းနားလမ်းတွင်လည်း မဏ္ဍပ်များ တိုးချဲ့ဆောက်လုပ်နေသည်။

မန္တလေးမြို့နှင့် တစ်နာရီကျော်ခရီးအကွာအဝေးသာဖြစ်သည့် မန္တလေးတိုင်း မတ္တရာနှင့် မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီက လူသတ်၊ နေအိမ်မီးရှို့မှုများ ကျူးလွန်နေသည်၊ စစ်ကောင်စီ၏ဟန်ပြသင်္ကြန်ကို မပူးပေါင်းသင့်ဟု မြို့ခံ တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။

ဧပြီ ၅ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်း ချမ်းမြသာယာရပ်ကွက်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အရပ်သား၂ ဦး သေဆုံးကာ ဒုမြို့နယ်လဝကမှူး အပါအဝင် ဝန်ထမ်းသုံးဦးနှင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

အဖမ်းအဆီး ဆက်တိုက်ရှိလာ

ဧပြီ ၇ တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ “လာဘ်ရွှင်မြန်မာ့စားသောက်ကုန်လုပ်ငန်း ”ပိုင်ရှင် မဟေမာ၊ ဧပြီ ၈ တွင် ချမ်းမြသာစည်မြို့နယ် ၁၀၉ (ဘီ) လမ်း ( ၆၇ နှင့် ၆၈ လမ်းကြား) ရှိ “Optimum GYM’’ အမည်ရှိ အားကစားခန်းမ ပိုင်ရှင် အသက် ၃၀ ဝန်းကျင်အရွယ် မဖြိုးသွယ်နှင်း၊ ၃၀ ကျော်အရွယ် ကိုလင်းထက်အာကာတို့ ဖမ်းဆီးခံရသည်။

၎င်းတို့၏နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများ ချိပ်ပိတ်ခံရသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီကို ဆန့်ကျင်ရေးသားမှုစွဲချက်ဖြင့် ဖမ်းဆီးရန် စစ်တပ်၏ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများက လှုံ့ဆော်ခဲ့ကြပြီးနောက် နေအိမ်များတွင် ရိုက်နှက်၍ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထို့ပြင် အကြမ်းဖက်အားပေးသည်ဟု စွပ်စွဲပြီး ပိုင်ဆိုင်သည့်နေအိမ်၊ ဆိုင်ခန်းနှင့် အားကစားခန်းမတို့ကိုလည်း ချိပ်ပိတ်သွားသည်ဟု မန္တလေးမြို့ခံ အသက် ၃၅ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး။ ဖမ်းသွားပြီး ဘာမှမသိရဘူး။ အရမ်းစိုးရိမ်နေပါတယ်” ဟု စားသောက်ကုန်လုပ်ငန်းမိသားစုနှင့် နီးစပ်သူလည်းဖြစ်သော ထိုသူက ဆိုသည်။

၎င်းတို့ကို ဆန့်ကျင်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့်နှစ် နှစ်ကုန်ခန့်က ၄ လအတွင်း ရဟန်း၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ကြီးရွယ်အိုများအပါအဝင် မန္တလေးမှ လူ ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများ ချိပ်ပိတ် သိမ်းဆည်းခဲ့သည်။

Show More

Related Articles

Back to top button